🍀ကိုယ်မသိတဲ့ တခြားအခြမ်း🌿
တစ်ခါတရံမှာ ကျမတို့တွေဟာ လူတစ်ယောက်ကို အပေါ်ယံအမြင်နဲ့သုံးသပ်ပြီး အလွယ်တကူအပြစ်ပြောလေ့ရှိကြပါတယ် ။ ကိုယ်မသိတဲ့တခြားအခြမ်းမှာ ဘာတွေရှိနေတယ်ဆိုတာ မသိဘဲနဲ့ပေါ့ ။
တကယ်တော့ အလွယ်ဆုံးအလုပ်ဟာ အပြစ်တင်တဲ့အလုပ်ဖြစ်ပြီး အခက်ဆုံးအလုပ်ကတော့ စာနာခြင်း ဖြစ်ပါတယ် ။
တစ်နေ့တစ်နေ့ ကျမတို့ပြောတဲ့စကားတွေထဲမှာ၊ ကျမတို့ ဖတ်မိတဲ့ fbပေါ်က ကွန်မန့်တွေ စတေးတပ်တွေထဲမှာ လူတစ်ယောက်ရဲ့တခြားဘက်ခြမ်းကိုမသိဘဲ ..ဘယ်သူကဖြင့် ဒီလိုမလုပ်သင့်ပါဘူး ၊ဘယ်သူကဖြင့် ဆိုးလိုက်တာ ၊ဒါက ဘယ်သူ့အမှားပေါ့ စသဖြင့် အပြစ်တင်ခြင်းတွေ၊ Justicလုပ်ခြင်းတွေ သိပ်ကို များလှပါတယ် ။
တကယ်တော့ လူတော်တော်များများဟာ အလုံးစုံ ပြည့်ဝတဲ့ စိတ်နေစိတ်ထားမျိုးကို မပိုင်ဆိုင်ကြပါဘူး ။
ကြွားဝါ ဝင့်ကြွားနေကြခြင်းရဲ့ တခြားအခြမ်းမှာ အားငယ်အလိုမပြည့်ခြင်းတွေလည်းရှိတတ်တယ် ။
ခက်ထန်တင်းမာခြင်းရဲ့တခြားအခြမ်းမှာ ဝမ်းနည်းညှိုးငယ်ခြင်းတွေလည်း ရှိတတ်ကြတယ် ။
စည်ကားသိုက်မြိုက်ခြင်းရဲ့တခြားအခြမ်းမှာ အထီးကျန်အဖော်မဲ့ခြင်းတွေလည်းရှိတတ်ကြတယ် ။
အောင်မြင်ပြည့်စုံခြင်းရဲ့တခြားအခြမ်းမှာ စိုးထိတ်ပူပန်ခြင်းတွေလည်းရှိတတ်ကြတယ်။
ရို့ကျိုးနှိမ့်ချခြင်းတွေရဲ့တခြားအခြမ်းမှာ မခံချင်စိတ်နဲ့မာနတွေလည်းရှိတတ်ကြတယ် ။
လက်ညှိုးထိုးပြစ်တင်ခြင်းတွေခံရသည့်တိုင် မဖြေရှင်းနိုင်ခြင်းရဲ့တခြားအခြမ်းမှာ ဖွင့်ဟပြောပြလို့မဖြစ်တဲ့ အကြောင်းတရားတွေရှိနေတတ်ကြတယ် ။
သူတစ်ပါးရဲ့ မပြောပြချင်တဲ့ ကိုယ်ရေးကိုယ်တာအကြောင်းတရားတွေကို ကျမတို့ ဘာလို့ ဇွတ်အတင်းနှိုက်ထုတ်ရမှာလဲ။
သူတစ်ပါးရဲ့စိတ်ဒဏ်ရာတွေကို ဘာလို့ ဆွဖွကြမှာလဲ ။
ကိုယ့်စိတ်ကျေနပ်မှုအတွက်..
ကိုယ်နာမည်ကြီးဖို့အတွက်..
ကိုယ်ကျိုးတစ်ခုခုအတွက်..
သူတစ်ပါးတွေရဲ့ ဘဝအကြောင်းတရားတွေကို ဖျော်ဖြေခံပစ္စည်းတစ်ခုအဖြစ်တော့ အသုံးမချသင့်ဘူးမဟုတ်လား ။
တခြားသူတွေမှာ ကိုယ်မသိတဲ့တခြားအခြမ်းရှိတတ်သလို...
ကိုယ်ကိုယ်တိုင်မှာလည်း သူတစ်ပါးမသိတဲ့ တခြားအခြမ်းဆိုတာ ရှိနေတတ်တာပဲ မဟုတ်လား ။
အလွယ်တကူမမြင်သာပေမယ့် လူတိုင်းမှာတော့ ဖွက်ကွယ်ထားတတ်တဲ့ တခြားအခြမ်းဆိုတာရှိနေတတ်ကြတာပါပဲလေ ။
#ပုညခင်
၂၂.၇.၂၀၁၉
ပြန်လှယ်မျှဝေသည်
Credit
No comments:
Post a Comment