Creditပါ၊အရမ်းကြိုက်လို့ပြန်ကူးလာတာ!
ရုံးမှာ နေ့ခင်း ထမင်းစားချိန် လမ်းဘေးထမင်းဆိုင်လေးမှာ ထမင်းစားနေတုန်း
ကျောဘက်က စကားသံတစ်ချို့ကို ကြားမိလိုက်တယ်။
“မင်းကသာ ဘဲဥဟင်းနဲ့ စားနေရတာ။ မင်းအမေကျ ဟင်းကောင်းတွေနဲ့စားတာ။ မင်းကိုသာ ဒါပဲ ကျွေးတာ။ သူကျ အအေးတွေဘာတွေသောက်။ ဟင်းအစုံနဲ့စားတာ”
ဒီအထိ ကျွန်တော် လှည့်မကြည့်မိပါ။
ကလေးက ပြန်တော့ ပြောပေမယ့် ဘာမှန်းသေချာနားမထောင်မိ (သိပ်မကြားရ)။
ဒါကို ဟိုလူက ခုနက စကားမျိုးတွေကိုပဲ ဆက်ပြောပါတယ်။
ဒီတစ်ခါကျ ကလေးပြောတာ သဲ့သဲ့ကြားရတယ်။
“မေမေက ငါးဟင်းနဲ့ စားခိုင်းပါတယ်။ သားဖာသား ဘဲဥဟင်းနဲ့စားတာ”
ဒါကို ဟိုလူကဆက်ပြီး
“မင်းအမေက ညနေကျ ဦးxxx ကိုလည်း အရက်ဖိုးတွေပေးရ။ မင်းကိုသာ ဒီလိုထားတာ”
ကျွန်တော် မနေနိုင်တော့လို့ လှည့်ကြည့်လိုက်တော့ အသက် ဆယ်နှစ်လောက် ကလေး သူ့ဖာသူ ထမင်းစားနေတာကို အသက် ၅ဝ လောက်လူတစ်ယောက်က အရည်မရအဖတ်မရ ထိုင်ပွားနေတာ။
ဒီ စကားသံတွေကြားခဲ့ခြင်းကြောင့် အများကြီးဆက်တွေးမိပါတယ်။
အဲဒါကတော့ ဒီနိုင်ငံမှာ အဲလို ကလေးတွေကို အရည်မရ၊ အဖတ်မရ၊ မခံချင်အောင်၊ စိတ်နာအောင် ဆွပေးကြတဲ့ အကျင့်ကြီးကို ရောဂါစွဲသလိုပြုကျင့်နေကြပြီး ကလေးတွေကို စတာ ဆိုတဲ့ခေါင်းစဉ်အောက်မှာ မလုပ်သင့်တဲ့ အလေ့အကျင့်ကြီးကို မြိန်ရည်ယှက်ရည် လုပ်နေကြတာကိုပါ။
ကလေးတွေကို မခံချင်အောင်၊ စိတ်ထိခိုက်ဝမ်းနည်းအောင် အနှုတ်လက္ခဏာဆောင်တဲ့စကားတွေပြောပြီး စတာဟာ ဘယ်သူ့အတွက် ဘာအကျိုးရှိပါသလဲ။
အခုကြည့်၊ ကလေးကို အမေကို မုန်းအောင်၊ နာကျည်းအောင် လူကြီးတန်မဲ့ ဆိုက်ကိုတွေထည့်နေတယ်။ (ကလေးက ခုချိန်မှာ သူ့အသိဥာဏ်လေးနဲ့ သူ့အမေကိုကာကွယ်ပြောဆိုနေပေမယ့် ဒီ စကားတွေက တစ်ချိန်မှာ သူ့အတွက် သံသယတွေ၊ စိတ်မလုံခြုံခြင်းတွေနဲ့ မိသားစု ဆက်ဆံရေးမှာ အဆိပ်အတောက်တွေဖြစ်လာလိမ့်မယ်) တစ်ချို့ကလေးတွေရဲ့ စကားတွေဟာ လူကြီးတွေ ရိုက်ထည့်ထားပေးတဲ့ အတွေးတွေကနေလာပါလိမ့်မယ်။ ဒီအတွေးအခေါ်တွေဟာ သူတို့ ဘဝရဲ့ အခြေခံ အုတ်မြစ် foundation ဖြစ်လာတာပါ။
ဒီကလေးရင်ထဲမှာ ဆူးတွေပေါက်လာတော့ သူ့မှာ (ဘယ်သူ့အတွက်) ဘာအကျိုးဖြစ်ထွန်းပါသလဲ။
တကယ်တော့ ဒါဟာ ကလေးတွေရဲ့ နှလုံးသားကို အဆိပ်ရည်လောင်းထည့်နေတာပါပဲ။
တကယ်တော့ ဒါဟာ child abuse ပုံစံတစ်မျိုးပါ။
ဒါပေမယ့် နေရာတော်တော်များများမှာ၊ အိမ်တွေမှာ၊ လမ်းတွေမှာ ဒါကို အကျင့်ကြီးတစ်ခုလို လုပ်နေကြတာ တွေ့ရပါတယ်။
“မင်းအမေက မင်းကို မွေးစားထားတာ” (သူများနိုင်ငံမှာ တကယ်မွေးစားထားတာကို ကလေးမသိမှန်း ကိုယ်က အမှုမဲ့အမှတ်မဲ့နဲ့ လွှတ်ခနဲ သွားပြောမိရင်တောင် ကြီးမားတဲ့ အပြစ်ကြီး)
“သားသားကို မေမေက ထားခဲ့တော့မယ် (မင်းကို မေမေက ထားခဲ့ပြီးထွက်သွားပြီ)” (ကလေးတွေရဲ့ အကြောက်ဆုံး အထိခိုက်အနာကျင်စေဆုံးစကား - နှိုင်းယှဉ်ကြည့်ရင် လူကြီးတစ်ယောက်ကို ခင်ဗျားလုပ်ငန်းတွေအားလုံး ဆုံးရှုံးသွားပြီလို့ သွားပြောတာထက်ဆိုးတယ်)
“ဦးဦး၊ ဒေါ်ဒေါ်နဲ့ နေခဲ့မလား (လိုက်ခဲ့မလား)”
"မင်းတစ်ယောက်တည်း အသားမည်းနေတယ်၊ အမှိုက်ပုံက ကောက်ရလာတာထင်တယ်" (အသားရောင်ခွဲခြားတာက အိမ်မှာကတည်းက၊ ကလေးကို rejection၊ discrimination တွေခံစားခိုင်းတယ်)
နောက် အတူပါလာတဲ့ လူကြီးတွေ မမြင်အောင် ကလေးကို အမူအယာနဲ့ စတာ၊ ခြောက်တာတွေလည်းရှိသေးတယ်။
ပိုဆိုးတာကတော့ ကလေးတွေရဲ့ မကိုင်သင့်မကိုင်အပ်တဲ့ အင်္ဂါတွေကို ကိုင်ပြီးစတာ။
ဘောင်းဘီချွတ်ပြီးစတာ။ (ကလေးကို အရှက်ခွဲတာ၊ အရှက်ရအောင်လုပ်တာ)
ငယ်ငယ်က ဂိုက်သင်တဲ့ဆရာမက သူတို့အိမ်မှာ ကလေးလေး တစ်ယောက်ကို သူ့ဖိုအင်္ဂါကို ညှစ်ပြီး ငိုအောင် ဘယ်လိုစတဲ့အကြောင်း တွေ့ပြီဆိုတာနဲ့ ရအောင် ညှစ်တယ်ဆိုတဲ့အကြောင်းတွေကို ရယ်စရာလို လာပြောပြတော့ ကိုယ့်မှာ အံ့တွေသြလိုက်တာဆိုတာ။
ကလေးတွေကိုစပြီး သူတို့လေးတွေရဲ့ စိတ်ဆင်းရဲခြင်းမှာ ကိုယ့်ပျော်ရွှင်မှုကို ရှာတာ အင်မတန် အောက်တန်းကျပါတယ်။ (စချင်ရင် အင်တူအားတူ လူကြီးချင်း "ခင်ဗျားအိမ် မီးလောင်နေပြီ" လို့သွားစကြည့်ပါလား၊ ပျော်စရာကောင်းမကောင်းသိရအောင်)
ကလေးတွေရဲ့ စိတ်ခံစားမှုကလည်း သူတို့အထွာနဲ့သူတို့ သူတို့နှလုံးသားလေးထဲမှာ နာကျင်ခံစားတတ်ခြင်းမှာ လူကြီးတွေနဲ့ မခြားပါဘူး (လူကြီးတွေကမှ အတွေ့အကြုံရဲ့ ရင့်ကျက်မှုနဲ့ ပိုပြီး cope လုပ်တတ်ဦးမယ်)
သနားစရာကောင်းလောက်အောင် တစ်ချို့ကလေးတွေဟာ ဒီ trauma တွေနဲ့ ကြီးပြင်းလာကြရတယ်။
တစ်ချို့က အိမ်က အနီးကပ် နေတဲ့သူတွေက လုပ်တာခံရတယ် (စိတ်ပိုင်း၊ ရုပ်ပိုင်း၊ ခံစားမှုပိုင်းတွေကို abuse လုပ်ခံရတာ)။
တစ်ချို့ကျတော့ အဲဒီအိမ်က လူတွေအပြင် ခရီးသွားဟန်လွှဲ အိမ်လာလည်တဲ့သူတွေ၊ လမ်းမှာ တွေ့တဲ့သူစိမ်းတွေကအစ တစ်ခွန်းဆိုတစ်ခွန်း ပစ်မလွဲ ပြောဖြစ်အောင် ပြောတာ၊ လုပ်ဖြစ်အောင် လုပ်တာတွေခံကြရတယ်။ (ဒီအကျင့်ဆိုးကြီးက ဘယ်လောက်ဆိုးသလဲဆို အဲလို လူစိမ်းတွေကတောင် ခဏတဖြုတ်တွေ့တဲ့အခိုက်အတန့်လေးမှာ ကိုယ့်ကလေးကို တစ်ခုမဟုတ်တစ်ခု ပြောတာ၊လုပ်တာတွေ ကြုံနေကြရတာပါ)။
သူငယ်ချင်းတစ်ယောက်ပြောပြလို့ ကြားဖူးတာ အမေရိကန်မှာ ပြောင်းနေကြတဲ့ မြန်မာနိုင်ငံက တိုင်းရင်းသားတွေမှာ ဖြစ်တာ။ အဲဒီမှာ ဦးလေးတစ်ယောက်က သူ့တူရဲ့ အင်္ဂါကို ကိုင်ပြီး စတယ်တဲ့ (ဒီကလုပ်နေကြအတိုင်းပေါ့)။ အဲဒါကို သူတို့ဆီမှာ ကျောင်းတွေမှာလာပြီး ကလေးတွေကို ဒီလို အပြုအမူတွေလုပ်တာမျိုးခံရဖူးလားဆိုတာ စစ်ဆေးတဲ့အခါ ကလေးကလည်း ဘာအတွက် မေးမှန်းမသိတော့ အမှန်အတိုင်းဖြေတာပေါ့။ အဲလိုပဲ လုပ်ပါတယ်ဆိုတော့ အဲဒီဦးလေးကို သူဆူရှီလိပ်နေတဲ့ဆိုင်မှာလာပြီး တစ်ခါတည်း ဖမ်းသွားတာတဲ့။ ဆိုတော့ သူများနိုင်ငံမှာက ကလေးတွေကို အဲလိုကို ကာကွယ်တာ။
ကျွန်တော်တို့ကတော့ ကိုယ့်ကလေးကို အဲလိုလာလုပ်တာကို ခွင့်မပြုဘူး။
ကလေးကို ချစ်လို့ဆိုပြီး ရှော့ပင်မောလ်တွေ၊ ဆိုင်တွေသွားတဲ့ အခါ အရောင်းဝန်ထမ်းတွေက စကြတယ်။
ကျွန်တော်တို့လည်း ပြုံးပြီးပဲ ကြည့်နေတယ်။ ဒါပေမယ့် ကလေးက irritate ဖြစ်လာပြီ မကြိုက်ဘူးဆိုရင်တော့ ကိုယ်က ကြားဝင်ပြီး “သူ့ကို မစနဲ့နော်၊ သူက မကြိုက်ဘူး” လို့ ပြောလိုက်တယ်။
ဓာတ်လှေကားထဲမှာ တွေ့တဲ့သူတွေက ကလေးကို “ကလေးလေးက ချစ်စရာလေး၊ အန်တီနဲ့ လိုက်မလား” ဆိုရင် ကျွန်တော်က ကြားဝင်ပြီး ကလေးကိုယ်စား “မလိုက်ဘူး အန်တီ” လို့ပြောလိုက်သမီးလေး လို့ ဝင်ဖြေပေးတယ်။ အဓိကကတော့ ကလေးကို သင်ပေးဖို့နဲ့ ဒီ အနှုတ်လက္ခဏာ၊ အလိုက်မသိတဲ့စကားတွေကို လက်မခံကြောင်း ကလေးရှေ့မှာ ပြသပေးဖို့ပါ။ (ကိုယ်တိုင်က သူများ မဟုတ်တာလုပ်တာကို လက်မခံကြောင်း ကလေးရှေ့မှာ ပြဖို့ တွန့်ဆုတ်နေမယ်ဆိုရင် ကိုယ့်ကလေးကလည်း ဒါကို အတုယူပြီး မဟုတ်တာတွေကို လက်မခံဖို့ အားနာတတ်လာမယ်)
တစ်ချို့က ကလေးကိုလာပြီး “သမီးကို ဖေဖေ၊ မေမေတို့က မချစ်တော့ဘူးတဲ့” ဆိုတာမျိုး လာပြောရင် ကိုယ်က ချက်ချင်းပဲ ကလေးကို “ဖေဖေတို့က သမီးလေးကို အမြဲချစ်တယ်နော်” လို့ ပြောပေးတယ်။ ဒါတွေက ဥပမာတွေပါ။ အဓိက လိုရင်းက ကလေးကို လွဲမှားတဲ့ message နဲ့ ခံစားမှုတွေကို မရသွားစေဖို့နဲ့ သူ့ကို ဒီလိုလာလုပ်တာကို ကိုယ်က ခွင့်မပြုကြောင်း ကလေးရှေ့မှာ ပြသဖို့။
ဒီလိုလုပ်တာက အကဲပိုလွန်းတယ်လို့ ကျွန်တော်တို့ ဒီက ယဉ်ကျေးမှုအရ ထင်စရာဖြစ်နေပါတယ်။
ဒီမှာက ကျွန်တော်တို့က အဲဒီလိုလုပ်သူတွေကို ခုလိုပြန်တုန့်ပြန်ရမှာ အားနာနေကြတယ်။ ခက်တာက ဒီမလုပ်သင့်တဲ့ အပြုအမူတွေကို လုပ်နေသူတွေကတော့ အားနာရကောင်းမှန်းမသိကြဘူး။ (ဖြစ်နေတဲ့ culture က အဲဒီလို လုပ်တာတွေက လုပ်ရိုးလုပ်စဉ်၊ ကျွန်တော်တို့လို ပြန်တုန့်ပြန်တာက သမားရိုးကျမဟုတ် ဖြစ်နေလို့ပါ)
ဒီယဉ်ကျေးမှုက ပြောင်းပြန်လှန်သင့်နေပါပြီ။ တကယ်က အဲလို ကလေးကို ပုံစံအမျိုးမျိုးနဲ့ abuse လုပ်နေသူတွေက သူတို့လုပ်ရပ်တွေအတွက် အားနာရမှာ၊ ရှက်ရမှာ (သူတို့လုပ်တာ မှားမှန်း သူတို့ သိကြရမှာပါ)။ ဒီလို သူတို့က မသိဘဲ ပြုကျင့်နေကြတာတွေကို ကျွန်တော်တို့က ယဉ်ကျေးစွာနဲ့ လက်မခံ ကြောင်းကို ပြသကြဖို့လိုပါတယ်။
တစ်နေ့က ကလေး အကြီးနဲ့အငယ် ပြဿနာ အကြောင်း ရေးထားတဲ့စာတစ်ပုဒ်ထဲမှာ အိမ်လာတဲ့ ဧည့်သည်က အကြီးလေးကို မချစ်တော့ဘူး၊ အငယ်လေးကိုပဲ ချစ်တော့မယ်လို့ပြောလို့ အမေလုပ်သူက ဧည့်သည်ကို ခပ်တင်းတင်းကြည့်လိုက်တယ်လို့ ရေးထားတာဖတ်ရတယ်။ ကျွန်တော်က အဲဒါကိုဖတ်ပြီး ကိုယ့်အိမ်မှာ အဲလိုလာပြောလို့ကတော့ “ဒီအိမ်မှာတော့ နှစ်ယောက်လုံးကို အတူတူပဲချစ်တယ်။ အဲလို မျက်နှာလိုက်တာမျိုးတွေ ဒီအိမ်မှာ မပြောဘူးလို့ သဘောတူ ထားကြတယ်” လို့တောင် ပြောမယ်လို့ တွေးမိတယ်။
တစ်လောက သမီးလေးနဲ့ ဈေးဝယ်စင်တာတစ်ခုသွားတော့ ဓာတ်လှေကားတက်ဖို့ စောင့်နေတုန်းမှာ ကျွန်တော်က ရှေ့ကိုအာရုံရောက်နေလို့ သတိမထားမိချိန်မှာ သူ့အမေက “မကြောက်နဲ့ သမီးလေး၊ မေမေရှိတယ်။ မေမေဗျင်းပစ်လိုက်မယ်” လို့ ပြောသံကိုကြားပါတယ်။ ဓာတ်လှေကားထဲရောက်မှ ဘာဖြစ်တာလဲ မေးတော့ ကလေးကို နောက်ကနေ ကိုယ်တွေမမြင်အောင် အဲဒီက ဝန်ထမ်းကောင်လေးတွေက ခြောက်နေတာတဲ့။ ကလေးက ကြောက်ပြီး ကိုယ်တွေကြား ဝင်ပုန်းနေတယ်။ ဒါနဲ့ သူ့အမေက မျက်နှာ ခပ်တည်တည်နဲ့ ကလေးကို အဲလိုပြောလိုက်တယ်။
သေချာစဉ်းစားကြည့်ရင် အဲလို သူ့ဖာသူ လွတ်လပ်ပျော်ရွှင်ပေါ့ပါးနေကြတဲ့ ကလေးတွေကို ဘာလို့ ကြောက်သွားအောင်၊ သိမ်ငယ် ပုန်းကွယ်သွားအောင် လုပ်ချင်ကြရတာလဲ။
တစ်ချက်ကတော့ သူတို့ကိုယ်တိုင်လည်း ဒီလိုလုပ်ခံခဲ့ကြရလို့၊ နောက်တစ်ခုကတော့ ဒါက ဒီမှာ လုပ်နေကြ၊ ဖြစ်နေကြ အလေ့အထတစ်ခုဖြစ်နေလို့။ ကျွန်တော်ကတော့ ဒီအစဉ်အလာကြီးကို ချိုးဖျက်ပြီး ဒါတွေဟာ မလုပ်သင့်တဲ့ လွဲမှာတဲ့ အမူအကျင့်တွေဖြစ်ကြောင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့် သိနားလည်လက်ခံလာကြစေချင်တယ်။
ကိုယ့်အတွက်လည်း အကျိုးမရှိ၊ သူ့အတွက်လည်း အကျိုးမရှိတဲ့အရာတွေကို မပြောကြ၊ မလုပ်ကြဖို့ ဘာသာရေး အဆုံးအမတွေ၊ တွေးခေါ်ဆင်ခြင်မှုတွေအများကြီးရှိပါတယ်။
ဘယ်သူ့အတွက်မှ အကျိုးမရှိဘဲ အနာဂတ် မျိုးဆက်တွေကို အကြီးအကျယ် အကျိုးယုတ်စေနေတဲ့ culture (မယဉ်ကျေးမှု) ကြီးကို လက်ဆင့်မကမ်းတော့ဘဲ ကျွန်တော်တို့ ရပ်တန့်ကြရအောင်ဗျာ။
Credit
No comments:
Post a Comment