Tuesday, July 23, 2019

စာဖတ်ပရိသတ်(ကိုချမ်း)

စာဖတ်ပရိသတ်
....................
သူ၏ အစွမ်းအကြောင်း စသိခဲ့သည်မှာ သူအသက် ၁၀ နှစ်အရွယ်တွင် စွန့်စားခန်း ၀တ္ထုတစ်ပုဒ်ကို စဖတ်မိစဉ်က ဖြစ်လေသည်။ ထိုဝတ္ထုသည် အပျော်ဖတ်ဝတ္ထုတစ်အုပ်သာဖြစ်ခဲ့၏။ ဦးလေးဖြစ်သူအိမ်သို့ သူတို့မိသားစု အလည်သွားရောက်စဉ် ပျင်းပျင်းရှိသဖြင့် ဧည့်ခန်းစားပွဲတွင် တင်ထားသော ထိုအက်ရှင်စွန့်စားခန်း ၀တ္ထုကို ကောက်ဖတ်မိခဲ့သည်။ သူ့ဘ၀တွင် ပထမဆုံး ဖတ်ဖူးခဲ့သောဝတ္ထု။ ၀တ္ထုအဆုံးတွင် သူ့ဘ၀၌ အထူးခြားဆုံးသော အရာကို ကြုံတွေ့ခံစားလိုက်ရသည်။ ယင်းကား အခြားမဟုတ်။ ၀တ္ထုရေးဆရာ၏ စိတ်ကို သူရိန်တစ်ယောက် အလုံးစုံ သိရှိသွားခဲ့ခြင်းပင်။
.
ထို.. ကျော်လင်းအောင် ... ဆိုသည့် စာရေးဆရာ၏ စိတ်ကို သူရိန်သိရှိသွားခဲ့သည်။ ပုံမှန်အားဖြင့် စာဖတ်ပရိသတ်များသည် စာတစ်အုပ်ကို ဖတ်ပြီးလျှင် စာရေးဆရာ၏စိတ်ကို အနည်းနှင့် အများ ခန့်မှန်းနိုင်တတ်ကြသည်။ ဤသည်မှာ အဆန်းမဟုတ်။ သို့သော် သူရိန်အတွက်မူကား ထိုဝတ္ထုကို ဖတ်ပြီးလိုက်သည်နှင့် ထို ၀တ္ထုကို ရေးခဲ့သော စာရေးဆရာ၏ ခေါင်းထဲသို့ ၀င်ရောက်လိုက်သလို ထိုသူ၏ အကြောင်း ထိုသူ၏ စိတ်များကို အစအဆုံး သိရှိသွားနိုင်ခဲ့လေသည်။
.
အစကတော့ သူ့ကိုယ်သူ စိတ်ကူးယဉ်နေသည်ဟုပင် ထင်မိသည်။ သို့သော် ဆယ်နှစ်သား သူရိန်တစ်ယောက် နေမထိထိုင်မသာဖြစ်နေခဲ့၏။ မအောင့်အီးနိုင်တော့သည့်အဆုံး သူ့ခေါင်းထဲတွင် ပေါ်နေသော ဖုန်းနံပါတ်တစ်ခုကို လူကြီးများ အလစ်တွင် ကောက်လှည့်လိုက်သည်။
.
'ဟဲလို...'
တစ်ဘက်မှ ယောက်ျားသံတစ်သံ။
.
'ဦးကျော်လင်းအောင်ရှိပါသလား...။'
.
'ဟုတ်ကဲ့။ ကျွန်တော် ကျော်လင်းအောင်ပါ။ သားက ဘယ်သူလဲ...။'
.
ဂလောက်...။
.
သူရိန် ဖုန်းလက်ကိုင်ခွက်ကို ကြောက်လန့်တကြားပြန်ချလိုက်မိ၏။ သူ့စိတ်ထဲတွင် မယုံနိုင်လောက်အောင် အံ့အားသင့်နေမိလေသည်။ သို့သော် သူ့မိဘများကိုမူ သူရိန်ပြောမပြဖြစ်ခဲ့။ မိဘများကို သူရိန်မယုံကြည်ချေ။ သူ့ကို အစဉ်အမြဲ ဆူပူကြိမ်းမောင်းနေခဲ့သော မိဘနှစ်ပါးအား သူရိန် ငယ်စဉ်ကတည်းက မုန်းတီးမိခဲ့သည်။ ထို့ကြောင့်လည်း အိမ်ပြန်ရောက်မှ ဘေးအိမ်ရှိ သူ၏ အခင်ဆုံးသူငယ်ချင်း ထွန်းထွန်းကိုသာ သူပြောပြခဲ့ခြင်းဖြစ်သည်။
.
'ဟေ့ကောင် သူရိန်။ ဒါမင်းရဲ့ စူပါ ပါဝါပဲကွ။'
.
'အင်း။ ဒါပေမဲ့ အဲဒါက ဘာအသုံးကျလို့လဲ။'
.
'မင်းအခု အဲဒီစာရေးဆရာကြီးရဲ့ စိတ်ထဲကဟာတွေ အကုန်သိသွားပြီလား။'
.
'အေး။ ငါ အကုန်သိတယ်။ သူ့မိန်းမနာမည်။ ကလေးနာမည်။ သူ့လိပ်စာ။ မွေးနေ့။ အကုန်လုံးပဲ။'
.
'ဒါဆိုမင်း သူ့ပိုက်ဆံတွေ ဘယ်နားထားလဲသိမှာပေါ့။'
.
ထွန်းထွန်းစကားကြောင့် သူရိန် မျက်လုံးများပြူးသွားသည်။ 'ဟေ့ကောင်။ အဲဒါ သူများပစ္စည်းခိုးတာကွ။'
.
'မင်းသိလားပဲ မေးတာပါကွာ။'
.
'အေး ငါသိတယ်။ ဒါပေမဲ့ သူ့မှာ ပိုက်ဆံသိပ်မရှိဘူး။ အကြွေးတွေချည်းပဲ။'
.
ထွန်းထွန်း၏ မျက်နှာ ဖြူဖြူဖောင်းဖောင်းကလေးမှာ တစ်စုံတစ်ခုကို အလေးအနက်တွေးနေသယောင် ဖြစ်သွားသည်။ သူ၏ မှေးသော မျက်လုံးအစုံမှာလည်း ပိုပြီး မှေးစင်းသွား၏။
.
'ဟျောင့် သူရိန်။ ငါ မင်းစူပါပါဝါကို ဘယ်လိုသုံးရမလဲဆိုတာ သိပြီ။ ဒါပေမဲ့ မင်းငါ့ကို ကတိတစ်ခုပေး။'
.
'အေးလေ။ မင်းနဲ့ငါနဲ့က အခင်ဆုံးသူငယ်ချင်းတွေဟာကို။ ငါကတိပေးတယ်။'
.
'မင်းနဲ့ငါနဲ့ ဒီပါဝါကို သုံးဖို့ အများကြီးလုပ်ရမယ်။ မင်းစာအုပ်တွေလည်း အများကြီးဖတ်ရမယ်။ အခုမှ မင်းက တစ်အုပ်ပဲ ဖတ်ရသေးတယ်။ ငါဆို တစ်အုပ်မှ မဖတ်ဖူးဘူး။ မင်းမြန်မာစာအုပ်တွေမဖတ်နဲ့။ အင်္ဂလိပ်စာအုပ်တွေဖတ်ရမှာ။'
.
သူရိန်မျက်လုံးပြူးသွား၏။ ထွန်းထွန်း၏ ဖခင်မှာ အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက်။ သားဖြစ်သူမှာလည်း ဖခင်သွေးက အပြည့်ပါနေလေသည်။ ငွေရမည်ဆိုလျှင် ဘာမဆို လုပ်ဝံ့သည့် လူစားများ။
.
x.....x.....x
.
နောက်နှစ်အနည်းအတွင်းတွင် သူရိန်နှင့် ထွန်းထွန်းတို့မှာ သူတို့၏ မဟာစီမံကိန်းကြီးကို အကောင်အထည်ဖော်ကြလေသည်။ ထိုအတောအတွင်း သူတို့ မသိသေးသည်များကို သိလာခဲ့ကြသည်။ သူရိန်၏ အစွမ်းတွင် အကန့်အသတ်ရှိ၏။ ယင်းမှာ သူရိန်သည် စာရေးဆရာ၏စိတ်ကို သူဖတ်သော စာအုပ် ရေးပြီးသွားသည့် အချိန်အထိသာ သိရှိနိုင်ခြင်းပင်။ စာအုပ်၏ နောက်ပိုင်းစိတ်များကိုမူ သူရိန်မသိတော့။ ထို့ကြောင့် စာရေးဆရာတစ်ယောက်၏ စိတ်ကို အပြည့်စုံဆုံးသိလိုလျှင် သူနောက်ဆုံးရေးထားသော စာအုပ်ကိုသာ ဖတ်ရမည်ဖြစ်သည်။
.
အသက်ဆယ့်သုံးနှစ်ခန့်ရောက်လျှင် လူပျိုဖော်ဝင်စဖြစ်သဖြင့် သူရိန် အမျိုးသမီးစာရေးဆရာမများရေးသော အချစ်ဝတ္ထုများကို စဖတ်ဖြစ်ခဲ့သည်။ သူ့စိတ်ထဲတွင် ထိုစာရေးဆရာမများ၏ အတွင်းစိတ်ထဲအထိသိသွားမည့်အကြောင်းကို တွေးရင်း ရင်တွေခုန်နေခဲ့ရ၏။ သို့သော်လည်း ထိုဝတ္ထုများကို ဖတ်ပြီးသွားသော အခါ၌မူ ထိုဝတ္ထုများကိုရေးသော စာရေးသူများသည် ထိုဆရာမ ချောချောလေးများမဟုတ်ဘဲ အသက်ကြီးကြီး အရက်သမား ယောက်ျားကြီးများသာ ဖြစ်နေကြလျှင် သူရိန်တစ်ယောက် အလွန် ခံပြင်းဒေါသထွက်မိလေသည်။ သူထိုသို့စာအုပ်များဖတ်နေသည်ကို ထွန်းထွန်း သိသွားလျှင်လည်း သူရိန့်ကို အချိန်ဖြုန်းရမလားဟူ၍ အပြစ်တင်တတ်စမြဲပင်။
.
'သူရိန်... မင်းအဲဒါတွေ လျှောက်ဖတ်မနေနဲ့။ ငါပြောတဲ့ ဟယ်ရီပေါ်တာ ဖတ်ပြီးပြီလား...။'
.
'ဟို....။ ဖတ်တယ်။ ဒါပေမဲ့ ငါနားမလည်လို့ကွ။'
.
'မင်း အင်္ဂလိပ်လိုဖတ်နိုင်မှဖြစ်မယ် သူရိန်။ မြန်မာစာရေးဆရာတွေဆီက ဘာမှ မင်းရမှာမဟုတ်ဘူး။ သူတို့ စာမူခရတာကမှ တစ်အုပ်ကို နှစ်သိန်းလောက်။ စာမူခထုတ်တဲ့ရက်မှာတင်ကုန်ပြီ။ မင်း ဟယ်ရီပေါ်တာကို ဖတ်ကိုဖတ်နိုင်ရမယ်။ စတီဖင်ကင်းစာအုပ်တွေ ဖတ်နိုင်ရမယ်။ ဂိမ်းအော့သရုမ်းစာအုပ်တွေ ဖတ်နိုင်ရမယ်။ ငါပြောတာသိလား။'
.
'အေးပါကွာ။'
.
'မင်းကသာ အဲဒါတွေ ဖတ်နိုင်ဖို့လုပ်။ ကျန်တာတွေ ငါ့ဘက်တာဝန်ထား။ ငါ အခု ဘဏ်တွေအကြောင်း လေ့လာနေတယ်။ အင်တာနက်က ငွေလွှဲတာတွေ။ နောက်တစ်နှစ်လောက်ဆို ငါတို့နှစ်ယောက်အတွက် ဘဏ်အကောင့်ဖွင့်လို့ရပြီ။'
.
'ဟေတကယ်လား။'
.
'အေး။ ဒါပေမဲ့ မြန်မာပြည်မှာတော့မဟုတ်ဘူး။ တောင်အမေရိကမှာ ဖွင့်ရမှာ။ ငါ့အဖေမိတ်ဆွေတစ်ယောက်ကို အကူအညီတောင်းရမယ်။'
.
'ထွန်းထွန်း။ ဖြစ်ပါ့မလား။ တော်ကြာ ငါတို့ ထောင်ကျနေဦးမယ်နော်။'
.
'ဟျောင့်။ အဲဒါတွေ ငါ့တာဝန်ထားစမ်းပါ။ မင်းသာ ၀တ္ထုတစ်ပုဒ်ကို အင်္ဂလိပ်လို အစအဆုံး နားလည်အောင် ဖတ်နိုင်ဖို့ကြိုးစား။ မင်းရဲ့ အစွမ်းက ဘာသာပြန်ဖတ်လို့လည်း မရတော့။'
.
'အေး။ ဟုတ်တယ်။ ငါက အဲဒီ စာရေးဆရာတွေးလိုက်တဲ့ စကားလုံး အစစ်အမှန် တစ်လုံးချင်းစီကို အသေအချာ နားလည်ခံစားမိမှ သူ့စိတ်ကို ဖမ်းမိတာ။ ပြီးတော့ အနည်းဆုံး စာမျက်နှာ နှစ်ရာကျော်လောက်မှ။ နောက်ပြီး သူကိုယ်တိုင် တွေးထားတဲ့ ဇာတ်လမ်းမျိုးလည်းဖြစ်ရမယ်။'
.
'အဲဒါတွေ ငါသိပြီးသားလေကွာ။ ကဲ...။ မင်းအဲဒီ ရှဲဒိုးစာအုပ်တွေ လျှောက်ဖတ်မနေနဲ့။ နောက်နှစ်နှစ်လောက်ဆို ငါတို့ သန်းကြွယ်သဌေးတွေဖြစ်ပြီ။ အဲကျမှ မင်းလုပ်ချင်တာလုပ်။ မင်းလိုချင်တဲ့ စာရေးဆရာမကို ယူ။'
.
x....x....x
.
နောက်နှစ်နှစ်ကြာလျှင် သူရိန် ဟယ်ရီပေါ်တာစာအုပ်များအားလုံးကို နားလည်အောင် ဖတ်နိုင်သွားခဲ့သည်။ နောက်ဆုံးစာမျက်နှာကို ပိတ်လိုက်သည်နှင့် ဘေးတွင် ကွန်ပျူတာတစ်လုံးနှင့် ထိုင်နေသော ထွန်းထွန်းက -
.
'ဟျောင့် ပက်စ်ဝက်ပြော။'
.
သူရိန် ဂျေကေရိုးလင်း၏ ဘဏ်အကောင့်မှ လျှို့ဝှက်နံပါတ်ကို ထွန်းထွန်းအား ပြောပြလိုက်သည်။ သူ့သူငယ်ချင်းက ကွန်ပျူတာထဲသို့ ဂဏန်းများကို စိတ်အားထက်သန်စွာ ရိုက်ထည့်လိုက်၏။
.
'သေလိုက်ပါတော့။ ဟျောင့် သူရိန်။ မင်းသေချာရဲ့လား။'
.
'ငါသေချာတယ်။ ဘာဖြစ်လို့လဲ။'
.
'ငါတို့ စာအုပ်အရွေးမှားပြီ။ ဒီစာအုပ်က ၂၀၀၇ မှာ ထုတ်တာ။ မင်းပြောတဲ့ ပတ်စ်ဝက်က အလုပ်မလုပ်တော့ဘူး။ ပြောင်းလိုက်ပြီနေမှာပေါ့။'
.
သူရိန် စိတ်ပျက်နေသော ထွန်းထွန်းကို ကြည့်ကာ ပြောလိုက်သည်။ 'စိတ်မပျက်ပါနဲ့ကွာ။ ငါတို့ အခု နောက်ဆုံးထုတ် အရောင်းရဆုံး စာအုပ်တွေ လိုက်ရှာဖတ်ကြတာပေါ့။'
.
x...x...x
.
သူတို့ အသက်ဆယ့်ခြောက်နှစ်ပြည့်ချိန်တွင် သူရိန်နှင့် ထွန်းထွန်းတို့၏ ဘဏ်စာရင်းထဲတွင် ဒေါ်လာဆယ်သန်းခန့် ရောက်ရှိပြီး ဖြစ်လေသည်။ သူတို့နှစ်ဦးစလုံး အိမ်ပေါ်မှ ဆင်းလာခဲ့ကြသည်။ ထွန်းထွန်း၏ ပေါက်ရောက်မှု လူရည်လည်မှုတို့ကြောင့် သူတို့နှစ်ဦးစလုံး အွန်လိုင်းအပလီကေးရှင်းတစ်ခုကို ဗန်းပြပြီး ငွေမည်းများကို ငွေဖြူဖြစ်အောင် လုပ်နိုင်ခဲ့၏။ မြန်မာပြည်ရှိ အသက်အငယ်ဆုံး စီးပွားရေးလုပ်ငန်းရှင်များအဖြစ် မီဒီယာများအကြားတွင်ပင် ဟိုးလေးတကြော် ဖြစ်လိုက်သေးလေသည်။
.
ထိုသို့သော လှုပ်ရှားမှုများ ငြိမ်ကျသွားလျှင် သူတို့နှစ်ဦးလုံးမှာ အင်းလျားလမ်းရှိ တိုက်ကြီးတစ်လုံးတွင် အတူတူနေထိုင်ပြီး စာဖတ်ခြင်းအလုပ်ကိုသာ ဆက်လက်လုပ်ကိုင်နေခဲ့ကြသည်။
.
'သူရိန်။ ငါတို့အောင်မြင်မှုအတွက် လျှို့ဝှက်ချက်က လောဘမကြီးဖို့ပဲ။ တစ်နှစ်ကို ဒေါ်လာနှစ်သန်းထက် ပိုထုတ်လို့မဖြစ်ဘူး။'
.
'အေးပါ။ ငါလည်း တစ်လကို စာအုပ်တစ်အုပ်ထက်ပိုမဖတ်ချင်တော့ဘူး။ အခုနောက်ပိုင်း စာတစ်အုပ်ဖတ်ပြီးရင် ငါ့ခေါင်းထဲမှာ လေးလာသလိုပဲ။'
.
'မင်းလည်း နားသင့်တယ်။ ရှေ့အပတ် မင်းခရီးထွက်ကွာ။'
.
x...x...x
.
ထွန်းထွန်း၏ အကြံအတိုင်း သူရိန် တောင်ကြီးမြို့သို့ အပန်းဖြေခရီးထွက်ခဲ့သည်။ ဟဲဟိုးသို့အသွား လေယာဉ်ပေါ်တွင် သူနှင့် ရွယ်တူ အသက်နှစ်ဆယ်ခန့် မိန်းကလေးတစ်ဦး၏ဘေးတွင် နေရာကျ၏။ မိန်းကလေးက သူရိန့်ကို တစ်ချက်မော့ကြည့်၍ ပြုံးပြပြီး ရေးလက်စ နုတ်ဘွတ်ထဲတွင် စာဆက်ရေးနေသည်။ သူမ၏ ဆံပင်မှာ နက်မှောင်ရှည်လျားပြီး ပျော့အိနေသည်။ သူမ၏ မျက်လုံးများမှာလည်း ဆံပင်များလို နက်မှောင်လျက်။ အသားအရည်မှာမူ ၀ါဝင်းစိုပြည်လွန်းနေ၏။ ခရီးတလျှောက်လုံး သူရိန် မျက်လုံးများကို ထောင့်ကပ်ပြီး သူမကို ခိုးကြည့်နေခဲ့မိသည်။
.
'ရှင့်အသိထဲမှာ မျက်စိဆရာဝန်တွေဘာတွေရှိလား။'
နုတ်ဘွတ်ကို ချပ်ကနဲ ပိတ်ချပြီိး ရုတ်တရက်မေးလိုက်သဖြင့် သူရိန်လန့်သွားသည်။
.
'ခင်ဗျာ... မရှိ...။'
.
'သြော်။ ရှိတယ်ဆိုလည်း ဒီခရီးပြီးရင် သွားပြလိုက်ဦး။ နို့မို့ဆို ရှင့်မျက်လုံးတွေ စွေသွားမှာစိုးလို့။'
အပြုံးတစ်ဝက်နှင့် ပြောလိုက်သော သူမစကားလုံးများက သူရိန့်နှလုံးသားထဲအထိ စူးစိုက်ဝင်ရောက်သွားခဲ့၏။
.
'အစ်မက... စာရေးတာလား။'
.
'အမလေးတော်။ အစ်မတဲ့။ ရှင့်အသက်ဘယ်လောက်လဲ။ အလိုနေပါဦး။ ရှင့်ကို ကျွန်မသိတယ်။ ရှင်... သူရိန်မဟုတ်လား။'
.
'ဟုတ်.. ဟုတ်ကဲ့။'
.
'အို.. ဖြစ်ချင်တော့ တကယ့် ဆယ်လီကြီးနဲ့ လာတိုးနေတာကို။ သူရိန် အစစ်ဆိုရင်တော့ အစ်မလို့ ခေါ်လို့ရပါတယ်ရှင်။ ရှင်က ဆယ့်ရှစ်နှစ်တောင် မပြည့်သေးဘူးမဟုတ်...'
.
'ကျွန်တော် ဆယ့်ကိုးနှစ်ပါ။'
.
သူရိန် စကားကို ဖြတ်ပြောလိုက်၏။ သူမ သွားတက်ကလေးများပေါ်အောင် ရယ်လိုက်သည်။ သူမနှင့် ပတ်သက်သော အရာအားလုံးသည် သူရိန့်အတွက် လှပလွန်းနေခဲ့သည်။ သူမ၏ အမည်သည် နန်းသဉ္ဇာဖြစ်ကြောင်း သူရိန် သိရှိခဲ့ရ၏။ သူမမှာ တက်သစ်စ စာရေးဆရာမတစ်ဦးဖြစ်သည်။ တောင်ကြီးဇာတိဖြစ်ပြီး ဖေ့ဘွတ်ပေါ်တွင် နာမည်ကြီိးလာသဖြင့် ယခုအခါ သူမ၏ ပထမဆုံး ၀တ္ထုစာအုပ်ကို ရေးသားနေခြင်းပင်။
.
x...x...x
.
'ဟျောင့်။ မင်းကိုငါ ခရီးသွားခိုင်းမိတာ မှားပြီထင်တယ်။'
.
'ဟေ။ ဘာလို့လဲဟ။'
.
'မင်းအခွက်ကြီး ဒီလောက်ဖြီးနေပုံထောက်ရင်တော့ မင်းစော်ရခဲ့ပြီမဟုတ်လား။'
.
'အေး...။ ဟုတ်တယ်။ သူငယ်ချင်း။ ငါအခု အရမ်းပျော်နေတယ်။'
.
'သူရိန် မင်းကိုငါ တစ်ခုပြောမယ်။ ငါအတည်ပြောမှာဟေ့ကောင်။' ထွန်းထွန်း သူရိန် မျက်နှာနားကို ကပ်လာပြီး အလေးအနက်ပြောလိုက်သည်။
'ငါတို့ ဒီကိစ္စကို ဘယ်သူမှ ပေးသိလို့မဖြစ်ဘူး။ မင်းနားလည်လား။ မင်းစော်ဘဲဖြစ်ဖြစ်။ နောက်ဆုံး မင်းမိန်းမဆိုရင်တောင် လုံးဝ မပြောပါနဲ့၊ ငါတို့အားလုံး ဒုက္ခရောက်ကုန်မယ်။'
.
'အေးပါကွာ။'
.
'ဒါနဲ့နေပါဦး။ မင်းစော်က ဘယ်ကလဲ။'
.
'ငါ့စော်မဟုတ်တော့ဘူး သူငယ်ချင်း။ ငါသူနဲ့ လက်ထပ်ခဲ့ပြီ...။'
.
x....x...x
.
သူရိန်ကားမောင်းနေရာမှ သူ့ဘေးခုံတွင်ပါလာသော နန်းသဉ္ဇာကို ပြုံးပြီး လှည့်ကြည့်လိုက်သည်။
.
'စာအုပ်တွေ တော်တော်ရောင်းရတာပဲနော်။'
.
'ဟုတ်တယ် မောင်။ လက်မှတ်ထိုးရတာ လက်တွေတောင် ညောင်းတယ်။'
.
'ဒီတစ်ပတ်တော့ နန်း မောင့်အတွက် အချိန်ပေးရမယ်နော်။ စာအုပ်ကိစ္စနဲ့ နန်း မောင့်ကို ပစ်ထားတာ တော်တော်ကြာပြီ။'
.
သူမ သွားတက်လေးများပေါ်အောင် ပြုံးလိုက်ပြန်၏။ ရှည်လျားသောဆံပင်ကို ပင့်သပ်ပြီး သူရိန့်ကို လှည့်ကြည့်ကာ ပြောလိုက်သည်။
.
'ဟုတ်ကဲ့ပါရှင့်။ ဒီတစ်ပတ်တော့ ယောက်ျားအတွက်ပါ။ ဒါပေမဲ့ နောက်အပတ်ထဲမှာတော့ နန်း မန်းလေးတက်ရမယ်။ စာပေဆွေးနွေးပွဲတစ်ခုရှိလို့။'
.
သူရိန် မအီမသာနှင့် ခေါင်းညိတ်ပြမိသည်။
.
'အော်... ဒါနဲ့။ နန်းရဲ့ ၀တ္ထုကို မောင်ဖတ်လို့ ရပြီနော်။'
.
'ရပါပြီမောင်ရယ်။ ၀တ္ထုက ရေးပြီးလို့ စာအုပ်တောင် ထွက်နေပြီပဲ။ မောင့်စိတ်ကြိုက်လုပ်လို့ရပြီ။ နန်းက မောင် အင်္ဂလိပ်ဝတ္ထုတွေပဲ ဖတ်တယ်ထင်လို့။'
.
'ဒါဆို ဒီညပဲ မောင် ဖတ်မယ်နော်..။'
.
x....x....x
.
ပြီးပါပြီ....။
နန်းသဉ္ဇာ၏ စာအုပ်နောက်ဆုံးစာမျက်နှာကို ပိတ်လိုက်စဉ် သူ၏ မျက်လုံးများမှ မျက်ရည်များ စီးကျလျက်ရှိလေသည်။ သူရိန် မီးခံသေတ္တာထဲမှ ထွန်းထွန်းပေးထားသော ခြောက်လုံးပြူးသေနတ်ကို ထုတ်ယူပြီး ကားမောင်းကာအိမ်မှထွက်လာခဲ့သည်။ သူနောက်တစ်နာရီခန့်ကြာလျှင် အိမ်ပြန်ရောက်လာခဲ့၏။ နန်းကတော့ အိပ်ခန်းထဲတွင် အိပ်ပျော်နေလေပြီ။ နောက်ထပ်တစ်နာရီခန့် အချိန်လွန်သွားခဲ့သည်။ သူရိန့်ရှေ့ရှိ ၀ီစကီပုလင်း တစ်ဝက်ကျိုးနေပြီ။
.
ကလင် ကလင် ကလင်...။
.
အိပ်ခန်းထဲမှ သူမ၏ ဖုန်းမြည်သံ။ ဖုန်းမြည်သံ တိတ်သွား၏။ ခဏနေလျှင် နန်းသဉ္ဇာ၏ ခြောက်ခြားနာကျင်စွာ အော်ဟစ်ငိုကြွေးသံ ထွက်ပေါ်လာသည်။ သူရိန် ၀ီစကီခွက်ကို မော့ချလိုက်သည်။ သူ့ရှေ့စားပွဲပေါ်တွင် ခြောက်လုံးပြူးသေနတ်ကို တင်ထား၏။ ခြောက်လုံးပြူးသေနတ်ဘေးတွင်မူ ကျည်ဆံတစ်တောင့်။ ၀ီစကီပုလင်း ဖန်သားပေါ်တွင် သူ့မျက်နှာကို သူပြန်မြင်နေမိသည်။ အိပ်ခန်းထဲတွင် ဇနီးဖြစ်သူက အော်ဟစ်ငိုကြွေးနေတုန်း။ သူရိန် ကျည်ဆံတောင့်ကို ခြောက်လုံးပြူးသေနတ်ထဲသို့ ထည့်လိုက်၏။ တစ်စုံတစ်ခုကို သတိရပြီး သူပြုံးလိုက်မိသည်။ သူ့ဘ၀တွင် ၀တ္ထုတစ်ပုဒ်မျှ မရေးခဲ့ဖူးချေ။ သူသည်ကား စာဖတ်ပရိသတ်တစ်ဦးသာ ဖြစ်လေသည်။
.
.
The End
(ကိုချမ်း)
Credit

No comments:

Post a Comment