Thursday, July 18, 2019
ဖျော်ဖြေသူ ခင်ဗျားတို့ ဘက်ကလည်း
(၁)
၂၆မိုင် အပြေးပြိုင်ပွဲတစ်ခုတွင် အူလှိုက်သည်းလှိုက်အားပေးနေသော ပရိတ်သတ်တစ်ယောက်ကိုမြင်တော့ အံ့သြသွားမိသည်...
''ပြေးနေတဲ့ထဲမှာ ခင်ဗျားရဲ့ ဘော်ဒါတစ်ယောက်ယောက်များပါ
လို့ လား''
အားပေးလက်ခုပ်တီးနေရာက ကျနော့်ကိုပြန်ကြည့်ပြီး
''မပါ ပါဘူးဗျ''
''လူတွေပြေးနေကြတာ ခင်ဗျားကို ဘာဖျော်ဖြေမှုများပေးလို့ လဲ
ခင်ဗျားရပ်နေတဲ့နေရာကို တစ်ယောက်ပြီးတစ်ယောက် ရောက်လာတယ် တစ်ယောက်ပြီး တစ်ယောက်ကျော်သွားတယ်
ခြေလှမ်းတွေ ချွေးစက်တွေကလွဲရင် ဘာမှကို ထူးခြားတာမရှိတဲ့ပြေးပွဲကို ခင်ဗျားမို့  အချိန်ကုန်ခံရပ်ကြည့်ပြီး အင်တိုက်အားတိုက်အားပေးရတယ်လို့ ''
သူကကျနော့်ကို သကြားလုံးလေးတစ်လုံး လှမ်းကမ်းပြီး
''ဒီသကြာလုံးက US တစ်ဒေါ်လာပေးရတာ စားကြည့်''
၁ဒေါ်လာတန်တဲ့
သကြားလုံးအရသာကို ကျနော်သိချင်သွားမိတာက အမှန်
ကျနော် သကြားလုံးကို အိတ်မှ ဖောက်မယ်လုပ်တော့ သူက
''မဖောက်နဲ့  ဒီတိုင်းစုပ်ကြည့်ဗျ''
ကျနော်ပိုအံ့သြရပြန်သည်
US တစ်ဒေါ်လာတန်သကြားလုံးမို့  အိပ်ကမဖောက်ပဲစားရင်ကို
ချိုနေမည်လား...
ဟင့်အင်း... ကျနော်ထင်သလို ဖြစ်မလာခဲ့ဘူး
ပလက်စတစ်အိတ်ရဲ့ အကာအကွယ်မှာ သကြားလုံးအရသာဟာ လျှာပေါ် ရောက်မလာဘူး
''ဟာဗျာ အိတ်မဖောက်ပဲစားတော့ ဘာအရသာရှိမှာလဲဗျ''
''ဒါဆိုအိတ်ဖောက်ပြီးစားကြည့်''
ကျနော်လည်း မကျေမလည်နဲ့  အိတ်ဖောက်ပြီးစားကြည့်တော့
အရသာက ထူးထူးခြားခြား ကောင်းမွန်လွန်းလှသည်
''ဘယ်လိုလဲ အရသာရှိရဲ့မဟုတ်လား''
''တော်တော်ကောင်းပါတယ် ဒါနဲ့  ဘာအဓိပ္ပာယ်နဲ့  ကျနော့်ကို ဒီလိုလုပ်တာလဲ''
အတွင်းမှာရှိတဲ့ သကြားလုံးရဲ့အရသာကို ခံစားဖို့  အပြင်မှာရှိတဲ့ အိတ်ခွံကို ခင်ဗျားဖောက်ပေးရလိမ့်မယ်
အခုပြေးပွဲမှာ ခြေလှမ်းတွကို မြင်တယ်
ခွန်အားတွေ ဇွဲတွေ ဝီရိယတွေကို မမြင်ဘူး
ချွေးစက်တွေကိုမြင်တယ်
မောပန်းမှုတွေကိုမြင်တယ်
အဲ့မောပန်းမှုတွေကို သည်းခံရင်း အားတင်းရင်း ပန်းတိုင်ကိုရောက်အောင်ပြေးနေတဲ့ စိတ်ခွန်အားတွေ ရည်ရွယ်ချက်ခိုင်မာခြင်းတွေကို ခင်ဗျားမမြင်ဘူး
ပြေးပွဲက သိပ်တန်ဖိုးရှိတဲ့ သကြားလုံးဆိုရင် ခင်ဗျားက အိတ်မဖောက်ဘဲစားပြီး အရသာမရှိဘူးစွပ်စွဲနေသလိုပဲ...''
ဗဟိဒ္ဓပကာသနကြားမှာ အဇ္ဈတ္တအလှတရားကို ထုတ်ဖော်ဖို့  ကျနော် ပျက်ကွက်ခဲ့တာလား
(၂)
ကျနော်တို့  ပလက်စတစ်အိတ်မဖောက်ဘဲ ကြည့်ခဲ့တဲ့ ရုပ်ရှင်ကားတွေ
အိတ်မဖောက်ဘဲ နားထောင်မိတဲ့ သီချင်းတွေ
အိတ်မဖောက်ဘဲ ဖတ်မိတဲ့ ကဗျာတွေ ဝတ္ထုတွေ
နောက်ဆုံး အိတ်မဖောက်ဘဲ နာမိတဲ့ တရားဒေသနာတွေ ဘယ်လောက်တောင်ရှိခဲ့ပြီလဲ
ကြည့်ခဲ့ ဖတ်ခဲ့ နားထောင်နာကြားခဲ့ပေမယ့် ခံစားဖို့  ပျက်ကွက်တဲ့အခါ တကယ့်အရသာကို ကျနော်တို့  ထိတွေ့ ခွင့်မရခဲ့ဘူး
(၃)
ကျနော်တို့  ပန်းတိုင်တစ်ခုထားပြီးပြေးကြတယ်
မောပန်းလွန်းလို့  လက်လျှော့အဆုံးရှုံးခံလိုက်ရတဲ့ ပန်းတိုင် ဘယ်နှစ်ခုလောက်ရှိခဲ့ပြီလဲ
ပြေးပွဲရဲ့ပန်းတိုင်ဟာ ရည်ရွယ်ချက် တိကျခိုင်မြဲခြင်းရဲ့ အကောင်းဆုံး ဥပမာပေါ့
ဆေးလိပ်ဖြတ်မယ့်တစ်နေ့ ကို ပန်းတိုင်ထားပြီး
ဆေးလိပ်ဖြတ်တယ်
ခံနိုင်ရည်မရှိ သည်းခံနိုင်စွမ်းနည်းတော့ မပြတ်ဘူး
ဝနေရာက ကိုယ်ရည်စစ်ဖို့  ကြိုးစားတယ်
ကိုယ်ရည်စစ်ပေါ့ပါးသွားမယ့် ပန်းတိုင်ကို နှစ်သက်ပေမယ့်
ပြေးလမ်းမှာ မောပန်းလာတဲ့ အခါ ခြေလှမ်းတွေအရှုံးပေးကြတယ်
ပိန်ရာကနေ ခန္ဓာကိုယ်တောင့်တင်း လာဖို့ 
စာဖတ်အားနည်းရာကနေ စာပိုဖတ်ဖြစ်ဖို့ 
တစ်ပတ် အနည်းဆုံးဘယ်နှစ်အုပ်ဖတ်မယ်ဆိုတဲ့ တိကျတဲ့ ရည်မှန်းချက်ထားဖို့  ကျနော်တို့  ပျက်ကွက်တယ်
ကျနော်ညံ့နေသေးတာတွေကို ကျနော်ရေးပြတာ
ဒီစာကလည်း ကျနော်ခံစားချက်ကို ကျနော်ရေးပြရုံပဲ
အကြံပြုစာမဟုတ်ဘူးလို့  ယူဆရင် ဒါကိုယ့်ကိုယ်ကို ပြန်သတိပေးတဲ့စာပါ
ရည်မှန်းချက်ကို ရောက်အောင်လျှောက်တဲ့နေရာမှာကျနော်က သိပ်ညံ့တယ်
ကျနော်တို့ ပန်းတိုင်တွေတည်ဆောက်ဖို့  ပျက်ကွက်ကြသလို
တည်ဆောက်ပြီးသား ပန်းတိုင်တွေဆီသို့ လည်း ရောက်အောင်ပြေးဖို့  ပျက်ကွက်ကြတယ်
ရောက်အောင်ပြေးနိုင်ခဲ့ကြသူတွေကိုလည်း မုဒိတာတရားနဲ့  လက်ခုပ်တီးပေးဖို့  ပျက်ကွက်ကြတယ်
(၄)
အားကစားပွဲတွေအနုပညာပြပွဲကြည့်တဲ့အခါ ဖွံ့  ဖြိုးပြီးနိုင်ငံက ပရိတ်သတ်တွေကို
သိပ်အံ့သြချီးကျူးမိတယ်
ပြေးပွဲဆိုလည်း လူတွေအုံလို့ 
ဘောပွဲဆိုလည်း လူတွေအုံလို့ 
ရုပ်ရှင်ရုံဆိုလည်း လူတွေပြည့်လို့ 
Show ပွဲဆ်ုလည်း လူစည်ချက်က အံ့သြစရာ...
ခရီးတွေထွက်လိုက်ရင်လည်း သူတို့  ချည်းပဲ...
ဖွံဖြိုးပြီးနိုင်ငံကလူတွေက အပျော်အပါးသိပ်မက်တာလား
အချိန်တွေသိပ်ပိုနေတာလား
ဘယ်ပွဲဖြစ်ဖြစ် ပါလေရာ တွေလား
မဟုတ်ဘူး အပျော်အပါးသိပ်မက်တာမဟုတ်ဘူး
လူပီပီ ပျော်ပါးဖို့ ရာ မပျက်ကွက်တာ
အချိန်တွေသိပ်ပိုနေတာမဟုတ်ဘူး
နားချိန်အလုပ်လုပ်ချိန်ကို ကောင်းစွာစီ
မံခန့် ခွဲတတ်တာ
Time managementလို့  ခေါ်ရမှာပဲ
သူတို့ ဟာ အနုပညာတစ်ခုခုကိုတော့ သက်ဝင်ခံစားဖို့  ကြိုးစားကြတာများတယ်
ဒီလိုသက်ဝင်ခံစားပေးသူတွေရှိလို့  လည်း မိမိဝါသနာအပေါ် အရူးအမူးလျှောက်လှမ်းနေကြသူတွေ အောင်မြင်ခွင့်ရတာပေါ့
မင်းပြေးမှာလား
မင်းရဲ့ခြေလှမ်းတွေ ဇွဲတွေ ဟန်ချက်တွေ
အရှိန်အတင်အချ ခန့် ခွဲမှုတွေကို ခံစားပေးမယ်
မင်းပန်းချီဆွဲမှာလား
မင်းရဲ့စုတ်ချက်တွေ... ဆေးရောင်ရွေးချယ်မှုတွေ
ဆေးသားပေါင်းစပ်မှုတွေ
ဆန်းသစ်ဖန်တီးလိုတဲ့ အတွေး အမြင်တွေကို ခံစားပေးမယ်
အနုပညာ ဓါတ်ခံကောင်းကြတဲ့ တိုင်းပြည်မို့  အနုပညာရှင်တွေလည်း ကောင်းစားတယ်
အားကစားစိတ်ဓါတ်ရှိကြသူများမို့ 
လို့ လည်း အားကစားသမားတွေ ကောင်းစားတယ်
ကောင်းစားတဲ့အနုပညာရှင် နဲ့  အားကစားသမားတွေဟာလည်း နိုင်ငံ့ဂုဏ်အတွက် သူ့  အနုပညာကို ကမ္ဘာကိုပါလွှမ်းမိုးစေတယ်
အဲ့ဒိလို အနုပညာလှိုင်းတွေ ယဉ်ကျေးမှုလှိုင်းတွေ အားကစားအောင်မြင်မှုလှိုင်းတွေနဲ့ နိုင်ငံတကာကို
လွှမ်းမိုးနိုင်စွမ်းရှိတယ်
သူတို့ မှာ ဒီလိုပရိတ်သတ်ရှိတယ်
ဒီလိုပရိတ်သတ်ကို ပြန်ပေးဆပ်တဲ့ အနုပညာရှင်တွေလည်းရှိတယ်
ကျနော်တို့ လည်း ပရိတ်သတ်ကောင်းအဖြစ် အဆင့်မီမြန်မာ ရုပ်ရှင်ကားတွေကြည့်ချင်တယ်
အားပေးချင်တယ်
အဆင့်မီမြန်မာအားကစားကို အားပေးမယ်
ပရိတ်သတ်ကလည်း
ဖျော်ဖြေသူ ခင်ဗျားတို့ဘက်ကလည်း
....
#Error(Sithu)
20/4/2018
Credit
No comments:
Post a Comment