Tuesday, July 23, 2019

"ငါတို့မတွေ့တာတော်တော်ကြာနေပြီနော်"

"ငါတို့မတွေ့တာတော်တော်ကြာနေပြီနော်"တဲ့...

ဒီစကားလေးကို ကျွန်တော်ကလည်း
သူများတွေကိုပြောဖူးသလို
သူများတွေကလည်း ကျွန်တော့်ကို
မကြာခဏပြောဖူးတယ်...

ဟုတ်တယ်..

"ငါတို့တွေမတွေ့ဖြစ်ကြတာ တော်တော်ကြာနေပြီ"

များပြားလွန်းတဲ့အလုပ်တွေနဲ့
ရှားပါးလွန်းတဲ့အချိန်တွေကြားမှာ
ကျွန်တော်တို့တွေ မတွေ့ဖြစ်ကြ မဆုံဖြစ်ကြတော့ဘူး...

ကိုနဲ့ type တူနဲ့လူအနည်းငယ်နဲ့
ကိုသိပ်အားနာစရာမလိုတဲ့လူတချို့နဲ့
ကို့အကြောင်းနားလည်တဲ့လူတချို့တွေနဲ့သာ
အချိန်ပေးဖြစ်တော့တယ်..

ကိုနဲ့သိပ် key မကိုက်ဘူးလို့ထင်ရတဲ့
လူတချို့ရယ်
စရိုက်မတူဘူးလို့မြင်မိတဲ့လူတချို့ရယ်
ငွေကြေးကိစ္စမယုံရဘူး
စကားတွေရှုပ်တယ်
characterမကောင်းဘူးလို့
စိတ်ထဲထင်မိတဲ့လူတွေရယ်ကိုတော့
သိပ်မပေါင်းဖြစ်အောင်ရှောင်ရင်း
နောက်ဆုံး တစိမ်းလုံးလုံးပြန်ဖြစ်သွားကြတယ်...

တချို့လူတွေကိုတော့
စိတ်ထဲလည်းရှိတယ် ခင်လည်းခင်မင်မိတယ်
သူတို့တန်ဖိုးကိုလည်း နားလည်တယ်
ဒါပေမယ့် တကူးတကအချိန်ပေးပြီး
မချိန်းဖြစ် မဆုံဖြစ်ကြပြန်ဘူး
သူတို့ကလည်း ကို့လိုပဲ
လုပ်စရာရှိတဲ့အလုပ်တွေကြားမှာ
ကို့အတွက်အချိန်ဖဲ့ပေးပြီး မချိန်းဖြစ်ကြဘူး
ဒီလိုနဲ့ပဲ
"ငါတို့မဆုံဖြစ်တာ ကြာသွားပြီ"လို့
ပြောဖြစ်ကြပြန်ရော...

ခုလိုအချိန်ရှား ငွေရှား အလုပ်များနေတဲ့ခေတ်ကြီးမှာ
တစ်ယောက်နဲ့တစ်ယောက်ဆုံဖို့ဆိုတာ
တကယ်တော့ မလွယ်ကူလွန်းလှပါဘူး...
သူကလည်း ကို့ကိုတွေ့ချင်ဦးမှ
ကိုကလည်းသူ့ကိုဆုံချင်ဦးမှ
အလုပ်တွေလည်း အားမှ
စားဖို့သောက်ဖို့ ငွေလည်းရှိဦးမှ
သွားဖို့လာဖို့ ကျန်းမာရေးလည်းကောင်းဦးမှ
ဒါတွေအားလုံးကိုက်ညီမှ
မိတ်ဆွေတွေ ဆုံတွေ့နိုင်တာပါ...

ဒါကြောင့်
မိတ်ဆွေကောင်းတွေနဲ့တွေ့ဆုံဖို့ ချိန်းဆိုကြရင်
သွားနိုင်အောင်ကြိုးစားပါ

မိတ်ဆွေကောင်းတွေလောက်အရေးမကြီးဘူးလို့
ထင်ရတဲ့အလုပ်တွေကိုရွှေ့လိုက်ပါ

'ငါမအားဘူး'ဆိုတဲ့ခပ်ပြတ်ပြတ်စကားအစား
'ငါလာနိုင်အောင်ကြိုးစားပါ့မယ်'ဆိုတဲ့
သူတို့ဖိတ်ခေါ်မှုကိုအသိအမှတ်ပြုတဲ့
 reply ကို ပြန်ပြောပါ

အလုပ်တွေဟာ မသေမချင်းလုပ်နေရမှာဖြစ်ပြီး
'မိတ်ဆွေကောင်း'တွေကတော့
မသေခင်အချိန်လေးမှာသာ
တွေ့ဆုံနိုင်တာဖြစ်ပါတယ်

အလုပ်များတာကိုဂုဏ်ယူနေမယ့်အစား
အလုပ်တွေကြားထဲမှာ လူမှုရေးအောင်မြင်နိုင်အောင်သာကြိုးစားပါ..

"ငါတို့တွေ မဆုံဖြစ်တာကြာပြီ"တဲ့
ဟုတ်ကဲ့...
ဆုံနိုင်အောင်မကြိုးစားဘဲ
တစ်ယောက်အပေါ်တစ်ယောက်
တန်ဖိုးမထားမလေးစားဘဲ
နှစ်ဖက်စလုံးက
တွေ့ချင်စိတ်ပြင်းပြင်းပြပြမရှိဘဲ
လမ်းမှာခလုပ်တိုက်ရင်းတွေ့မှသာ
တွေ့တော့မယ်ဆိုရင်တော့
မဆုံဖြစ်တာကြာနေဦးမှာပါပဲ...

သတိတော့ရပါတယ်
ဒါပေမယ့် ဖုန်းခေါ်ဖို့အထိတော့တန်ဖိုးမထားဘူး
Online မှာ စတင်နှုတ်ဆက်ဖို့အထိ
အရေးမပါဘူး
တနေရာရာမှာတွေ့ဖို့စတင်ချိန်းဆိုဖို့အထိ
မအားလပ်ပါဘူး
'ဘာလုပ်မှာလဲ
ကိုယ့်ထမင်းကိုယ်စား
ကိုယ့်အလုပ်ကိုယ်လုပ်
ငတ်နေရင်ဘယ်သူမှထမင်းလာမကျွေးဘူး'လို့
တွေးနေရင်တော့
မိတ်ဆွေတွေဟာ တွေ့ဖြစ်ကြတော့မှာ
မဟုတ်ပါဘူး....

'ငါတို့ကတော့ မကြာခဏဆုံဖြစ်ကြတယ်'
'ငါတို့ ဖုန်းတော့ပုံမှန်ပြောဖြစ်တယ်'
'ငါတို့တော့ group chat မှာ နေ့စဉ်အဆက်အသွယ်မပြတ်ဘူး' ဆိုတဲ့
စကားတွေလောက် အဓိပ္ပါယ်ရှိတဲ့လူမှုရေးလောက်လှပတဲ့
စကားလုံးဘယ်မှာရှိနိုင်မလဲ...
တစ်ဦးအပေါ်တစ်ဦးလေးစားရင်း
တစ်ဦးအပေါ်တစ်ဦးတန်ဖိုးထားရင်း
ကူညီပေးရင်း ဆက်ဆံရေးတည်မြဲနေတဲ့
မိတ်ဆွေတွေရှိတာလောက်
စိတ်ချမ်းသာစရာကောင်းတာ ဘယ်မှာရှိမလဲ...

ဒါ့ကြောင့်
"ငါတို့မတွေ့ဖြစ်တာတောင် တော်တော်ကြာနေပြီ" ဆိုတဲ့စကားလုံးတွေအစား...

"ငါတို့တွေအဆက်အသွယ်မပြတ်ဘူး"လို့
ပြောနိုင်အောင် ကြိုးစားကြည့်ကြရအောင်...

with love,
Min Yel Kyaw Swar❤
Credit

No comments:

Post a Comment