အတိုင်းအတာမသိတဲ့လူ
“အရိပ်သုံးပါး နားမလည် ချေသငယ် ကျားစာဖြစ်” ဟူသောစကားရှိသည်။ ချေငယ်မှန်လျှင် ကျား၏အရိပ်အယောင်၊ အသံဗလံ၊ အနံ့အသက်ကို သိတတ်ဖို့လိုသည်။ သို့မဟုတ်လျှင် အချိန်မရွေး ကျားစာဖြစ်သွား နိုင်သည်။ သို့သော် သည်စကားက ချေအတွက်ပြောတာမဟုတ်။ လူအတွက်ပြောခြင်းသာဖြစ်သည်။ လူမှာလည်း အရိပ်သုံးပါး သိဖို့ လိုသည်။ အခါကာလကို သိရမည်။ ဝန်းကျင်အခြေအနေကို သတိထားရမည်။ မိမိအတိုင်းအဆ၊ မိမိအလုပ်၏ သက်ရောက်မှုကို ချင့်တွက်တတ်ရမည်ဟု ဆိုခြင်းဖြစ်ပါသည်။
အဲသည်အရိပ်သုံးပါးအနက် ကာလနှင့် ဒေသဆိုသည့်ပထမအချက်ကို လူတို့ သတိထားတတ်ကြသည်။ နီးနီး စပ်စပ်လည်း အကဲဖြတ်တတ်ကြသည်။ သို့သော် မသိသည်က မိမိအတိုင်းအဆ၊ မိမိပမာဏ၊ မိမိ အဆင့်နှင့် ပတ်သက်၍ ဖြစ်သည်။ ဒါကိုသိဖို့ခက်သည်။ Know theyself. (ကိုယ့်ကိုကိုယ်သိပါ၊)တဲ့။ ရှေးဂရိတွေလက်ထက် ကတည်းက ပြောခဲ့သောစကားရှိသည်။ ကိုယ့်ကိုကိုယ် သိခြင်းသည် အသိဉာဏ် အမြော်အမြင်၏ အခြေခံအုတ်မြစ် တစ်ရပ် ဖြစ်သည်ဟူ၍လည်း အစဉ်အဆက် ပြောဆိုခဲ့ကြသည်။
သို့သော် ကိုယ့်ကိုကိုယ်သိဖို့က အရေးကြီးတာမှန်သလို သိရန်ခက်ခဲတာလည်း အမှန်ပဲဖြစ်သည်။ “လူအတွက် ဘယ်ဟာသည် အခက်ဆုံးလဲ” မေးသောသူအား “ကိုယ့်ကိုကိုယ်သိဖို့သည် အခက်ဆုံး” ဟု ဂရိ တွေးခေါ်ရှင် သေးလိ(စ) (Thales ဘီစီ ၆၄၀ခန့်- ၅၄၆ခန့်) ကဖြေကြားခဲ့သည်။ ရှေးဂရိတွေအတွက် ခက်သလို ယနေ့အထိလည်း ခက်ခဲတုန်း။ သို့သော်ခက်ခဲသည်ဆိုသော မိမိကိုယ်တိုင်၏ အကြောင်းကို ဦးနှောက်ရော နှလုံးသားပါ အတန်အသင့် တည်ငြိမ်သည့် အခိုက်အတန့်မျိုးတွင် ကျိုးကြောင်းဆင်ခြင်တတ်သော သူတို့မြင်နိုင်တတ်ကြပါသည်။ ငါ့အဆင့်က ဘာပဲ၊ ဘယ်ဟာတွေငါလုပ်လို့ ရနိုင်သည်၊ ဘယ်ဟာတွေဆိုလျှင်တော့ ငါ့အတိုင်းအတာကို ကျော်သွားတော့မည်၊ ငါရပ်မှတော်မည်၊ စသဖြင့်။
သို့သော် စိတ်နှလုံးတည်ငြိမ်သော ကာလမျိုးကတိုတောင်းလှပါသည်။ လောဘ၊ ဒေါသ၊ မောဟ၊ မာန တစ်ခုခုကြောင့် တည်ငြိမ်မှုပျက်ပြားသည်နှင့် တစ်ပြိုင်နက် “ငါဘာ” ဟူသည်ကိုမေ့လျော့ကာ သတိ လက်လွတ်တွေပြုမှု မိတတ်ကြ ပါသည်။ ကိုယ့်အတိုင်းအတာ အဆင့်အတန်းကို မေ့လျော့သူအတွက် သင်ခန်းစာတစ်ခု ငယ်စဉ်ကတည်းက ကျွန်တော်တို့မှတ်သားဖူးကြသည်။ မဟော်သဓာဇာတ်တော် ကကဏ္ဋကပဥှာခဏ်းလာ ပုတ်သင်အကြောင်း သင်ခန်းစာ။ ပဲဝက်အသပြာ လည်မှာဆွဲရသဖြင့် ဥစ္စာမာနတက်သွားသော ပုတ်သင်အကြောင်း ဇာတ်လမ်းကို အကျဉ်းချုပ်၍ ပြောရလျှင်၊
တစ်ခါ၌ဝိဒေဟရာဇ်မင်းကြီးသည် ဥယျာဉ်တော်သို့ထွက်စဉ် ဥယျာဉ်တံခါးရွက်ထိပ်မှ ပုတ်သင်တစ်ကောင်သည် မြေသို့ ဆင်း၍ မင်းကြီးအား အရိုအသေပြု၏။ ထိုအခါ မင်းကြီးက ပုတ်သင်အား ဆုလာဘ်ချီးမြှင့် သည့်အနေဖြင့် နေ့စဉ် ပုတ်သင်စာ အမဲသား ငါး လေးရွေး(ပဲဝက်)ဖိုးမျှ ဝယ်၍ကျွေးစေဟု အမိန့်တော်မြတ်ချမှတ်၏။ ပုတ်သင်စာကျွေးရန် တာဝန်ကျသော မင်းမှုထမ်းသည် နေ့စဉ် လေးရွေးဖိုး မှန်မှန်ဝယ်ကျွေး နေရာမှ ဥပုသ်နေ့တွင်မှု ဈေး၌ သားငါးဝယ်မရ သဖြင့် ပုတ်သင်ရထိုက်သည့် ပိုက်ဆံလေးရွေးကို အပေါက်ဖောက်ကာ ကြိုးနှင့်သီပြီး ပုတ်သင်၏လည်ပင်းမှာ ဆွဲပေးထား၏။
ပုတ်သင်သည် ပိုက်ဆံကို လည်ပင်းမှာဆွဲရလျှင်ပင် သူ့ကိုယ်သူ ဥစ္စာရှင်ဟု ဘဝင်မြင့်သွားတော့သည်။ အဲသည် နေ့မှာပင် ဥယျာဉ်တော်သို့ ဝိဒေဟရာဇ်မင်းကြီး ရောက်လာသည့်အခါ ပထမအကြိမ်ကကဲ့သို့ အောက်သို့ဆင်းပြီး အရိုအသေမပေး၊ သူလည်းသူဌေး၊ ငါလည်းသူဌေးဟူသော သဘောဖြင့် စည်းစိမ်ခြင်းပြိုင်ကာ တံခါးရွက်ထိပ်မှာပင် ခေါင်းတညိတ်ညိတ်နှင့် နေတော့သည်။ မင်းကြီးလည်းအကျိုးအကြောင်းမေး၍ ပုတ်သင်ဘဝင်မြင့်ကာ မိမိကို ပမာမခန့်ပြုခြင်းဖြစ်ကြောင်းသိလျှင် သည်တိရစ္ဆာန်မိုက်အား အစာမပေးနှင့်ဟု ချက်ချင်းအမိန့်ချမှတ်၏။ သို့သော် မဟော်သဓာသုခမိန်က မင်းကြီးအား ဥစ္စာစည်းစိမ်နှင့် ပတ်သက်လာ
လျှင် တိရစ္ဆာန်ကိုထား၍ ပညာရှိသောလူများပင် မာနတက်တတ်ပါသေးသည်ဟု ဖျောင်းဖျပြောဆိုပြီး ယခင်က ခစားဖူးသည့် အတွက် ချီးမြှင့်ခဲ့သည့် ဆုလဘ်တော်ကို မဖြတ်တောက်ရန် လျှောက်တင်တော့မှ မင်းကြီးစိတ်ပြေကာ ပုတ်သင်အား အစာပေးမြဲပေးစေသည်၊ ဟူ၍ ဇာတ်တော်၌ ဆိုပါသည်။
သည်နေရာ၌ပုတ်သင်ဆိုသည်မှာ မဖြစ်ညစ်ကျယ် သတ္တဝါငယ်မျှသာဖြစ်ရာ သူ မာနတက်ခြင်းအတွက် ဝိဒေဟရာဇ် မင်း အဖို့ ဒေါသမထွက်စလောက်ကဲ့သို့ ငါ့ကိုများ အန္တရာယ်ပြုလာလေမည်လားဟုလည်း မစိုးရိမ် မကြောင့်ကြ လောက်ပေ။ ထို့ကြောင့် မဟော်သဓာသုခမိန်က တင်လျှောက်သည့်အခါ ပုတ်သင်အား သည်းခံခွင့်လွှတ် နိုင်ခဲ့ခြင်း ဖြစ်တန်ရာပါသည်။ သို့သော် ပုတ်သင်က ပုတ်သင်မို့ လွတ်ငြိမ်းချမ်းသာခွင့် ရသွားခဲ့သော်လည်း သူနှင့်အလားတူ ပြုမိသည့် လူသတ္တဝါများအဖို့မှာမှု သူ့လောက်ကံကောင်းလေ့မရှိခဲ့ပေ။ သည်တွင် နမူနာတစ်ခုက ရှေးခေတ် ဂျပန်ပြည်မှ ဆင်နိုရိကျူး( Sen no Rikyu) အမည်ရှိ ပုဂ္ဂိုလ် တစ်ယောက်။
ဆင်နိုရိကျူးက ဂျပန်ပြည်တွင် ဟိဒေယောရှိဧကရာဇ် (၁၅၃၆- ၁၅၉၈) စိုးစံစဉ်ကာလက နိုင်ငံအနှံ့ထင်ရှားသည့် လက်ဖက်ရည်တော်ပွဲ ပညာရှိတစ်ဦးဖြစ်သည်။ လက်ဖက်ရည်တော်ပွဲ(tea ceremony) ဟူသည်ကား ဂျပန်လူမျိုးတို့ အနုပညာရသ ခံစားတတ်လှပုံအကြောင်း ပြသသည့် ရိုးရာဓလေ့တစ်ခုဖြစ်သည်။ လက်ဖက်ရည်ပွဲအတွက် သီးသန့် တည်ဆောက်ထားသည့် အဆောင်ငယ်၊ သို့မဟုတ် နေအိမ်ရှိ အထူးခန်းတစ်ခုတွင် နေရာထိုင်ခင်း ပြင်ဆင်ကာ ဧည့်သည်များဖိတ်ကြားပြီး အခြားသင့်တင့်သော စားဖွယ်အချို့နှင့်အတူ အထူးစီမံထားသည့် လက်ဖက်ရည်ကို တခမ်းတနား တရိုတသေ စီစဉ်တင်ဆက်ခြင်း ဖြစ်သည်။ ဧည့်သည်များသည် လက်ဖက်ရည်ကို စနစ်တကျ အရသာခံ သောက်သုံးကြရင်း ပန်းချီပန်းပု အနုပညာများအကြောင်း၊ အိမ်ရှင် ခင်းကျင်းပြသထားသည့် ပန်းအိုး၊ ပန်းခြင်းတို့၏ အလှနှင့် ပန်းအလှ ပြင်ဆင်မှု အတတ်ပညာအကြောင်း၊ လက်ဖက်ရည်၏ အရသာနှင့် လက်ဖက်ရည် ပြင်ဆင်ပုံ အကြောင်း၊ ကြွေအိုးကြွေခွက်စသည့် လက်ဖက်ရည်ပွဲ အသုံးအဆောင်ပစ္စည်းများအကြောင်း စသည်တို့ကို ဆွေးနွေး ပြောဆိုလေ့ရှိသည်။
စင်စစ်လက်ဖက်ရည်ဓလေ့သည် တရုတ်ပြည်မှ စတင်ခဲ့ပြီး ၄င်းကမှတစ်ဆင့် ဂျပန်ပြည်သို့ရောက်ရှိကာ ဂျပန် သူကောင်းမျိုးတို့အကြား အထူးရေပန်းစားလာခဲ့ခြင်း ဖြစ်သည်။ ဂျပန်ဧကရာဇ် ဟိဒေယောရှိနှင့် သူ၏ လက်ဖက်ရည် တော် ပညာရှင် ဆင်နိုရိကျူးတို့ လက်ထက်တွင်မှု လက်ဖက်ရည်တော်ပွဲသည် အထွတ်အထိပ်သို့ ရောက်ခဲ့သည်။ နန်းတွင်းပွဲတော် အခမ်းအနားများ ကြီးမှူးပြုလုပ်ပေးရသည့် အရှိန်အဝါကို ယူကာ ဆင်နိုရိကျူးသည် လက်ဖက်ရည် တော်ပွဲတို့၏ အခင်းအကျင်း၊ အဆင်အပြင်၊ အစီအစဉ်နှင့် လုပ်ထုံးလုပ်နည်းများ သာမက လက်ဖက်ရည်ပွဲ ယဉ်ကျေးမှု ၏ ဦးတည်ချက်၊ ရည်ရွယ်ချက်များကိုပါ စိတ်တိုင်းကျပုံစံ ချပေးနိုင်ခဲ့သည်။ မင်းစိုးရာဇာအသိုင်းအဝိုင်း၌ လက်ဖက်ရည် တော်ပွဲ၏ အခန်းကဏ္ဍကြီးမားကျယ်ပြန့်လာသည်နှင့်အမျှ ပွဲတော်ပညာရှင် ဆရာကြီး ဆင်နိုရိကျူး၏ တန်ခိုးသြဇာလည်း ကြီးမားလာခဲ့သည်။
ဆင်နိုရိကျူးသည် ဘုရင်ဟိဒေယောရှိ၏ လက်ဖက်ရည်တော် ပညာရှင်မျှသာမက ဘုရင်အားထားရသည့် အကြံပေး ပုဂ္ဂိုလ်လည်း ဖြစ်လာသည်။ သူ့အားဘုရင်က နန်းတော်ဝင်းအတွင်း သီးသန့်အဆောင်အခန်း ပေး၍ ချီးမြှင့်မြှောက်စား သည်။ နန်းတော်အဝန်းအဝိုင်းရော တိုင်းပြည်အနှံ့အပြားတွင်ပါ သူ့အား လူအများ လေးစားရိုကျိုး လာရသည်။ သို့သော်အေဒီ ၁၅၉၁ ခုနှစ်တွင်မှု ဘုရင့်အမိန့်ဖြင့် ဆင်နိုရိကျူး ဖမ်းဆီးခံရကာ သေဒဏ်စီရင်ခြင်း ခံရသည်။ ဘာကြောင့် သူ၏ဘကံကြမ္မာ ဇောက်ထိုးမိုးမျှော် ကျဆင်းသွားခဲ့ရသနည်း။ အကြောင်းက ရှေ့တွင်ဖော်ပြခဲ့သည့် အတိုင်းအတာကိစ္စပဲဖြစ်သည်။
ပုတ်သင်ဘဝင်မြင့်ခြင်းကို ဥပေက္ခာပြုနိုင်သော်လည်း မိမိမျက်နှာသာပေးသဖြင့် အရေးပါလာသူတစ်ယောက် သွေးနားထင်ရောက်သည်ကို လျစ်လျူရှုမနေနိုင်။ မိမိအတွက် အန္တရာယ်ဖြစ်လာနိုင်သည်ဟု မယူဆသည့်တိုင် ခြေရာတိုင်းသော အပြုအမှု၊ ပခုံးချင်းယှဉ်သည့် အပြုအမှုဟုမြင်လျှင်ပင် သည်းခံခွင့်လွှတ်ဖို့မဖြစ်နိုင်။ ယခု ဆင်နိုရိကျူးက အဲသည်ခွင့်မလွှတ်နိုင်သော အမှုတစ်ခု ကျူးလွန်မိခြင်းဖြစ်သည်။
နဂိုမူလ တောင်သူလယ်သမားဘဝမှလာသော ဆင်နိုရိကျူးသည် သူ့ပုံတူသစ်သားရုပ်တုတစ်ခု ထုလုပ်သည်။ ရုပ်တု၌ ထိုစဉ်ကမင်းညီမင်းသားမှူးမတ်များနှင့်သာ သက်ဆိုင်သည့် လွှာဖိနပ်ကိုစီးပေးထားသည်။ သည်ရုပ်တုကို နန်းတော် ဝင်းတံခါးဝရှိ အဓိကရ ဘုရားရှိခိုးကျောင်းတစ်ခုတွင် ထင်ထင်ရှားရှား နေရာချထားရာ ရှင်ဘုရင်၊ မိဖုရားနှင့် မင်းညီ မင်းသားများ ဝင်တိုင်းထွက်တိုင်း မြင်နေရသည်။ အတိုင်းအတာက အတော်ပင်ကျော်သွားခြင်းဖြစ်သည်။ ‘ဆင်နိုရိကျူးက ငါကိုယ်တိုင်ပါ သူ့ကို အရိုအသေပေးစေချင်သွားပြီလား’ ဟု ရှင်ဘုရင် တွေးမိသွားသည့် နေ့သည် ရိကျုး၏ဘဝနိဂုံးကို အဆုံးအဖြတ်ပေးလိုက်သော နေ့ပင်ဖြစ်တော့သည်။
ကိုယ့်အတိုင်းအတာ ကိုယ်မသိ၍ ဒုက္ခလှလှကြီးရောက်ခဲ့ရသူ နောက်တစ်ဦးက ပြင်သစ်ရာဇဝင်ထဲမှ ထင်ရှားသော ဇာတ်ကောင်တစ်ဦးဖြစ်သူ နီကိုလတ်ဖူကေး(Nicolas Fouquet ၁၆၁၅- ၈၀) ဖြစ်သည်။ နီကိုလတ်ဖူကေးသည် ပြင်သစ်ဘုရင်လူဝီ- ၁၄ (Louis XIV ၁၆၃၈- ၁၇၁၅) စိုးစံသည့် စောစောပိုင်နှစ်ကာလများအတွင်း ဘဏ္ဍာရေးဝန်ကြီး အဖြစ်ဆောင်ရွက်ခဲ့သူဖြစ်သည်။ ဖူကေးက အဆောင်အယောင် အခမ်းအနားမက်သည်။ ဧည့်ခံပွဲကြီးတွေ ကျင်းပဖို့ ဝါသနာပါသည်။ အမျိုးသမီး ချောချောတွေနှင့် ရောရောနှောနှောနေချင်သည်။ အနုပညာကဗျာလင်္ကာများလည်း ခုံမင်သည်။ အသုံးအဖြုန်းကြီးသူ ဖြစ်သည့် အလျောက် ငွေရအောင်လည်း အနည်းနည်းအဖုံဖုံ ရှာတတ်သည်။ သို့သော်တစ်ဘက်တွင်လည်း သူက အလွန်လည်ပတ်နှံ့စပ်သူ၊ စွမ်းဆောင်ရည်ရှိသူ၊ ရှင်ဘုရင်က အစစအရာရာ အားကိုးပြုနေရသူဖြစ်သည်။ ထို့ကြောင့် ၁၆၆၁ ခုနှစ်တွင် နန်းရင်းဝန်မာဇရင် ကွယ်လွန်သည့်အခါ ၎င်းရာထူးနေရာ၌ မိမိအား ခန့်ထားလိမ့်မည်ဟု ဖူးကေး မျှော်လင့်ခဲ့သည်။ သို့သော်ရှင်ဘုရင်က သူ့အစီအစဉ်နှင့်သူ ဖြစ်သည်။ မည်သူ့ကိုမျှ တိုးမြှင့်ခန့်ထားမနေတော့ဘဲ နန်းရင်းဝန်ရာထူးကိုပါ ပယ်ဖျက်ပစ်လိုက်သည်။
ဖူးကေးက ရှင်ဘုရင်သူ့အား တစ်ခုခုမျက်သဖြင့် သည်ရာထူးကို ပယ်ဖျက်ခြင်းဖြစ်ဟု ယူဆပြီး ရှင်ဘုရင် အမျက်ပြေ ကျေနပ်ကာ သူ့အစွမ်းအစများကိုလည်း နှစ်ခြိုက်သဘောကျရလေအောင် ပြသမည်ဟု ရည်ရွယ်လျက် ဧည့်ခံပွဲကြီး တစ်ခု ကျင်းပရန် စီစဉ်သည်။ ဧည့်ခံပွဲသို့လူအများကို ဖိတ်သည့်အခါ သူ့စံအိမ်ရဲတိုက်သစ်ကြီးဖွင့်လှစ်ပွဲဟု ခေါင်းစဉ် တပ်သည်။ သို့သော်တကယ်ရည်ရွယ်သည်က အထူး ဧည့်သည်တော်အဖြစ် ကြွရောက်ချီးမြှင့်မည့် ဘုရင်မင်းမြတ်အား ဂုဏ်ပြုပူဇော်သည့်ပွဲ။
သည်ပွဲသို့ ဥရောပတစ်ခွင်မှ ထိပ်သီးမြို့စားရွာစား မြေရှင်ပဒေသရာဇ်များအပြင်၊ ပြင်သစ်စာပေနယ်မှ အကျော် အမော် များဖြစ်သည့် ပုံပြင်ဆရာလာဖွန်တိန်း၊ စာရေးဆရာကြီး လာရို့ရှ်ဖူကိုး၊ စာပေပညာရှင် မဒမ်ဒီဆယ်ဗင်ညီ စသူ တို့လည်း တက်ရောက်သည်။ ထို့ပြင် မဟယဆန်ချင်သူ၊ ဆရာဝန်ပါပဲ စသည့်ပြဇာတ်များ ရေးသားသူ ပြင်သစ် ပြဇာတ်ရေးဆရာကြီး မိုးလျဲ ယခုပွဲအတွက် အထူးတလည်ရေးသား ထားသည့် ပြဇာတ်သစ် တစ်ပုဒ် တင်ဆက်ကပြရန် နှင့် မိုးလျဲကိုယ်တိုင်လည်း ဇာတ်တွင်ပါဝင်သရုပ်ဆောင်ရန် စီစဉ်ထားသည်။ ညစာတည်ခင်းသည့် အခါ ဟင်းပွဲတွေ အလီလီအလာလာချသည်။ ဟင်းလျာများက ပြင်သစ်တွေ မစားဖူးသေးသည့် အရှေ့တိုင်း ဟင်းလျာ အသစ် အဆန်းတွေ၊ သည်ပွဲအတွက် စားဖိုမှူးတွေ အထူးတလည် တီထွင်ချက်ပြုတ်သည့် ဟင်းလျာ အကောင်းအညွန့်တွေချည်း ဖြစ်သည်။
စားသောက်ပြီးနောက်တွင် ဥယျာဉ်ခြံဝင်း၏ အလှအပကို လှည့်လည်ကြည့်ရှုကြသည်။ ဖူးကေး၏ခြံမှ မြက်ခင်း၊ သစ်ပင်၊ ရေပန်းအိုင်များ၊ လမ်းကေလေးများနှင့် ပန်းအလှများသည် နောက်တစ်နေ့ လူဝီ- ၁၄ ဗာဆိုင်းနန်းတော်ကြီး တခမ်းတနား တည်ဆောက်သည့်အခါ နမူနာယူစရာ၊ သူ့ထက်ပိုကောင်းအောင် ယှဉ်ပြိုင်တုပစရာများ ဖြစ်ခဲ့သည်။ ခြံဝင်းထဲလှည့်လည်ပြီးသည့်နောက်တွင် မီးရှူးမီးပန်းများ ပစ်ဖောက်သည် ကို ကြည့်ရှုကြသည်။ ပြီးလျှင် မိုးလျဲ၏ ပြဇာတ်။ ဧည့်ခံပွဲသို့တက်ရောက်ကြသူ အားလုံးကပင်သည်ပွဲကတော့ သူတို့ကြုံတွေ့ဖူးခဲ့သမျှထဲတွင် အပြည့်စုံဆုံး အကောင်းဆုံးပွဲဟူ၍ မှတ်ချချက်ကြသည်။ ဖူးကေး၏ စိတ်ထဲတွင်လည်း ရှင်ဘုရင်ကတော့ ငါလုပ်ထားတာတွေ အရမ်း သဘောကျနေပြီ၊ ငါ့ကိုရာထူးတိုးပေးဖို့ မုချုပြန်စဉ်းစားလိမ့်မည်ဟု တစ်ယောက်တည်း ကြိတ်ပြီး သေချာနေသည်။
တကယ်လည်းရှင်ဘုရင်က ဖူးကေး၏လက်ရာတွေကို သဘောကျတာအမှန်ပင်။ နောက်တစ်နေ့ ဗာဆိုင်းနန်းတော်ကြီး တည်ဆောက်သည့်အခါ ဖူးကေးစေခိုင်းခဲ့သည့် ဗိသုကာတွေ၊ မွမ်းမံခြယ်သသူတွေ၊ ပန်းဥယျာဉ်ဒီဇိုင်းသမားတွေကိုပင် ခေါ်ယူအသုံးပြုခဲ့သည်။ သို့သော် တဖက်တွင်၊ ဖူးကေး၏အစွမ်းအစပြမှုတွေသည် သူနှင့် အဆင့်ချင်းမတိမ်းမယိမ်းရှိသူ တစ်ပါးသူတို့အတွက် မနာလိုချင်စရာဖြစ်ခဲ့သည်။ သူက ဘာကြောင့် သည်လောက်လုပ်နေရတာလဲ၊ ဘာကြောင့်ကော လုပ်နိုင်နေတာလဲ စသဖြင့် လက်ညှိုးထိုးစရာ၊ မေးငေါ့စရာ၊ အပြစ်ရှာစရာ ဖြစ်ခဲ့သည်။ ပို၍ဆိုးသည်က သူတော်တာ တတ်တာ၊ ဖန်တီးနိုင်စွမ်း ရှိတာတွေ အလွန်အကျွံထုတ်ပြလိုက်သည့်အခါ ရှင်ဘုရင်ပါ ပခုံးချင်းယှဉ်သလို၊ ထိပါး စော်ကားသလို အနေအထားမျိုး ရောက်သွားခြင်းဖြစ်သည်။ ဖူးကေးအစွမ်းပြတာ လွန်သွားပြီ။
နောက်တစ်နေ့တွင် ဖူးကေးအား ဘုရင့်သေနတ်ကိုင်တပ်ဖွဲ့မှူး ဒါးတညံ (အလက်ဇန္ဒားဒူးမား၏ သူရဲကောင်း သုံးယောက်ဝတ္ထုတွင်ပါဝင်သူ) က လာရောက်ဖမ်းဆီးသည်။ နောက်သုံးလအကြာတွင် သူ့အား တိုင်းပြည်ဘဏ္ဍာငွေ များ အလွဲသုံးစားလုပ်မှုဖြင့် ရုံးတင်သည်။ သုံးနှစ်ကြာအောင် စစ်ဆေးပြီးနောက် ထောင်ဒဏ်တစ်သက်ပြစ်ဒဏ် ချမှတ်ခြင်း ခံရသည်။ ပြင်သစ်ပြည်တောင်ဘက်ဖျား ပိုင်ရီးနီး တောင်တန်း များပေါ်ရှိ လူသူအကင်းဝေးဆုံး အကျဉ်းထောင်သို့ သူ့အားပို့ထားခဲ့သည်။ အကျဉ်းစံဘဝတွင် အနှစ်နှစ်ဆယ်မျှကြာပြီးနောက် နီကိုလတ်ဖူးကေး ကွယ်လွန်သည်။
လူဝီ- ၁၄ ခေတ် ပြင်သစ်ပြည်သမိုင်းကို နှစ်ပေါင်း ၂၀ ကြာလေ့လာပြုစုခဲ့သည့် ပြင်သစ်စာရေးဆရာကြီး ဗော်လတဲယားက ဖူးကေးကျင်းပခဲ့သည့် ဧည့်ခံပွဲကြီးနှင့် စပ်လျဉ်း၍၊ ‘ညချမ်းအစက ဖူးကေးသည် ကမ္ဘာမှာ ထိပ်ဖြစ်သည်။ ပွဲသိမ်းချိန်၌မူ အောက်ဆုံးသို့ သူရောက်ရှိသွားလေသည်’ ဟူ၍ မှတ်ချက်ချ ရေးသားခဲ့ပေသည်။
ဖေမြင့် [Beauty ၂၀၀၃၊ မေ]

K.K(ကနောင်)
Credit
No comments:
Post a Comment