Wednesday, July 17, 2019

အချိန်တွေသာရပ်တန့်လို့ရမယ်ဆိုရင်

#အချိန်တွေသာရပ်တန့်လို့ရမယ်ဆိုရင်
⏰⏰⏰⏰⏰⏰⏰⏰⏰⏰⏰⏰
💧အချိန်တွေကိုသာ ရပ်တန့်လို့ရမယ်ဆိုရင်
တချို့လူတွေနဲ့ ပထမဆုံးစပြီးသိခဲ့တဲ့၊
စပြီးတွေ့ဆုံခဲ့တဲ့ အချိန်တွေကိုသာ
ရပ်တန့်ထားချင်မိတယ်။

💧ပထမဆုံးစတွေ့တဲ့အချိန်မှာ
လူတွေက တစ်ယောက်နဲ့ တစ်ယောက်
လေးလေးစားစား ခေါ်ပြောဆက်ဆံကြတယ်။
ဂရုတစိုက်ရှိကြတယ်။ နွေးထွေးကြတယ်။
နားလည်ပေးကြတယ်။ ချစ်ခင်ကြတယ်။
အတော်လေးအဆင်ပြေပြေရှိကြတယ်။

💧သို့သော် အချိန်တွေကြာလာတာနဲ့အမျှ လူတွေရဲ့ အတွင်းစိတ်တွေက ဗူးပေါ်သလို ပေါ်လာကြတယ်။
သူရောကိုယ်ရော ဟန်ဆောင်မျက်နှာဖုံးတွေ ကွာကျလာတယ်။ တစ်ယောက်အကြောင်းတစ်ယောက် သိလာတယ်။တစ်ယောက် အတွင်းစိတ် တစ်ယောက် သိလာတယ်။ကောင်းတာတွေရော မကောင်းတာတွေ ရောပေါ့။

💧အဲလိုသိကြတဲ့အခါ ကောင်းတဲ့အချက်တွေ၊ ကောင်းတဲ့စိတ်ရှိတဲ့သူတွေ၊ ကိုယ့်အပေါ် သဘောထားမှန်တဲ့သူတွေနဲ့ဆိုရင် အရင်ထက် ပိုပြီးအဆင်ပြေသွားတဲ့ ဆက်ဆံရေးတွေရှိသလို၊

💧ကိုယ့်အပေါ် သဘောထားမမှန်တဲ့သူတွေနဲ့
စိတ်ထားမကောင်းတဲ့သူတွေနဲ့ ဆုံရတဲ့အခါ တချို့လူတွေကြားမှာရှိတဲ့ ရှိရင်းစွဲ ခင်မင်လေးစားမှု ၊ နွေးထွေးမှု၊ နားလည်မှု၊ ဂရုစိုက်မှု စတာတွေတောင် ပျောက်လို့သွားပါတယ်။

💧ဟန်မပျက်သာ မဖြစ်မနေ ခေါ်ပြောဆက်ဆံနေကြပေမဲ့
တကယ်တမ်းတော့ ရင်ထဲကတော့ မပါကြတော့ပါဘူး။
အနှစ်သာရကင်းမဲ့တဲ့ ဟန်ဆောင်ဆက်ဆံရေးတွေသာ
ဖြစ်လို့လာပါတယ်။

💧ဒါ့ကြောင့်
လူတွေကို အမြင်နဲ့လဲ ဆုံးဖြတ်လို့မရသလို၊
ကိုယ့်အထင်နဲ့လဲ သုံးသပ်လို့ မရပါဘူး။
လူတွေကို အချိန်ကြာကြာ ပေါင်းကြည့်မှ၊ အပေါင်းအသင်း လုပ်ကြည့်မှသာလျှင် လူတွေရဲ့အကြောင်းကို သိနိုင်ပါတယ်။

💧အချိန်ကြာကြာပေါင်းကြည့်လို့ သူတို့အကြောင်း သိလာပြီး မိတ်ကောင်းဆွေကောင်းမှန်းသိလို့
ပိုပြီးရင်းနှီးချစ်ခင်သွားတဲ့သူတွေရှိသလို၊

💧အချိန်ကြာကြာပေါင်းကြည့်လို့ မိတ်ဆွေကောင်း
အဖြစ် ဆက်ပြီးတော့ ပေါင်းသင်းဆက်ဆံဖို့
မလိုအပ်တဲ့ သူတွေလဲ ရှိလို့နေပါတယ်။

💧အရမ်းကိုခင်မင်ပြီးကာမှ၊
အရမ်းကို သံယောဇဉ်တွေဖြစ်ပြီးကာမှ၊
အရမ်းကိုပဲ ချစ်ခင်တွယ်တာပြီးကာမှ၊
မမြင်ချင်၊ မတွေ့ချင်၊ မခေါ်ချင်၊ မပြောချင်လောက် အောင်ဖြစ်သွားတဲ့ ဆက်ဆံရေးတွေအတွက် နှစ်ဦးနှစ်ဖက်စလုံး အနည်းနဲ့အများတော့ ခံစားရမှာပါ။

💧သင့်အနေနဲ့ အရမ်းအလေးအနက်ထားတဲ့သူမျိုး၊
သင်က အရမ်းကို တွယ်တာရတဲ့မျိုး၊ သင်က အရမ်းကို ချစ်ခင်ရတဲ့သူမျိုးဆိုရင် သင်ပိုပြီးခံစားရမယ်ထင်ပါတယ်။

💧သင့်ရင်ဘတ်ထဲ စိုက်ဝင်နေတဲ့ ဓားတစ်ချောင်းကို
သင့်လက်နဲ့သင်ကိုယ်တိုင် ဆွဲနှုတ်ယူရတဲ့ ခံစားမှုမျိုးပေါ့။
ပြောမပြတတ်လောက်အောင် အတော်လေး နာကျင် ခံစားရပါတယ်။

#အရာရာကအစပိုင်းတော့ကောင်းတယ်။
ယင်းကဲ့သို့ပဲ လူတွေကလဲ စတွေ့တွေ့ချင်းမှာတော့ အားလုံးကောင်းကြတယ်။ စတွေ့တုန်းကသာ
မကောင်းခဲ့ရင် သံယောဇဉ်တွေတွယ်စရာမလိုသလို
ချစ်ခင်ခဲ့ကြမှာလဲ မဟုတ်ပါဘူး။

💧အစပိုင်းလေးမှာ ကောင်းခဲ့ကြလို့သာ အဆုံးမရောက် သေးတဲ့ အလယ်မှာ၊ သို့မဟုတ် အဆုံးတစ်နေရာမှာ
ခွဲခွာခြင်းဆိုတဲ့ ခေါင်းစဉ်အောက်ကို မဖြစ်မနေ ရောက်ခဲ့ကြတာပါ။

💧တကယ်တော့လေ...
လူတွေရဲ့ ခွဲခွာမှုတိုင်းက မချစ်ကြလို့ မဟုတ်သလို၊
အပြန်အလှန် မုန်းနေကြလို့လဲ မဟုတ်ပါဘူး။

💧သို့သော်လည်း အသက်ရှင်လျက် နာကျင်စွာနဲ့ ခွဲခွာဖို့အတွက်ဆိုရင်တော့ ဘယ်သူ့ကိုမှ မတွေ့ဆုံချင်ကြတာ အမှန်ပါ။ တွေ့ဆုံ ချစ်ခင် သံယောဇဉ် တွယ်ပြီးကာမှလဲ ဘယ်သူ့ကိုမှ မခွဲခွာချင်ပါဘူး။

💧တကယ်ပါ အချိန်တွေကိုသာ ရပ်တန့်လို့ရမယ်ဆိုရင် ခွဲခွာခြင်းမရှိသေးတဲ့၊ အမုန်းမဖက်သေးတဲ့၊
သူရော ကိုယ်ရော မနာကျင် မခံစားရသေးတဲ့
ဟိုးအရင်က  စတွေ့ခဲ့တဲ့ အချိန်တွေကိုသာ အခွေကြည့်သလို Pasue လုပ်ထားချင်မိတယ်။

Crd #ထီးကလေး

No comments:

Post a Comment