Thursday, July 18, 2019

ဘုရင်​ခံ​နေသည့်​အိမ်

တကယ်တော့ ကျနော်တို့ ခေါင်းရင်းအိမ်မှာနေတဲ့ ခေါကြီး ဆိုတာ လူမိုက်ဗျ။ သူလူမိုက်မှန်းဘာကြောင့်သိလဲဆိုတော့ ရပ်ကွက်ထဲမှာ ကျော်ဇော တွေ ဖမ်းပြီဆို ထိပ်ဆုံးက ပါသွားတာ သူ ချည်းပဲ။ ကျော်ဇော ဆိုတာက နာမည်ဆိုးနဲ့ ကျော်ကြားတဲ့သူ ရာဇ၀တ်အမှုအခင်းကျူးလွန်ဖူးတဲ့ လက်စလက်နရှိသူလို့ ဆိုနိုင်မလားပဲ။

ပွဲလမ်းသဘင် အခမ်းအနားတွေ ရှိလာရင်လည်း သူ့ခမျာ စောင့်ကြည့်ခံရတယ်။ နယ်ကိုလည်း ထွက်သွားလို့မရဘူး။ သူက ခံဝန် နဲ့ နေရတာ။ ခံဝန်နဲ့နေတယ်ဆိုတာက ရဲစခန်းက သူ့ကို အချိန်မရွေးခေါ်စစ်တာကို လက်ခံပေးရတယ်။ လက်ရှိလိပ်စာမှာပဲနေရတယ်နဲ့တူပါတယ်။ ရဲစခန်းသွားသွားပြီး လက်မှတ်ထိုးရသလား ရပ်ကွက်ရုံးမှာပဲ လက်မှတ်သွားသွားထိုးရသလားတော့ မမှတ်မိတော့ဘူး။

ကိုယ့်မြို့နယ်ထဲ အမှုအခင်း တွေ ဖြစ်ပြီဟေ့ဆိုရင် နယ်ထိန်းက ခေါကြီး ကို အရင် လာဆွဲစိတာပဲ။ တခါတလေ ကျော်ဇော ဖမ်းမယ့်သတင်းက ပေါက်ကြားတတ်တယ်။ ပေါက်ကြားရင် ခေါကြီး ပုန်းပြီ။ ပုန်းလို့လွတ်သွားရင် သက်သာတယ်လေ။

အဲ့ဒီလို ပေါက်ကြားတဲ့ တစ်နေ့ပေါ့ ….
ညလူခြေတိတ်ချိန်လောက်ကြီး ကျော်ဇောတွေ ဖမ်းတဲ့သတင်းက ရပ်ကွက်ထဲရောက်လာတယ်။ ခေါကြီးသိတော့ ည ၁၁ နာရီလောက်ရှိနေပြီ။ ခွေးတွေကလည်း အူ လိုက်တာ မြိုင်နေတာပဲ။  ရဲတွေကလည်း ရပ်ကွက်ထဲဝင်လာပြီ။ ခေါကြီး ကြံရာမရတဲ့အဆုံး အိမ်နောက်ဖေးကနေ သူများဝင်းထရံတွေ တိုးဝှေ့ပြီး ထွက်ပြေး ပုန်းတယ်။

ရပ်ကွက်ဆိုတာလည်း သိတဲ့အတိုင်းပဲ နောက်ဖေးလမ်းကြိုလမ်းကြားမှာ အိမ်သာတွေ အမှိုက်တွေနဲ့ပွနေတာဆိုတော့ ခေါကြီးအတွက် ပုန်းရလွယ်တယ်လေ။ မှောင်ကလည်း မှောင်နေတော့ ခေါကြီးအတွက် ကာပေးထားသလိုပဲ။ ရဲတွေကလည်း အိမ်မှာခေါကြီးကို မတွေ့တော့ တစ်လမ်းဝင်တစ်လမ်းထွက် လက်နှိပ်ဓါတ်မီးတွေ ထိုးပြီး ရှာကြတာပေါ့။ လမ်းကြိုလမ်းကြားတွေ အကုန် ပိုက်စိပ်တိုက်ရှာပေမယ့် ဘယ်လိုမှမတွေ့တဲ့အဆုံး ရဲတွေမှာ လက်လျော့ပြီး ပြန်ကြရတယ်။ ပြန်လို့မှ လမ်းတစ်ဝက်မရောက်သေးဘူး ရဲတွေ အုပ်စု လိုက် လမ်းလျှောက်နေတဲ့အုပ်ထဲကို လူတစ်ယောက် ကမူးရှူးတိုးပြေးဝင်လာတယ် ….
အကုန် ၀ရုန်းသုန်းကား ဖြစ်ကုန်တယ်။
သေသေချာချာ ကြည့်တော့ … ခေါကြီး
ဘယ်လိုဖြစ်တာလဲ မေးကြည့်တော့ ပုန်းနေရင်း သရဲကြောက်လာလို့ .... တဲ့။

ပါသွားရော … သရဲကြောက်တဲ့ လူမိုက် ခေါကြီး ၂ ပတ် ထိန်းခံလိုက်ရတယ်။

အဲ့ဒီတော့မှ ခေါကြီး အကြောင်းကို စဉ်းစားမိတယ် …
လူမိုက်သာဆိုတယ် ဘယ်တုန်းကမှ သူများကို ခုတ်လာခဲ့တာ ထစ်လာခဲ့တာမျိုးလည်း တစ်ခါမှ မကြားဖူးဘူး။ ရန်တွေဘာတွေဖြစ်ရင် ငှက်ကြီးတောင်ကြီး ဆွဲထွက်သွားတာမျိုးတွေ့ဖူးပေမယ့် ပြန်လာရင် သူခံလာရတာချည်းပဲ။ ကိုယ့်မျက်စိရှေ့ ချကြပြီဆိုတိုင်း လည်း သူခံရတာချည်းပဲ။ ဒီကြားထဲ သရဲကလည်း ကြောက်သေးတယ်။

သူဘယ်လို လူမိုက်ဖြစ်တာပါလိမ့်ပေါ့ …. ။

အဲ့ဒီအကြောင်းကို ၂ ပတ် ထိန်းခံရပြီး ခေါကြီး ပြန်လွတ်လာမှ သဘောပေါက်တယ်။

ခေါကြီးမှာ အားနည်းချက်လေးတစ်ခုတော့ ရှိတယ်။
သူ .. စာ မတတ်ဘူး။
အားသာချက်ကတော့ ခွေးတွေကို ချစ်တယ်။
အခြားအားနည်းချက်တစ်ခုက ခွေးတွေကို နေ့တိုင်း ကျွေးမွေးလားဆိုတော့လည်း မကျွေးမွေးဘူး။
ခွေးတွေနဲ့ ပါတ်သက်ရင် ရ့ပ်ကွက်က သူ့ကိုယ်စား အကျွေးအမွေးကို တာဝန်ယူပေးထားရသလို အထာနဲ့။
ဒါပေမယ့် ခေါကြီးက လူလည်။
အရပ်က ကျွေးတဲ့ခွေးတွေကို သူက ထန်းလျက်နဲ့ ပြန်ချုပ်တယ်။
ခွေးတွေဘက် အမြင်ကျတော့ အရပ်က ဘယ်လောက် ကျွေးကျွေး … သိပ်စိတ်ဝင်စားပုံမရဘူး။ ထန်းလျက် ကျွေးတဲ့ ခေါကြီးသာ သူတို့ ကျေးဇူးရှင်။

အင်း လေ … တိရစ္ဆာန်တွေ ဆိုတော့ ခွေးတွေကိုလည်း အပြစ်ပြောလို့မရဘုး။

ပြဿနာက ဒီတစ်ခေါက် ပြန်လွတ်လာပြီးမှ ခေါကြီး အရမ်းလေးနက်လာတာက စတာ။ စိန်ဒိုင်းမွန်း သင်္ဘောဆေးဗူးလေး နှစ်ဗူး နဲ့ စုတ်တံလေးကိုင်ပြီး ခေါကြီး ရပ်ကွက်ထဲဝင်လာတယ်။
ခေါကြီးတစ်ယောက် တခါမှ ဒါမျိုး ဆေးဗူးတွေ စုတ်တံတွေ ကိုင်တာလည်း မတွေ့ဖူးကြတော့ အားလုံးက အထူးအဆန်းဖြစ်နေတယ်။ ခေါကြီးကတော့ ခပ်တည်တည်ပဲ။

ပြီးတော့ အိမ်တံစက်မြိတ်မှာ ဆေးတွေသုတ်တယ်။ အစိမ်းရောင် အပြည့်။ အစိမ်းရောင် နှဖူးစည်းလို ဖြစ်သွားတယ်။ အဲ့ဒီအပေါ်မှာ အဖြူရောင်နဲ့ စာလုံးရေးတယ်။
(သူရေးတဲ့အတိုင်း ရေးပြမယ်နော်)

"ဖင် ခံ နေ သည့် အိမ်" … တဲ့။

အတည်ပေါက်ပဲ …
ခေါကြီးတို့အိမ်မှာ သူ့အမေ အသက် ၆၀ ကျော် တစ်ယောက်
သူ့အမ တစ်ယောက်
သူ့ညီ တစ်ယောက် ၊ နောက် ညီမ တစ်ယောက်။ သူအပါအ၀င် ပေါင်း ၅ ယောက်နေကြတယ်။

အားလုံးကလည်း စာမတတ်ကြတော့ ခေါကြီး စာတတ်တယ်ဆိုပြီး ပျော်နေကြတယ်။ ဒီတစ်ခေါက် အချုပ်ထဲ ၀င် တာ သိပ်အကျိုးရှိတာပဲပေါ့။

ကျနော်တို့က မှားနေတယ်လို့ ပြောရင် ခေါကြီး မကြိုက်ဘူး။ရပ်ကွက်ထဲက တခြား လူတွေကလည်း မှားနေတယ်ဘာညာနဲ့ ၀ိုင်းပြောရင် ခေါကြီး သူအချုပ်ထဲမှာ သင်ခဲ့ရတဲ့ မှတ်စုစာအုပ်လေး ထုတ်ပြပြီး အပြင်းအထန် ခုခံချေပတယ်။

သူ့ကို သင်ပေးလိုက်တာ "ဘု ရင် ခံ နေ သည့် အိမ်" … တဲ့။
ဘုရင်ခံနေသည့်အိမ် ကို အဲ့လို ပဲ စာလုံးပေါင်းရတယ် … တဲ့။
အညံ့တွေ ပျောက်အောင် ဓါတ်ရိုက်ဓါတ်ဆင်လုပ်ပြီး ဒီစာကို အိမ်တံစက်မြိတ်မှာ အစိမ်းခံပေါ် အဖြူရောင်စာလုံးနဲ့ ကိုယ်တိုင်ရေးရမယ်လို့ သူ့ကို သင်ပေးတဲ့ ဆရာကြီးက အသေအချာ မှာလိုက်တာ … တဲ့။

မြင်မကောင်း လို့ ပြင်လိုက်စမ်းပါလို့ ပြောလည်း ပြောမရဘူး။ တချို့ ရပ်ကွက်ထဲက စာမတတ်တဲ့ ခေါကြီး အပေါင်းအသင်းတွေကတော့ အူမြူးနေကြတယ်။ သူတို့သူငယ်ချင်း စာရေးတတ်တယ်ဆိုပြီး အောင်ပွဲတွေ ခံလို့။

မနေနိုင်တဲ့ လူငယ်တွေက ခေါကြီး အိမ် တံစက်မြိတ်က စာကို ပြင်ဖို့ ကြိုးစားကြပေမယ့် မအောင်မြင်ဘူး။ နေ့ဘက် ပြင်ရင်လည်း ခေါကြီးက အိမ်ဝမှာ ငုပ်တုပ်ကြီး စောင့်နေတော့ မဖြစ်။ လူခြေတိတ်ချိန် ညဘက် ပြင်ဖို့ ကြိုးစားကြတော့လည်း ခေါကြီး ထန်းလျက်ကျွေးထားတဲ့ ခွေးတွေက ဟောင်ချက်ပြင်းတယ်။

သူ့မှတ်စုစာအုပ်မှာ ပြင်ပေးဖို့ ကြိုးစားတော့လည်း ခေါကြီးက အထိမခံ။ အလစ်သုတ်ယူပြီး ပြင်ပေးဖို့ ကြိုးစားကြည့်ကြတော့လည်း ခေါကြီး ခွေးတွေ လိုက်ဆွဲလို့ မအောင်မြင်။

ခေါကြီးတို့ မိသားစု ငါးယောက်လုံးကတော့
 " _င် ခံ နေ သည့် အိမ်" အတွင်းမှာ သာသာယာယာ ပျော်ပျော်ရွှင်ရွှင်ပဲ။
ခေါကြီး သူငယ်ချင်းတွေကလည်း ဒီအိမ်ကို အ၀င်အထွက်လုပ်ရတာ တကယ့် ဘုရင်ခံနေတဲ့အိမ်ကို အ၀င်အထွက်လုပ်ရသလို ခေါင်းမော့ ရင်ကော့ပြီး ဂုဏ်သိက္ခာ အပြည့်နဲ။့ ခွေးတွေကလည်း ထန်းလျက်မျက်နှာနဲ့ ခေါကြီးနဲ့ မတည့်ဘူးထင်တဲ့သူတွေလာရင် တံစက်မြိတ် ကို ကျော်ခွင့်မပေးသလို မှတ်စု စာအုပ်ကိုလည်း အထိမခံ။

ရပ်ကွက်က လူတွေမှာသာ သူတို့ကို ကြည့်ပြီး စိတ်ဆင်းရဲနေရတယ်။ …

_င် ခံ နေ သည့် အိမ် … ရှိတဲ့ ရပ်ကွက်ဆိုတော့ စဉ်းစားကြည့်ကြပေါ့ဗျာ။ တစိမ်းတွေ ရပ်ကွက်ထဲလာရင် မျက်နှာတောင် မဖော်ဝံ့ဘူး။

အဲ့ဒါနဲ့ တစ်ရက်မှာ မနေနိုင်လို့ ခေါကြီးကို ပြောမိတယ် …
"ခင်ဗျား စာတမ်းကြီးကို ပြင်လိုက်စမ်းပါဗျာ" … လို့
သူက ပြန်ပြောတယ် …
"ဘာလို့ ပြင်ရမှာလဲ" … တဲ့
"အမြင်မတော်ဘူးဗျ စာလုံးက မှားနေတယ်" ဆိုတော့ ခေါကြီးက
"မင်းတို့ အမြင်တော်ချင်တော် မတော်ချင်နေ … ကိုယ်ထင်ရင် ကုတင် ရွှေနန်းပဲ" …. တဲ့။
"မဟုတ်ဘူး .. အဲ့ဒါ ခင်ဗျားစာအုပ်ထဲမှာ မှားရေးလာလို့ဖြစ်တာ စာအုပ်ထဲကဟာကို ပြင်ပြမယ် … ပြီးမှ အဆင်ပြေမပြေ သူများတွေကို လိုက်မေးကြည့်ဗျာ … အဆင်ပြေမှ တံစက်မြိတ်က စာတမ်းကို ပြန်ပြင်ပါလား" … ဆိုတော့ …
"ဟေ့ကောင် … ငါ့စာအုပ်တော့ လာမထိနဲ့ " … တဲ့ …
"အဲ့ဒါ ငါ့ဆရာကြီး ရေးပေးလိုက်တာ … " … တဲ့
"ငါ့အတွက်အသက်ကွ" …. တဲ့

ဘာတတ်နိုင်ဦးမှာလဲဗျာ ….

သူကတော့ ဘုရင်ခံနေသည့်အိမ် လို့ အခိုင်အမာ ယုံကြည်ထားတာကိုး။

သူများနဲ့ ချတိုင်း ခံရတဲ့ ခေါကြီး
သရဲကြောက်တဲ့ ခေါကြီး
နယ်တွေ မထွက်အောင် တားခံရတဲ့ ခေါကြီး

ဒီခေါကြီး ဘာကြောင့် လူမိုက်ဖြစ်နေသလဲဆိုတာ အဲ့ဒီအချိန်ကျမှ လက်ကနဲ ပေါ်တယ် …

ခေါကြီးက သူ့ကိုယ်ပိုင်ဦးနှောက်ဥာဏ် နဲ့ စဉ်းစားနိုင်စွမ်းမှ မရှိတာကိုး …. ။

သူ့ဆရာ ရဲ့ စာအုပ်ကို သေတဲ့အထိ ပေးပြင်မယ့်ပုံမပေါ်။
သူ့အိမ်တံစက်မြိတ်ကိုလည်း သေတဲ့အထိ အထိခံမယ့်ပုံမပေါ်။
ရန်ဖြစ်ရင်လည်း ရပ်ကွက်က ၀ိုင်းဆော်လို့ သူခံရဦးမယ်။

_င် ခံ နေ သည့် အိမ်က ခေါကြီး ကို အိမ်နီးနားချင်းမို့ အပြစ်မမြင်ရက်တော့ပေမယ့် …

_င် ခံ နေ သည့် အိမ် ဖြစ်အောင် စာအုပ်ထဲ ရေးပေးပြီး ကြပ်လွှတ်လိုက်တဲ့ အချုပ်ထဲက သူ့ဆရာကြီးကိုတော့ တော်တော် တင်းမိတယ်။

င လူး မ ဆရာကြီး … ။

လှမျိုး
၁၈/၀၇/၂၀၁၉
Credit

No comments:

Post a Comment