ဖန်ခွက်လေးတစ်လုံး
တနေ့မှာ ဆရာက ဖန်ခွက်တစ်လုံးကို လက်မှာကိုင်ထားပြီး
“ဒီဖန်ခွက်က ဘယ်လောက်လေးမယ်ထင်သလဲ” လို့ ကျောင်းသားတွေကို မေးတယ်။
၅၀ ဂရမ်၊ ၁၀၀ ဂရမ် အစရှိသဖြင့် အမျိုးမျိုးသောအဖြေတွေကို သူရလိုက်တယ်။ ဆရာက ဆက်ပြောတယ်။
“ဒီဖန်ခွက်ရဲ့ တကယ့် အလေးချိန်ကိုတော့ ဆရာမသိပါဘူး။ ဒါပေမဲ့ ဆရာမေးချင်တာ ဒီဖန်ခွက်ကို ဒီအတိုင်းပဲ ဆရာ ခဏလောက် ကိုင်ထားရင်ဘာဖြစ်မလဲ ဆိုတာပဲ...”
“ဘာမှမဖြစ်ဘူး...” လို့ ကျောင်းသူတစ်ယောက်ကဖြေတော့
“"တော်တော်ကြာကြာ ကိုင်ထားရင်ရော...” လို့ ဆရာက ဆက်မေးတယ်။
“လက်တွေညောင်းပြီး ထုံကျင်လာမယ်...” လို့ ဖြေကြတယ်။
“ကောင်းပြီ... တနေကုန်ကိုင်ထားရင်ရောကွာ...” လို့ ဆရာကမေးတော့ ရွှတ်နောက်နောက် ကျောင်းသားတစ်ယောက်က
“ဆရာ့လက်ကြီး ထုံကျင်လာမယ်... ပြီးတော့ လက်မောင်းကိုက်လာမယ်... ပြီးတော့ ဆရာ့ရဲ့ကြွက်သားတွေ အညောင်းမိလေဖြတ်ပြီး ဆေးရုံရောက်မယ်...” လို့ ပြောတော့ တစ်ခန်းလုံး ၀ိုင်းရယ်ကြတယ်။
ဆရာက “မင်းပြောတာမှန်တယ်... ဒါဆိုရင် ဘာလို့ အဲ့လိုဖြစ်သွားတာလဲ... ငါကိုင်ထားတဲ့ အချိန်အတွင်းမှာ
ဖန်ခွက်ရဲ့အလေးချိန် ပိုတိုးလာလို့လား...” လို့ ဆက်မေးတော့
“မတိုးပါဘူး” လို့ တညီတညွှတ်တည်း ဖြေကြတယ်။
“ဖန်ခွက်ရဲ့ အလေးချိန်ပြောင်းသွားတာလဲ မဟုတ်ပဲနဲ့... ဆရာက ဘာလို့ အဲ့လိုနာကျင်မှုဝေဒနာတွေ တိုးပြီး ခံစားရတာလဲ..? အဲ့ဒီ ဝေဒနာတွေ သက်သာအောင် ဆရာဘာလုပ်ရမလဲ”' လို့မေးတော့
ကျောင်းသူတစ်ယောက်က “ဖန်ခွက်ကို အောက်ပြန်ချထားလိုက်ပေါ့...” လို့ ဖြေလိုက်ပါတယ်။
ဆရာက “သိပ်မှန်ပါတယ်... မင်းတို့ ဘ၀မှာ ကြုံရတဲ့ ပြဿနာတွေကို ခေါင်းထဲမှာ ခဏလောက်ထည့်ထားရင်
ဘာမှမဖြစ်သေးပါဘူး... အကြာကြီး သိမ်းထားပြီးစဉ်းစားနေတဲ့အခါ ကြာလာတော့ မင်းတို့ကို စတင်ပြီး နာကျင်မှုပေးလာမယ်... ဝေဒနာဖြစ်စေလာမယ်... ပြဿနာတွေကို ဖြေရှင်းရတာက ဘ၀ရဲ့ရသ တစိတ်တပိုင်းပါ...”
“ဒါပေမဲ့ နေ့တနေ့ရဲ့ အဆုံးမှာတော့ တနေကုန်အဖြေရှာမရတဲ့ အဲ့ဒီအကြောင်းတွေကို မေ့ထားခဲ့ပါ... နောက်တနေ့အတွက် ဒါတွေဆက်တွေးတောဖို့ အားအင်တွေလိုပါတယ်…”
“လူသစ် စိတ်သစ်နဲ့ မနက်ဖြန်တွေကို ရင်ဆိုင်ဖို့ ဖန်ခွက်တွေကို ခဏလောက်ပြန်ချထားခဲ့ပါ...” လို့ ဆရာက မှာလိုက်ပါတယ်။
ဒါလေးက အကောင်းဆုံး ဥပမာလေးပါ။ ဘ၀မှာ စိတ်ညစ်စရာတွေနဲ့ ကြုံလာတိုင်း ဒီဥပမာလေးကို နမူနာယူပြီး စဉ်းစားဆင်ခြင်နိုင်အောင်လို့ပါ။
Credit: THU KHA
No comments:
Post a Comment