သစ်ပင်ပေါ်က လင်းယုန်
--------------------
[၁]
သစ်ပင် တစ်ပင် ပေါ်မှာ လင်းယုန်တစ်ကောင် နားနေတယ်။ ခနနေတော့ သစ်ပင်အောက်က ဖြတ်သွားတဲ့ ယုန်တစ်ကောင်က လင်းယုန်ကိုလှမ်းမေးတယ်။
"ဗျို့.. ကျုပ်လည်း ခင်ဗျားလို အေးဆေး ထိုင်နေချင်လိုက်တာ။ ပေးထိုင်ပါလား။"
ဒီတော့ လင်းယုန်က ပြန်ဖြေတယ်။ "အိုး... ထိုင်ပါဗျာ။ ဒီသစ်ပင် ကျုပ်အပိုင် မဟုတ်ပါဘူး။"
ယုန်လည်း ဝမ်းသာအားရနဲ့ သစ်မြစ်တစ်ခုမှာ ထိုင်နားနေလိုက်တယ်။ သိပ်မကြာခင် မြေခွေး တစ်ကောင် ဟာ သစ်ပင်အနောက်ကနေ ယုန်ကို ခုန်အုပ်ပြီး ကိုက်သတ် လိုက်တယ်။
သင်ခန်းစာ - လင်းယုန်လို အေးအေးချမ်းချမ်း ထိုင်နားချင်ရင် လင်းယုန်လောက် အမြင့်မှာ သွားနားပါ။
--------------------
[၂]
နောက်တစ်ခါ ဝက်ဝံတစ်ကောင်ဟာ သစ်ပင်အောက်အဖြတ်မှာ လင်းယုန်ကိုတွေ့တယ်။ တွေ့ပြီး တော့ လင်းယုန်ထိုင်နားနေတဲ့ အမြင့်မှာ သူလဲ နားချင်လာတယ်။ ဒီတော့ လင်းယုန်ကို ဝက်ဝံက လှမ်းမေးတယ်။
"ဗျို့... ကျုပ်လည်း ခင်ဗျားလို နေရာမှာ တက်ထိုင်နားချင်တယ်ဗျာ။ နားလို့ရမလား။"
ဒီတော့ လင်းယုန်က စောစောကလို ပြန်ဖြေတယ်။ "အိုး... ထိုင်ပါဗျာ။ ဒီသစ်ပင် ကျုပ်အပိုင် မဟုတ်ပါဘူး။"
ဒီတော့ ဝက်ဝံလည်း ဝမ်းသာအားရ နဲ့ သစ်ပင်ပေါ်တက်ပြီး ဘေးချင်းယှဉ်လျက် သစ်ကိုင်းတစ်ကိုင်းမှာ ထိုင်ချလိုက်တယ်။ ဒါပေမယ့် သစ်ကိုင်းဟာ အလေး ဒဏ်ကိုမခံနိုင်ပဲ ကျိုးကျတဲ့အခါ ဝက်ဝံလည်း အောက်ကို ဒလိမ့်ကောက်ကွေး ပြုတ်ကျပါတော့တယ်။
သင်ခန်းစာ - လင်းယုန်လို မပြုတ်ကျအောင် ထိုင်နားချင်ရင် လင်းယုန်လို ဝန်တွေ ပေါ့လာဖို့ လိုပါတယ်။
--------------------
[၃]
အီစိမ့်သွားတဲ့ ဝက်ဝံကြီးဟာ လင်းယုန်ကြောင့် သူပြုတ်ကျရတယ် လို့ မြင်ပြီးတော့ လင်းယုန်ကို မကျေနပ်ဘူး။
ဒီတော့ သစ်ပင်ပေါ်ကို ဒေါသတကြီး ပြန်ဖက်တက်ပြီးတော့ လင်းယုန် ထိုင်နေတဲ့ အကိုင်းကို "ဖြောင်း" ခနဲ နေအောင် ရိုက်ချိုး ချလိုက် တယ်။ ဒီအခါမှာ သူမျှော်လင့်ထားသလို လင်းယုန်ဟာ ဟန်ချက်ပျက် ပြီး ပြုတ်မကျသွားဘူး။
အသာအယာပဲ အတောင်နှစ်ဖက်ကို ဖြန့်လို့ နောက်တစ်ပင်ရဲ့ အမြင့်ဆုံး အကိုင်း တစ်ကိုင်းဆီကို ကူးသွားပါတယ်။
သင်ခန်းစာ - လင်းယုန်တစ်ကောင် သစ်ကိုင်းပေါ်မှာ နားနေတိုင်း ဒီသစ်ကိုင်းကို သူမှီခိုနေတယ် မထင် ပါနဲ့။ လင်းယုန်ရဲ့ အားအင်က သစ်ကိုင်း အပေါ်မှာ မဟုတ်။ သူ့ အတောင် နှစ်ဖက် အပေါ်မှာသာ ဖြစ်ပါတယ်။
- မှတ်စုကြမ်း #kyawnge
လက်စွပ်ကလေး
*************
ပြောရဦးမယ်။
ညက ကျွန်တော်တို့မိသားစုတွေ မျက်လှည့်ပွဲကို ပွဲဈေးလျောက်ပါတယ်။ ပွဲခင်းထဲရောက်တော့ သားက ခဏဆိုပြီးပျောက်သွားတယ်။ အတော်ကြာမှ ပြန်လာတော့ ဘယ်သွားတာလဲမေးတဲ့အခါ သူ့လက်ကိုမြှောက်ပြတယ်။ သူ့လက်သူကြွယ်မှာ စတီးလက်စွပ်တစ်ကွင်း။ ကျွန်တော်တို့ကိုပြောရင် မဝယ်နဲ့ တားမှာစိုးလို့ သူ့ဘာသာ သွားဝယ်လိုက်တာပါ။ လက်စွပ်ပဲ စွပ်ပစေပေါ့။ သားကို ဘာမှ ပြောမနေတော့ပါဘူး။
ပြသနာက မိုးလင်းတော့မှ စတာဗျ။ မနက်စာသင်နေတုန်း သားက သူ့လက်ကို လာပြတယ်။ လက်စွပ်က ချွတ်လို့မရတော့ဘူးတဲ့။ လက်ကို ကြည့်လိုက်တော့ လက်ချောင်းထိပ်ဖျားဘက်က ဖောင်းပြီး ရောင်နေတယ်။ လက်စွပ်က လက်ထဲမှာ မြုပ်နေတယ်။ သွေးကောင်းကောင်းမစီးနိုင်တော့လို့ ရောင်တာထင်တာပဲ။ ဆပ်ပြာနဲ့ တိုက် အားနဲ့ဆွဲချွတ်တာမရဘူး။ သူ့ဘာသာလည်း အကြိမ်ပေါင်းများစွာ ချွတ်ကြည့်ထားတော့ လက်ကလည်း မနည်းနာနေပါပြီ။
လုပ်ကြည့်လို့မရတဲ့အဆုံး ပန်းတိမ်ဆိုင် ခေါ်သွားလိုက်ရတယ်။ အသားကိုမထိအောင် လက်စွပ်နဲ့ လက်ချောင်းကြားကို သံပြားထည့်ပြီး လွှနဲ့တိုက် ဆောက်နဲ့ထု.... နည်းမျိုးစုံနဲ့ တစ်နာရီလောက် ကြိုးစားလိုက်ရတယ်ဗျာ။
သားလက်လည်း မသက်မသာ..
ပန်းတိမ်ဆရာလည်း ချွေးပျံ...
ကျွန်တော်လည်း ငိုချင်ရီချင်နဲ့ ...
သားက တော်တော်ကြောက်သွားပုံရတယ်။ ကျွန်တော်လည်း သူ့အတွက် စိုးရိမ်သွားတယ်။ ညက ဒီလက်စွပ်ကိုဝယ်တော့ ကျွန်တော်တားမှာစိုးလို့ သူ့ဘာသာ ဇွတ်တရွတ်ဝယ်လိုက်တာ။ ပြီးမှ ချွတ်မရလို့ မိဘက သိရတာလေ။ ချွတ်လို့သာရရင် မိဘက သိလိုက်မှာ မဟုတ်ပါဘူး။ သားအသက် ၁၄နှစ်ပဲ ရှိပါသေးတယ်။ လောကကြီးမှာ သူသေသေချာချာ မသိသေးတဲ့အရာတွေ အများကြီးရှိပါသေးတယ်။
စူးစမ်းချင်စိတ်နဲ့ အကျိုးအပြစ်သေသေချာချာ မသိတဲ့ကိစ္စတစ်ခုကို စွပ်ကြည့်ပြီးမှ လုံးဝပြန်ချွတ်မရရင်... ချွတ်မရတော့မှ ကျွန်တော်တို့ မိဘတွေက သိခဲ့ရင် ...။
သားကိုတော့ သူ့ဘဝပတ်ဝန်းကျင်မှာ ကြုံတွေ့လာနိုင်တဲ့ ချွတ်မရတဲ့ လက်စွပ်တွေအကြောင်း ကျွန်တော်သိသလောက်တော့ ပြောပြထားရပါဦးမယ်။
( C ) Eagle Breeze
( မှတ်စုကြမ်း ဂရု မှ မိတ်ဆွေ ၏ အရေး )
#kazaw
မှ တ် စု ကြ မ်း
Photo
အလွန်ရှေးကျတဲ့ မျိုးနွယ်ဝင်တွေရဲ့ ကျေးဇူး ?
-----
အခုခေတ် လူသားများ ( အများစု ) ကိုးကွယ်ကြတဲ့ ဘာသာကြီးပေါင်းဟာ အမှန်တော့ ၁၁ ခု ရှိပါတယ် ။ ကမ္ဘာ့အရှေ့ပိုင်းမှာ ကွန်ဖြူရှပ်ဝါဒ / တာအိုဝါဒနဲ့ ရှင်တိုဘာသာ ။ အာရှတောင်ပိုင်းမှာတော့ ဟိန္ဒူဘာသာ ဂျိန်းဘာသာ ဗုဒ္ဓဘာသာနဲ့ ဆစ်ခ်ဘာသာ ။ အရှေ့အလယ်ပိုင်းဒေသက ဂျူးဘာသာ / ခရစ်ယာန်ဘာသာ / အစ္စလာမ်ဘာသာနဲ့ ဇိုရိုအက်စတာ ဆိုပြီး အသီးသီး ပေါ်ထွန်းခဲ့ကြပါတယ် ။ ဘာသာရေးနဲ့ ပတ်သတ်ပြီး လူသားတို့ရဲ့ ယဉ်ကျေးမှုအခန်းကဏ္ဍ ပါဝင်ခဲ့ခြင်းဟာ ငြင်းဆိုနိုင်စရာမရှိတဲ့ အဖြစ်ပျက်ကြီး တစ်ခုဖြစ်ပါတယ် ။
ရှေးဟောင်း သုတေသနနဲ့ သမိုင်းမှတ်တမ်းများက အထင်အရှားသက်သေခံထားကာ ကမ္ဘာပေါ်ရှိ လူမျိုးတိုင်းမှာ ဘယ်လောက်ရှေးကျတဲ့ မျိုးနွယ်စုပင် ဖြစ်စေကာမူ ယုံကြည်ကိုးကွယ်မှု တစ်မျိုးမျိုးရှိတက်တာကို တွေ့ကြရမှာဖြစ်တယ် ။ တိုင်းပြည်အုပ်ချုပ်သူ ဘုရင်တစ်ပါးက သူ့ရဲ့ အုပ်ချုပ်ခွင့်အာဏာကို ဘုရားသခင်ထံမှ ရရှိတယ်လို့ ဆိုခြင်းမျိုးဟာ အလွန်ရှေးကျတဲ့ လူမျိုးစုရဲ့ ထူးခြားသော သွင်ပြင်လက္ခဏာတစ်ခုဖြစ်နေပါတယ် ။ ရောမ အင်ပိုင်ယာ တည်ထောင်ရာမှာ ခေါင်းဆောင်လုပ်သူက သူ့ကိုယ်သူ ဘုရားသခင်မှ ဆင်းတက်လာသူဖြစ်ပြီး သူ့ကိုပဲ ကိုးကွယ်ဆည်းကပ်နိုင်ကြောင်း ပြောဆိုခဲ့ဖူးပါတယ် ။ အဲ့ဒီလို သူတို့ရဲ့ ဘဝ အဖုံဖုံကို နားလည်သဘောပေါက်နိုင်ဖို့ကတော့ ဘာသာရေးဟာ သော့ချက် တစ်ခုအဖြစ် နေရာယူထားပါတယ် ။
၂၀ ရာစုရဲ့ ဒုတိယ ပဋိပက္ခဖြစ်တဲ့ ယနေ့အခြေအနေမှာ ဘာသာရေးရဲ့ အခန်းကဏ္ဍဟာ ဘယ်လို ရှိနေမလဲ ?
အချို့ကတော့ အခု ယဉ်ကျေးမှုမှာ ဘာသာရေးရဲ့အခန်းကဏ္ဍက အရေးပါတဲ့ နေရာကနေ လျော့ကျသွားကာ သေတော့အံ့ဆဲဆဲ ဖြစ်နေပြီလို့ ဒီလိုသုံးသပ်သူတွေလဲ ရှိနေကြပါတယ် ။ ဘာသာတရားအားလုံးဟာ အတူတူပင် ဖြစ်တယ်လို့ ပြောကြသူတွေလဲ ဒုနဲ့ဒေးပါပဲ ။ ဒါတွေကတော့ သာမန် အပေါ်ယံလေးကို ကြည့်ပြီး ပြောကြတယ်လို့ပဲ ဒီလို မှတ်ယူရမှာပါ ။ ဘာသာတရားတို့ဟာ ရည်မှန်းချက် ပန်းတိုင်များမှာသာ မတူကွဲပြားတာမဟုတ်ပဲ ရည်မှန်းချက်ပန်းတိုင်ကို ရောက်နိုင်အောင် ကျင့်ကြံရမဲ့ လမ်းကြောင်းများဟာလဲ တစ်မျိုးနဲ့ တစ်မျိုး ကွာခြားလွန်းလှပါတယ် ။ အချို့ ဘာသာတရားရဲ့ ရည်မှန်းချက် ပန်းတိုင်မှာ လောကီရေးရာ ကိစ္စများသာ ဖြစ်သော်လည်း အချို့ဘာသာတရားတို့ရဲ့ ရည်မှန်းချက်ကတော့ လောကုတ္တရာရေး / နောင်တမလွန်ဘဝရေးသာဖြစ်တယ် ။ ပန်းတိုင်ကို သွားတဲ့ လမ်းစဉ်များမှာ ဘာသာတရား တစ်ခု၌ပင် ဂိုဏ်းဂဏအလိုက် ကွဲပြားမှုများ ရှိနေတယ် ။ ဥပမာအနေနဲ့ ဂျူးဘာသာမှာ လမ်းရိုးအတိုင်း သွားလိုတဲ့ သူများနဲ့ လမ်းအသစ်အတိုင်း သွားလိုသူများဆိုပြီး ရှိကြတယ် ။ ခရစ်ယာန်မှာလဲ ထို့အတူပါပဲ ။ ပရိုတက်စတင်နဲ့ ရိုမန်ကက်သလစ် များ ကွဲပြားခြားနားနေကြပြန်တယ် ။
ပျောက်ကွယ်သွားပြီးဖြစ်တဲ့ ဘာသာများမှာ ရှေးခေတ်အီဂျစ် / ဘေဘီလုံနီးယား / ဂရိနဲ့ ရောမဘာသာများဖြစ်တယ် ။ အခုအချိန်ထိတိုင်ကျန်ရှိနေသေးတဲ့ ဘာသာများကိုတော့ ဖေါ်ပြဖို့ မလိုလောက်တော့ဘူးထင်ပါတယ် ။
ရှေးခေတ် ဘာသာအများအပြားမှာ မျိုးနွယ်စု တစ်စုကသာ ကိုးကွယ်သော ဘာသာများ ဖြစ်ကြပါတယ် ။ မျိုးနွယ်စုတစ်စုရဲ့ ရိုးရာအစဉ်အလာ ဓလေ့ထုံးစံ ပူဇော် ပသမှုနဲ့ ယုံကြည်မှုများတာ ဖြစ်တက်တယ် ။ လူမျိုးငယ်စုများ ပေါင်းစုပြီး အမျိုးသား အသွင်သဏ္ဍာန် ပေါ်လာတဲ့အခါ အမျိုးသား ဘာသာတရားအဖြစ် ကူးပြောင်းလာတက်ပြန်တယ် ။ ရှေးခေတ် အီဂျစ် ဘေဘီလုံနီးယား နဲ့ ယခုခေတ် ရှင်တို ဘာသာတို့ဟာ လူမျိုးတစ်မျိုးကိုသာ ကိုးကွယ်ယုံကြည်တဲ့ ဘာသာမျိုးဖြစ်ပါတယ် ။
တကယ်တော့ ဘာသာတရားဆိုတာ အကြောက်တရားကနေ စတင်ခဲ့ကြပြီး လူ့ ယဉ်ကျေးမှု သမိုင်းစာမျက်နှာသစ်ကြီးကို အလွန်ရှေးကျတဲ့ မျိုးနွယ်စုတွေခေတ်ကတည်းက ဖွင့်လစ်နိုင်ခဲ့ကြပြီး ဖြစ်ပါတယ် ။ ယခုမှ အထူးအဆန်းတစ်ခုတော့ မဟုတ်တော့ပါဘူး ။ သို့သော် !
#htoohtoolay.
စာရေးသူများအတွက် ဥပစာစကား သုံးနည်း။
--------------------
ဥပစာတို့ကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချနိုင်ခြင်းဟာ အကောင်းဆုံးသော ပညာ သာလျှင်ဖြစ်တယ်တဲ့။ အရစ္စတိုတယ်လ် က ပြောခဲ့ဖူးပါတယ်။ ဒီ ဥပစာသုံး အတတ်ပညာဆိုတာ သူတစ်ပါးဆီကနေ သင်ယူ လို့ မရဘူး။ ဉာဏ်ပညာရဲ့ သင်္ကေတ လည်းဖြစ်တယ်။ ဥပစာ ကောင်းကောင်းတစ်ခုဟာ ခိုင်းနှိုင်းမှု ထိမိသွားတဲ့ အခါ လူတစ်ယောက်ရဲ့ ဉာဏ်ကို ရှင်းကနဲ လင်းကနဲ ဖြစ်သွားစေလောက်အောင် စွမ်းဆောင်နိုင်တဲ့အပြင် အနောက်က ပြောင်းလဲမှုပါ တစ်ခါထဲ လိုက်ပါတယ်။
သားငယ်က ဆော့လွန်းလို့ အမေက "ဟဲ့... မျောက်ကလေး ငြိမ်ငြိမ်နေစမ်း" လို့ပြောတယ်။ အဲဒီလို စကားမျိုးကို ဥပစာ စကားလို့ ခေါ်ပါတယ်။ 'ဥပစာ' ဆိုတာ 'ဥပစာရ' ဆိုတဲ့ ပါဠိစကားက ဆင်းသက် လာတာပါ။ တင်စားတဲ့စကား လို့ အဓိပ္ပာယ်ရပါတယ်။
'မျောက်' ဆိုတာ ဆော့တဲ့ တိရစ္ဆာန်။ အဲဒီ မျောက်နဲ့ သားငယ်ကို ဆော့လွန်းတဲ့နေရာမှာ တူတဲ့ အတွက် သားငယ်ကို ပြောင်းခေါ် လိုက်တာကို ဥပစာ တင်စားတယ်လို့ ခေါ်ပါတယ်။
ဥပစာဆိုတာ ပါဠိစကား၊ တင်စားတယ်ဆိုတာ မြန်မာစကား၊ အဓိပ္ပာယ်လို့ လည်းသုံးတယ်။ တင်စား တယ် လို့လည်း သုံးတယ်။ အဲဒီလိုတင်စားလိုက်တဲ့ စကားကို ဥပစာ၊ ဥပစာစကား၊ ဥပစာ အသုံး စသည်ဖြင့် ခေါ်ဆိုနိုင်ပါတယ်။ နောက်တစ်ခါ ဥပမာအနေနဲ့ သိပ်ထုံတဲ့ အတဲ့လူကို 'နွား' လို့ တင်စား လေ့ ရှိကြပါတယ်။ ဒီကောင်က နွား ပဲ၊ နွားကျတဲ့အကောင် ဆိုပြီး ထုံတဲ့ အတဲ့သူကို တင်စားလေ့ ရှိတယ်။
ပြီးတော့ နောက်ဥပမာ ထပ်ပြရရင် သူများပြောတာ အမြဲတမ်းခေါင်းညိတ်နေတဲ့သူကို 'ပုတ်သင်ညို' လို့ တင်စားတယ်။ ပြီးတော့ ခွေးကို အဆင့်နိမ့်တယ်။ ယုတ်ညံ့တဲ့ သတ္တဝါလို့ ယူဆတာမို့ ဒီကောင်ဟာ ခွေးပဲဆိုရင် ယုတ်ညံ့တဲ့သူ၊ မိုက်မဲတဲ့ သူဆိုတဲ့ အဓိပ္ပာယ်နဲ့တင်စားလေ့ ရှိကြပါတယ်။
ခုပြောတာတွေက တိရစ္ဆာန်တွေရဲ့ အမူအကျင့်တွေ၊ ပုံသဏ္ဌာန်တွေကို အကြောင်းပြုပြီး တင်စားသုံးတဲ့ စကားတွေပေါ့။ အဲဒီလိုပဲ လူတွေရဲ့ကိုယ်ခန္ဓာ အစိတ်အပိုင်းနာမည်တွေကို ပုံသဏ္ဌာန်ချင်းတူတဲ့ တခြားဟာတွေ၊ အတွက် ပြောင်းသုံးတဲ့ ဥပစာအသုံးတွေလည်း ရှိပါသေးတယ်။
ဥပမာ ပြရရင် ချိန်လိုက်လို့ တစ်ဖက်က ပိုလေးနေရင် ဆွဲထားတဲ့ချိန်ခွင်တန်း အလယ်က အချောင်း ကလေးက ပိုလေးတဲ့ဘက်ကို ထွက်လာပါတယ်။ အဲဒီအချောင်းကလေးကို ဘာခေါ်သလဲ ဆိုရင် ချိန်ခွင်လျှာလို့ခေါ်ပါတယ်။ လူတွေရဲ့ ပါးစပ်ထဲက ပြူတစ်ပြူတစ်ထွက်လာတဲ့ လျှာကလေးလို ချိန်ခွင်တန်းအလယ်ကထွက်လာတဲ့ အချောင်းအတံကလေးမို့ လျှာကလေးနဲ့တူလို့ ချိန်ခွင်လျှာလို့ခေါ် ခြင်း ဖြစ်ပါတယ်။ ဥပစာ တင်စား ခြင်း ပါပဲ။
'ရေပိုက်ခေါင်း'၊ 'ပုလင်းလည်ပင်း'၊ 'နာရီလက်တံ'၊ 'စားပွဲခြေထောက်'၊ 'လမ်းပခုံး'၊ 'ကမ်းနဖူး' စတဲ့ အသုံးတွေက လူ့ကိုယ်ခန္ဓာ အစိတ်အပိုင်းနာမည်တွေကို အဲဒါတွေနဲ့တူတဲ့ အကြောင်းအရာ တွေ အတွက် ပြောင်းသုံးထားတဲ့ စကားတွေပဲ။ စသုံးတုန်း ကတော့ ဥပစာတင်စားသုံးတာပါ။ ဒါပေမယ့် ဒီအသုံးတွေက သိပ်တွင်ကျယ်နေပြီမို့ ဥပစာ တင်စားသုံးတယ်လို့ မထင်ကြတော့။ ယနေ့ခေတ် အခါ မှာတော့ တကယ်သုံးတဲ့ အခေါ်တွေ ဖြစ်နေပါပြီ။
ပေရွက်ငယ်မှာ ကညစ်နဲ့ရေးထားတဲ့ ပေချပ်၊ ပေစာတွေ တချို့ လူများ မြင်ဖူး ကြမှာပါ။ အဲဒီ ပေချပ် တွေမှာ ရှေ့က ချိုင့်ခွက်နေတဲ့ဘက်ကို 'ဝမ်း' လို့ခေါ်ပြီး နောက်ကခုံးနေတဲ့ ဘက်ကို 'ကျော' လို့ ခေါ်တယ်။ အဲဒီအသုံးတွေဟာလည်း လူ့ကိုယ်ခန္ဓာအစိတ်အပိုင်းဖြစ်တဲ့ 'ဝမ်း' နဲ့ 'ကျော' ကို ခွက်တာ ခုံးတာချင်း တူလို့ တင်စားသုံးတာပါပဲ။
ဒီတော့ ခုပြောတဲ့ လူ့ကိုယ်ခန္ဓာအစိတ်အပိုင်းနာမည်တွေနဲ့ တင်စား သုံးတဲ့ ဥပစာတွေက တကယ် သုံးတာတွေ ဖြစ်နေပြီ။ ဒါကြောင့် အဲဒီစကားတွေမှာ ဥပစာရဲ့ အာနိသင်မရှိတော့ဘူးလို့ ပညာရှင် တွေက ပြောကြတယ်။
အဲဒီလိုပဲ။ 'စိတ်ရှည်တယ်' တို့၊ 'ဉာဏ်ထက်တယ်' တို့ဆိုတဲ့ စကားမျိုး တွေဟာလည်း အကောင် အထည် နဲ့သုံးတဲ့စကားတွေကို အကောင်အထည် မရှိတဲ့သဘောတွေအတွက် တင်စားသုံးတဲ့ စကား တွေပါပဲ။ အဲဒီစကားတွေဟာလည်း ဥပမာအာနိသင်မရှိတော့ဘဲ တကယ်သုံးတာတွေ ဖြစ်နေ ကြပါပြီ။
ဒီကနေ့ခေတ် စာပေလောကမှာ ဥပစာ အသစ်တွေ အထွက်များတဲ့ နယ်ပယ်ဟာ ကဗျာ လောက ဖြစ်ပါတယ်။ ရသစာပေ သမားတွေ အနေနဲ့ ဥပစာ အသုံးဟာ ဘောင်ထဲမှာပဲ ဖြစ်လို့ နေသေးတာကို အားမလိုအားမရ ဖြစ်မိပါတယ်။ ထို့အတူပဲ ဘာသာရေး နယ်ပယ်မှာလည်း ဥပစာ အနေနဲ့ ရှေးရိုးစွဲ ကထာဝတ္ထုတွေကို ဆက်ကိုင် မပျင်းမရိ ရှင်းပြဆဲပါ။
ခေတ်ပြောင်းလဲလာတဲ့အခါ တချို့သော ဥပစာတွေဟာ ပျင်းဖို့ကောင်းလွန်းတယ် ဆိုတာကို လူငယ် တစ်ယောက်ပီပီ ပွင့်ပွင့်လင်းလင်း ထောက်ပြလိုပါတယ်။ ကျွန်တော် တို့ လူငယ်တွေအနေနဲ့ အာနိသင် ရှိတဲ့ ဥပစာတွေ ဖတ်ရဖို့ကို တောင့်တတယ်။
နိဂုံးချုပ်ဖို့ ဥပစာလေး တစ်ခု ရေးကြည့်ပါ့မယ်။ မျက်ရည် နဲ့ အပြုံးဟာ နှလုံးသားက ထွက်ကျလာတဲ့ စကားလုံးတွေနဲ့တူတယ်။ စာရေးသူ ဆိုတာ အလုံခန်း တစ်ခန်းက ကဗျာရွတ်နေသူနဲ့ တူပြီးတော့ စာဖတ်သူဟာ ဒီအလုံခန်းက ကဗျာရွတ်သံကို ဝိုင်းအုံလို့ နားစိုက်ထောင်နေတဲ့ ကလေးငယ်တွေနဲ့ တူပါတယ်။ ကိုယ်ပို့ချင်တဲ့ စကားဟာ နှလုံးသားကနေ တဆင့်ခံလို့ ပြင်ပ လောကကို မျက်ရည်နဲ့ အပြုံး တွေ အဖြစ် ပွင့်လာအောင် ဥပစာအသစ်တွေ စတင် မျှဝေကြည့်ပါလို့ ခိုင်းနှိုင်းကြည့်ရင်း အကြံပြု လိုက်ရပါတယ်။
- မှတ်စုကြမ်း #kyawnge
Credit
No comments:
Post a Comment