"သူတော်ကောင်းတို့ရဲ့ လူသတ်နည်း"
.------------------------------------------
တစ်ခါတုန်းက "ကေသိ"လို့ခေါ်တဲ့ မြင်းဆရားကြီးတစ်ယောက် ရှိပါတယ်။
သူဟာမြင်းတွေကို ဆုံးမတဲ့နေရာမှာ ကျွမ်းကျင်လွန်းသောကြောင့် "မြင်းဆရာကေသိ" ဆိုပြီး အလွန်နာမည်ကြီးသူ ဖြစ်ပါတယ်။
တစ်နေ့သောအခါမှာ ကေသိမြင်းဆရာကြီးဟာ မြတ်စွာဘုရား သီတင်းသုံးရာကျောင်းတော်ကို ရောက်ရှိလာပါတယ်။
ကေသိနဲ့တွေ့တဲ့အခါကျ မြတ်စွာဘုရားက
"မြင်းဆရာကြီးကေသိ၊ သင်ဟာမြင်းတွေကို လိမ္မာယဉ်ကျေးအောင် ဘယ်လိုဆုံးမပါသလဲ"လို့ မေးတဲ့အခါမှာ
မြင်းဆရာကြီးကေသိက"အရှင်ဘုရား တပည့်တော်ဟာ မြင်းတွေကို လိမ္မာယဉ်ကျေးအောင်
အနုနည်း၊ အကြမ်းနည်း (၂)မျိုးကို အသုံးပြုပြီး ဆုံးမပါပါတယ်ဘုရား"ဟု ဖြေကြားပါတယ်။
"အကယ်၍ သင်ပြောတဲ့ နည်း(၂)မျိုးလုံးနဲ့မှ မယဉ်ကျေးရင် ဘယ်လိုလုပ်ပါသလဲ"
"အဲဒိမြင်းကိုသတ်လိုက်ပါတယ်ဘုရား"
"ဘာကြောင့်သတ်လိုက်တာလဲ မြင်းဆရာကြီး"
"ဒီမလိမ္မာတဲ့ မြင်းကိုကြည့်ပြီး တစ်ခြားမြင်းတွေပါလိုက်ပြီး အတုခိုးမယ်ဆိုရင် တစ်ခြားမြင်းတွေကို ဆုံးမလို့ မရနိုင်တဲ့အတွက်ကြောင့် မလိမ္မာတဲ့မြင်းကို သတ်ပစ်လိုက်ပါလို့ တပည့်တော်တို့ရဲ့ ဆရာစဉ်ဆက် မှာကြားခဲ့သောကြောင့် ဖြစ်ပါတယ်အရှင်ဘုရား"လို့ ဖြေကြားပြီးတဲ့အခါမှာ သူကပြန်လည်ပြီး ဘုရားရှင်ကို မေးပါတယ်။
"အရှင်ဘုရားအနေဖြင့် သတ္တဝါတွေကို လိမ္မာယဉ်ကျေးအောင် ဘယ်လိုဆုံးမပါသလဲ ဘုရား"
"မြင်းဆရာကေသိ၊ ငါဟာလဲ သတ္တဝါတွေကို အနုနည်း၊ အကြမ်းနည်းဖြင့်ဆုံးမပါတယ်။
အနုနည်းဖြင့် ဆုံးမခြင်းဆိုတာ ကိုယ်အားဖြင့် ကောင်းတာလုပ်ခြင်းဆိုတဲ့ ကာယသုစရိုက်၊ နှုတ်အားဖြင့် ကောင်းတာပြောဆိုခြင်းဆိုတဲ့ ဝစီသုစရိုက်၊ စိတ်အားဖြင့် ကောင်းတာကြံခြင်းဆိုတဲ့ မနောသုစရိုက်၊ အဲ့ဒိသုစရိုက်သုံးပါးနဲ့နေရင် လူ့ပြည်၊ နတ်ပြည်တွေမှာ ကောင်းကျိုးခံစားရမယ် ဆိုတဲ့ နည်းလမ်းဟာ အနုနည်းနဲ့ဆုံးမခြင်းဖြစ်တယ်။
အကြမ်းနည်းနဲ့ ဆုံးမခြင်းဆိုတာ မိမိတို့ရဲ့ ကိုယ်၊နှုတ်၊စိတ်သုံးပါးဟာ မကောင်းတဲ့ ဒုစရိုက်တွေကို ပြုလုပ်နေမယ်ဆိုရင် အပါယ်လေးဘုံမှာ ကျင်လည်နေရလိမ့်မယ်လို့ ဆုံးမခြင်းဖြစ်တယ်။
ဒါဆိုရင် အရှင်ဘုရားအနေဖြင့် အနုနည်း၊ အကြမ်းနည်းဖြင့် ဆုံးမပေမယ့် လိမ္မာယဉ်ကျေးမလာရင် ဘယ်လိုပြုလုပ်ပါသလဲဘုရား။
"အဲဒိလူကို သတ်ပစ်လိုက်ပါတယ် မြင်းဆရာကေသိ"
ဒီစကားကြားတော့ မြင်းဆရာကြီးလန့်သွားပြီးတော့ "မြတ်စွာဘုရား သူ့အသက်သတ်ခြင်းဟာ အပြစ်ရှိတယ်လို့ အရှင်ဘုရားပဲ ဟောထားထားတယ်လေဘုရား"။
ဟုတ်တယ်ကေသိ၊ ဒီနေရာမှာ အသက်သတ်တယ်ဆိုတာ သူ့ရဲ့အသက် သတ်တာကို ပြောတာမဟုတ်ဘူး။
အနုနည်း၊ အကြမ်းနည်းနဲ့ ဆုံးမလို့မှ မယဉ်ကျေးရင် အဲဒိလူကို ဆုံးမထိုက်သူဟု အသိအမှတ်မပြုခြင်းကိုပင် သတ်တယ်လို့ခေါ်ပါတယ်။
လူဆိုတာသူတော်ကောင်းတွေရဲ့ ဆုံးမမှု့ကို မခံယူရရင် သေသွားတာနဲ့ အတူတူပဲဖြစ်ပါတယ်။
အဲဒိတော့----- တန်ဖိုးရှိတဲ့ လူတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် သူတော်ကောင်းတွေရဲ့ အဆုံးအမကို ခံယူကျင့်သုံးရမှာ ဖြစ်ပါတယ်။
သူတော်ကောင်းတွေရဲ့ အဆုံးအမကို မနာခံ၊ မကျင့်သုံးဘူးဆိုရင် သူတော်ကောင်းတွေသတ်တာ ခံရမှာဖြစ်ပါတယ်။
သူတော်ကောင်းတွေသတ်ရင် အပါယ်ငရဲကို ရောက်ရပါလိမ့်မယ်။
ဒါကြောင့် ---- သူတော်ကောင်းတွေရဲ့ အဆုံးအမကို ခံယူပြီး တန်ဖိုးရှိသော လူတစ်ယောက်ဖြစ်အောင် ကြိုးစားနိုင်ကြပါစေဟု ဆန္ဒပြုလျှက်.......
CREDIT Original post မေတ္တာ စစ်သည်တော်
No comments:
Post a Comment