Tuesday, July 23, 2019

အဝေးမှချည်သော နှောင်ကြိုးရှိုက်သံများ

အဝေးမှချည်သောနှောင်ကြိုးရှိုက်သံများ
===========================

(၁)

'လက်ဖက်ရည်က ဒီနေ့သောက်မှာဗျ'

လက်ဖက်ရည်ဆိုင်မှာ စောင့်နေတာကြာ ပြီမို့ စိတ်တိုကာစားပွဲထိုးကိုအော်မိသည်။

'ဖြန်း'

မထင်မှတ်တဲ့မြင်ကွင်းကြောင့် ကျွန်တော် အံ့သြထိတ်လန့်သွားသည်။    ဆိုင်ပိုင်ရှင် ဖြစ်ဟန်တူသော  ခပ်ဝဝလူက စားပွဲထိုးကို အားပြင်းစွာ ပါးကိုရိုက်လိုက်ခြင်းဖြစ်သည်။

'မင်းတို့ အလုပ်ကိုမလေးစားဘူး ဟိုမှာ အော်နေပြီ၊  သူမှာတဲ့  လက်ဖက်ရည်ချက်ချင်း သွားပို့' ဟုလက်ညှိုးငေါက်ငေါက်ထိုးကာ ဆိုင်ရှင်က စားပွဲထိုးကို  အမိန့်ပေးနေပြန်သည်။ကျွန်တော်ကြောင့်အဆူခံ၊ အရိုက်ခံရ၍  စိတ် မကောင်းပါ။   ပို၍စိတ်မကောင်းမိတာက စားပွဲထိုးအသက်သည်  အလွန်ဆုံးရှိလှ တစ်ဆယ့်တစ်နှစ် သာသာ။ ကျွန်တော်ကြောင့် ကလေးတစ်ယောက်  အဆူခံ၊  အရိုက်ခံထိ ရှာပြီ။ မကြာပါပါးစပ်အစွန်းမှ   သွေးစအချို့ကို ခပ်မာမာ  လက်ဖမိုးဖြင့်သုတ်ရင်း  ကျွန်တော့် စားပွဲဆီသို့  လက်ဖက်ရည်ခွက်လာချရှာ သည်။ သူ့ခများ အပြုံးမပျက် 'ျသမမပ အစ်ကို လူကျနေလို့  ကြာသွားတာ  ခွင့်လွှတ်ပါဗျ' တဲ့အပြုံးမပျက်  သူ၏တာဝန်ကိုထမ်းဆောင် ပေမယ့် ကျွန်တော်က အနေခက်ပါဘိ။ သူတို့ အရွယ်  ကျောင်းနေရမယ့် အရွယ်မှာ  အခုလို ဘဝတက္ကသိုလ်မှာ ကျင်လည်လုပ်စားနေရ သည်မှာ  စိတ်ထဲတကယ်မကောင်းမိပြန်။ထိုနေ့က   လက်ဖက်ရည်အရသာသည် သွေးနံ့လွှမ်းသည်ထင်ရ၏။ အရသာ မရှိပါ။

နောက်နေ့ထိုဆိုင်သို့  ကျွန်တော်သွား တော့  အရိုက်ခံရတဲ့   စားပွဲထိုးကိုမတွေ့မိ။ကျွန်တော့်ကြောင့်  အလုပ်ပြုတ်သွားလေပြီ လားမသိ။  စိတ်ထဲက  နေမထိထိုင်မသာ ဖြစ်တာမို့ အခြားစားပွဲထိုးကို ခေါ်မေးမိတော့
''ဖျားနေတယ်အစ်ကို  နားနေဆောင် ထဲမှာ အိပ်နေတယ်ဗျ''

'ဟာ' ဟု စိတ်မချမ်းသာစွာ  တစ်ခွန်းသာ ရေရွတ်ရင်း ထိုကလေးနှင့် တွေ့ချင်ကြောင်း အကူအညီတောင်းမိသည်။

'ဘောစိ  မသိအောင်လိုက်ပို့ပေးမယ် အစ်ကို၊ အပေါ့အပါးသွားသလိုနဲ့  ကျွန်တော့် နောက်က မသိမသာလိုက်ခဲ့ဗျ' ဟု စားပွဲထိုး ခေါ်ဆောင်ရာ ခိုးကြောင်ခိုးဝှက်လိုက်သွားမိသည်။

ကျွန်တော့်ဘဝမှာ ပထမဆုံး သူစိမ်း အခန်းမှာ ခိုးဝင်ခြင်းလည်းဖြစ်သည်။ ခပ်နိမ့် နိမ့်အမိုးအောက်က  အလင်းရောင်အလုံ အလောက်မရသော အခန်းကျဉ်းထဲသို့ စတင် ခြေချမိတာနဲ့ အနံ့အသက်ဆိုးများက အသက် ရှူလမ်းကြောင်းထဲသို့ အငမ်းမရတိုးဝှေ့တော့ သည်။ အမှောင်ထဲမှာ ထိုကလေးကို ချက်ချင်း မမြင်ရ။ မျက်စိခဏမှိတ်ပြီး ပြန်ဖွင့်ကြည့်မှ ခုတင်အသေးစားပေါ်မှာ ခွေခွေလေးအိပ်နေ သော ကလေးကိုမြင်ရတော့သည်။ ကရုဏာ သက်စွာ သူ၏   နဖူးကိုစမ်းကြည့်မိသည်။      ချစ်ချစ်တောက်အောင်မပူပေမယ့်လည်း နွေး သည် ဟု မဆိုသာ။

ဖျတ်ခနဲ ကျွန်တော့်လက်ကို သူသည် ဆုတ်ဖမ်းရင်း 'အဖေ အဖေလားဗျ'တုန်ရင် အားငယ်သောအသံဖြင့်  မေးနေပြန်သည်။ကျွန်တော် ဘယ်သို့ဖြေရပါ့။  ဘယ်လိုပြန်ဖြေ ရမည်လဲ။

'အဖေ အမေ ညီမလေး'

ကျွန်တော်ဘာမှ မပြောနိုင်။ သူကသာ သူ့မိသားစု အမည်တွေ ကတောင်ချောက်ခြား ရေရွတ်တမ်းတနေသည်။ ကျွန်တော့်လက်ကို တော့ အားကိုးစွာ ဆုပ်ကိုင်ထားဆဲ။ ကျွန်တော် ဘယ်လိုအင်အားနဲ့ ရုန်းရက်မည်နည်း။

'အဖေ ဒီလူကြီးဆီက ပိုက်ဆံတွေကျေရင် သားကိုလာခေါ်ပါဗျ သား သားလေ အိမ်ကို လွမ်းတယ် သားကိုလာခေါ်ပါ  အဖေရယ်'

စိတ်ခိုင်သည်ဆိုသော ကျွန်တော်။ အဘ သေတာတောင်   မျက်ရည်မကျမိသော ကျွန်တော်သည်    မျက်ရည်ကျမိသည်။ထိုကလေးကို မကြည့်ရက်တာနဲ့ အခန်းထဲမှ ပြန်ထွက်ခဲ့သည်။  ပြီးတော့  ''အဲ့ကလေး အတွက် မုန့်ဖိုး၊ မဖြစ်မနေပေးပါကွယ် စိတ်ချ မယ်နော် ငါ့ညီ'' ဟု လိုက်ပို့သောစားပွဲထိုးကို ငွေအချို့အပ်ထားမိတော့

''စိတ်ချပါအစ်ကို   ကျွန်တော့်တို့  ဘဝ တူချင်း   မညာပါဘူး၊   အစ်ကို့ကိုလည်း ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်ခင်ဗျား'' ဟု    ကျွန်တော်ပေးသောငွေစအချို့ကို ဆုပ်ကိုင်ရင်း ကတိပေးရှာသည်။

''ကျွန်တော်တို့  အားလုံး  အိမ်လွမ်းသူ တွေပါ အစ်ကိုရာ'' ဟု  ထပ်မံပြောလိုက်သော စားပွဲထိုးရဲ့ စကားသည် ကျွန်တော့်ရင်အစုံကို မီးမြိုက်ခံရသည့်ပမာ ပူလောင်လှပါတကား။

'အော် အိမ်နဲ့ဝေးနေတဲ့ အိမ်လွမ်းသူတွေ ဆိုပါလား'

(၂)

ရောင်စုံမီးရောင်များအောက်မှ  ဆိုင် တစ်ဆိုင်။

ဖောက်တံဖြင့် ဘီယာပုလင်းကို ဖောက် ပေးနေသော ကလေးငယ်တစ်ဦး။ ကျွမ်းကျင် ဟန်မရှိသလို၊ ပုလင်းအပိတ်ကိုဖွင့်ရန် အား လည်းမမျှ၍ထင်။   ပုလင်းအပိတ်တော့ ပွင့်သွားသော်လည်း  ပုလင်းသည်စားပွဲပေါ်သို့ ဟန်ချက်ပျက်ကာ  ယိမ်းယိုင်သွားပြီး  ဖိတ် တစ်ဝက် စင်အချို့။

''သောက် ကလေး ကောင်းကောင်းမဖွင့် ဘူး။  အလကားရတာမဟုတ်ဘူးကွ''  ဟု သားသားနားနားဝတ်ဆင်ထားသော လူက ထိုကလေးကို  ဒေါသတကြီးကြိမ်းမောင်း ပြစ်တင်နေသည်။  ကလေးသည်  ကြောက်ရွံ့ ထိတ်လန့်ခြင်းကင်းစွာ       ထိုသူအား ဂျစ်ကန်ကန်ပြန်ကြည့်နေသည်။

''အံမာ  မင်းဘာကောင်လဲဟ  ငါ့ကို ပမာမခန့် ဆက်ဆံနေတာ မင်းကိုဆိုင်ရှင်ထံ တိုင်မှ ဖြစ်မယ်'' ဟု ကလေးအား ထိုသူက ထပ်မံခြိမ်းခြောက်နေသည်ကိုလည်း တွေ့ရ ပြန်သည်။

''အစ်ကိုတို့ ညီမတောင်းပန်ပါတယ်ရှင့်''

စကားချိုချိုလေးဖြင့်  မိန်းမငယ်တစ်ဦး ထိုဘီယာဝိုင်းသို့ အပြေးတစ်ပိုင်းရောက်လာ သည်။

''ညီမ  မောင်လေးပါ   ဆိုင်ရောက်တာ မကြာသေးလို့ပါနော် ဆိုင်ရှင်ကို မတိုင်ပါ နဲ့ရှင့်'' ဟုလည်း   ပျာပျာသလဲ    ထပ်၍ တောင်းပန်ပြန်သည်။ သူမသည် သွက်လက် ချက်ချာစွာ ဖိတ်စင်နေသော ဘီယာအရည် များကို သုပ်ပေးသလို ''ညီမ တောင်းပန်ပါ တယ်နော် အစ်ကိုတို့''  ဟုလည်း  တဖွဖွ ပြောနေသေးသည်။ ပြီးတော့ဘီယာခွက်ထဲသို့ ကျွမ်းကျင်စွာ ဘီယာများကို ငှဲ့ထည့်ပေးကာ

''အမြည်းရော ဘာမှာထားလဲ အစ်ကိုတို့

ညီမ အမြန်ဆုံးဆောင်ရွက်ပေးမှာပေါ့'' ဟု လှသောမျက်နှာ ချိုသောအပြုံးဖြင့်  ဧည့်ခံ နေရှာသေးသည်။ သူမ၏ ဧည့်ဝတ်ပျူငှာမှု အောက်တွင်   ဆိုင်ထိုင်သူယောက်ျားသား များငြိမ်ကျသွားသည်။    သူတို့အလိုရှိသော အမြည်းများကို မှာကြားကာ သူမကို ''ရတယ် ညလေး'' ဟု  ဗလုံးဗထွေးပြန်ပြောကြလေ သည်။

 ထိုဆိုင်ကနေ ကျွန်တော် ထွက်လာတော့ ညဥ့်နက်နေလေပြီ။ ဆိုင်ရှေ့အဝရဲ့ အပင်ခပ် အုပ်အုပ်အမှောင်ရိပ်မှ ခပ်သဲ့သဲ့ ရှိုက်သံကြား သဖြင့် ထိုနေရာကို အမှတ်မထင် ကြည့်မိတော့
စောစောက မောင်နှမ နှစ်ယောက်။

''အစ်မ  ကျုပ်တို့အိမ်ပြန်ကြစို့  ကျုပ် ဒီဆိုင်မှာ မနေချင်တော့ဘူးဗျ'' ဟု  မောင်ဖြစ် သူက ရှိုက်သံနှော၍ သူ၏အစ်မကို အိမ်ပြန်ရန် ပြောပြနေသည်။

'အစ်မလည်းပြန်ချင်တာပေါ့ ဒါပေမယ့်'

''ဒါပေမယ့်   ဘာဖြစ်လို့လဲအစ်မရာ ပြန်စရိတ် မရှိလို့လား ကျုပ်ဆီမှာ စုထားတာ ရှိတယ်''

မောင်ဖြစ်သူက    ပြောလည်းပြော သူ့ဘောင်းဘီအိတ်ထောင်ထဲမှ    ငွေစက္ကူ ခပ်နွမ်းနွမ်းများကို  အစ်မဖြစ်သူလက်ထဲ ပေးနေဟန်ရှိသည်ကို  အလင်းရောင်ဖျဖျ လေးရှိသော  အမှောင်ရိပ်မှာ  တွေ့မြင်ရ ပြန်သည်။

''အစ်မတို့ အိမ်ပြန်ရင် ငွေဘယ်ကရမှာ လဲ၊ ငွေမရှိရင် အမေ့ကို ဘာနဲ့ဆေးကုမှာလဲ၊ ခဏအောင့်နေပေးနော် တစ်ချိန်ချိန် အစ်မတို့ အိမ်ပြန်ကြမယ်'' ဟု အစ်မဖြစ်သူရဲ့  ဖျောင်းဖျ နှစ်သိမ့်အားပေးနေသံလည်း ကြားရပြန်သည်။

ပြီးတော့ သူတို့မောင်နှမသည် ဆိုင်ထဲသို့ ပြန်ဝင်သွားလေသည်။

သူတို့မောင်နှမသည် လူကသာ ဒီနေရာ ရောက်နေသော်လည်း  စိတ်တို့သည်က အိမ်သို့ပြန်နေလိမ့်မည်ထင်သည်။

(၃)

အလုပ်ကိစ္စဖြင့်  မြို့နှင့်အနည်းငယ်ဝေး သော ရွာတစ်ရွာသို့ ဒီနေ့သွားရသည်။ အရေး အကြောင်းဆို ဆိုင်ကယ်က  ပျက်နေသဖြင့်ဆိုင်ကယ်ကယ်ရီငှားရသည်။   မြို့ပြကနေ ထွက်လာပြီဆိုသည်နှင့်     မြေသင်းနံ့တို့ရ လေပြီ။

လယ်မြေထဲမှ ရိုးပြတ်တို့သည် အတို အရှည်မညီမျှစွာဖြင့်နွေဦးကို ကြိုဆိုနေကြ လေသည်။

အချို့လယ်မြေထဲမှာတော့  ပဲခင်းစိမ်းစိမ်း စိုစိုလေးများကိုလည်း    တွေ့ရပြန်သည်။ လမ်းဘေးဝဲယာမှာတော့ ထနောင်း၊  တမာပင် တို့သည် ရွက်ညှာခြွေ၍ရွက်သစ်လောင်းရန် အားယူနေကြသည်။  လက်ပံပင်မှ  လက်ပံ ဖူးငုံတို့ပင်  ထိပ်ဖျားနီနေလေပြီ။ အချို့ဆို ပွင့်တောင် နေကြပြီ။ နောက်ရက်အနည်းငယ် ဆို ပင်လုံးကျွတ်ပွင့်အာကြတော့မည်။

''လက်ပံတွေတောင်ပွင့်တော့မယ် ရွာကို လွမ်းလိုက်တာဗျာ'' ဟု  လက်ပံပင်ကိုကြည့်၍ ကယ်ရီသမားက  ဆွေးဆွေးမြည့်မြည့်ပြော တော့  ''ငါ့ညီ ဒီမြို့ခံမှတ်နေတာ  အော် နယ်ကပေါ့'' ကျွန်တော်ပြန်မေး၍ ကျွန်တော်ပဲ ပြန်ဖြေမိသည်။

''ဟုတ်တယ်အစ်ကိုနယ်မှာမွေးပေမယ့်လည်း ရေကြည်ရာမြက်နုရာဆိုသလို အဆင် ပြေမယ့်နေရာ အလိုက်ထိုက်နေရတာပေါ့ဗျာ၊ အင်း ရွာမရောက်တာတောင်ကြာပါပြီ၊ အမေ နဲ့ ဆွေမျိုးသားချင်းတွေတောင် မတွေ့ရတာ နှစ်အတော်ကြာပြီအစ်ကို''  ဟု   သူ့ခမျာ ဆက်ပြောပြန်သည်။  ပြောပြသည်ဆိုတာ ထက် အိမ်လွမ်းကြောင်း  ရင်ဖွင့်သည်ဆို ပို၍မှန်မည်ထင်။

''ဒီနှစ်သင်္ကြန်တော့ အမေ့ရွာ ကျမယ်လို့ စိတ်ကူးထားတယ်အစ်ကိုရာ၊    အင်း.... ဒါပေမယ့်'' ထိုသူသည် ''ဒါပေမယ့်'' နောက် သက်ပြင်းရှည် တစ်ချက်ချကာ ဘာစကားမှ ဆက်မပြောရှာပဲ  ဆိုင်ကယ်ကိုသာ  ဆက်၍ မောင်းနှင်နေသည်။  လက်ပံပင်ကတော့ ဝေး၍ဝေး၍ နေရစ်ဆဲ၊  တက်နေ၏အပူရှိန် လည်း ပို၍ပို၍ ပူလာဆဲ။

လက်ဖက်ရည်ဆိုင်က  ကလေး၊ ဘီယာ ဆိုင်က မောင်နှမနှင့်  အခု  ကယ်ရီသမား တို့သည် အလုပ်အကိုင်  အသက်အရွယ်မတူ ညီကြသော်လည်း တူညီသောအရာတစ်ခုက
အိမ်ကိုလွမ်းကြခြင်းဖြစ်သည်။

အခြေအနေအမျိုးမျိုးကြောင့် မိဘအိမ် နှင့်   ခွဲခွာခဲ့ရပေမယ့်   အဝေးကနေတော့ သံယောဇဉ်ကြိုးတို့ ချည်ရစ်ဆဲ။ အဝေးကနေ မိဘအရိပ်၊ အိမ်အရိပ်နှင့် ဇာတိရပ်ရွာ အရိပ်ကို ခိုလှုံဆဲ။

အော်.....

အဝေးရောက် နှောင်ကြိုးတို့ရဲ့  ရှိုက်သံ တို့သည် နွေတေးရှင်  ဥသြငှက်  မြည်ကြွေး သံထက် လွမ်းဆွတ်ကြေကွဲရပါတကား....

သူဝေး(တမာမြေ)
ကြေးမုံသတင်းစာ
မျိုးဆက်သစ်ရင်ပြင်
Credit

No comments:

Post a Comment