မွေးရပ်မြေက ထွက်ခွာခဲ့တဲ့ကောင်လေး
***************************
တစ်ခါက ကောင်လေးတစ်ယောက်ဟာ မွေးရပ်မြေနဲ့ခွဲခွာရတော့မှာမို့ အရမ်းဝမ်းနည်းနေခဲ့တယ်။ တကယ်တော့ ဒီနေရာကနေ အပြီးထွက်ခွာသွားရမယ်ဆိုတဲ့ စိတ်နဲ့သူခံစားနေမိတာ။
သူ့အသိ မြို့သားတစ်ယောက်က သူ့ကိုပြောတယ်။
"မင်းဘာလို့ အပြီးအပိုင်သဘော နှုတ်ဆက်နေတာလဲ"
"မင်းနိုင်ငံတွေအများကြီးကို လျှောက်သွားမယ် အတွေ့အကြုံတွေယူမယ် တကယ်ဆို ဒါတွေကပျော်စရာတွေပဲ မဟုတ်လား"
"မင်း ကြိုက်တဲ့အချိန်ပြန်လာခဲ့ပါ ဒီမြို့လေးဟာ မင်းရဲ့ အမြဲမွေရပ်မြေပဲလေ"
"ဒါပေမယ့်ဗျာ ကျွန်တော်စိတ်ထဲမှာ ဒီမြို့လေး ကနေ လွတ်လပ်စွာနဲ့ ထွက်ခွာသွားလို့မရဘူး ဖြစ်နေတယ်"
"တခြားနေရာတွေမှာ ကျွန်တော်အဆင်ပြေမှာ မဟုတ်ဘူး"လို့ ကောင်လေးက လေးကန်စွာ ပြန်ဖြေပြီး အဝေးကြီးကို ထွက်သွားခဲ့တော့တယ်။
အဲဒီနေ့ကစပြီး ကောင်လေးဟာ သူမသိတဲ့ နိုင်ငံအစုံ ပတ်ဝန်းကျင်အစုံက လူတန်းစားမျိုးစုံကြားမှာ နှစ်ပေါင်းများစွာ နေထိုင်သွားလာခဲ့တယ်။ တနေ့ရောက်တော့ ငါ့မွေးရပ်မြေကို ပြန်ဦးမှပဲဆိုတဲ့အတွေးနဲ့ သူငယ်ငယ်ကနေထိုင်ခဲ့ဖူးတဲ့ မြို့လေးကိုပြန်ခဲ့တယ်။
သူ့မြို့ကိုပြန်ရောက်တော့ မြို့လေးဟာ သူနဲ့ အစိမ်းသက်သက်ဖြစ်သွားပြီလို့ သူခံစားမိတယ်။ သူ့အသိတော်တော်များများဟာ မြို့မှာမရှိကြတော့ဘူး။ တချို့မိသားစုတွေကလဲ ပြောင်းသွားကြပြီ။ အသစ်ရောက်လာတဲ့ လူတွေကိုလဲ သူမသိတော့ဘူး။ သူနေထိုင်တုန်းက လူတွေ ပတ်ဝန်ကျင်တွေ နွေးထွေးမှုတွေဟာ ပြောင်းလဲမှုတွေနဲ့ ပြည့်နှက်နေခဲ့ပြီ။
ဒါနဲ့ ဒီမြို့ကလေးကနေ ပေါ့ပါးစွာပဲ သူပြန်လည်ထွက်ခွာတော့တယ်။ ဒီအချိန်မှာ လူတစ်ယောက်ကမေးတယ်။
"ခင်ဗျားကိုကြည့်ရတာ ပေါ့ပါးလွတ်လပ်လိုက်တာဗျာ ဒီမြို့လေးကနေ အပြီးထွက်ခွာတော့မလို့လား"
သူပြန်ဖြေလိုက်တယ်
" ဒီမြို့လေးမှာ ကျွန်တော်ဆက်နေထိုင်ဖို့ အရမ်းခက်ခဲသွားပြီဗျ တခြားနိုင်ငံက တခြားမြို့တွေက ကျွန်တော်နဲ့ ပိုအဆင်ပြေတယ် ဆိုတာ သိသွားပါပြီဗျာ"
သူဟာ နောက်နှစ်တော်တော်ကြာ ဆန်းသစ်ပြီး မတူညီတဲ့နိုင်ငံက မြို့ပေါင်းများစွာမှာ နေထိုင်ခဲ့ပြန်တယ်။ ဒီလိုနဲ့ တနေ့မှာတော့ သူ့မွေးရပ်မြို့လေးကို မထင်မှတ်ပဲ ပြန်ရောက်လာခဲ့တယ်။ ဒီအချိန်မှာတော့ သူ့မွေးရပ်မြေလေးဟာ သူပျော်ရွှင်စွာနေထိုင်ခဲ့တဲ့ နိုင်ငံရပ်ခြားက မြို့တွေလို ဆန်းသစ်တိုးတက်နေခဲ့ပါပြီ။
သူကကျေနပ်စွာပြုံးပြီးပြောလိုက်တယ်
"နှစ်ပေါင်းများစွာ ငါရှာဖွေနေတဲ့ နေချင်စရာအကောင်းဆုံးနေရာဟာ ဒီမြို့လေးပါပဲ"
(One person was going away from his home town ကို ဘာသာပြန်ဖော်ပြပါသည်)
- မှတ်စုကြမ်း #nayaung
Credit
No comments:
Post a Comment