လူတစ်ယောက်တက်လာသည်။
စာရေးဆရာတစ်ဦးဖြစ်သည် ဆိုရုံကလွဲရင် သူ့ကို ကျမ တစ်ခါမှ မမြင်ဖူးပါ။
အသက်ကတော့ ၃၀ကျော်လောက်ပဲ ရှိဦးမည်ထင်သည်။ကျမတို့လို တက္ကသိုလ်ကျောင်းသားကျောင်းသူတွေအတွက် ရည်ရွယ်၍ ကျင်းပ ဖြစ်သော ဟောပြောပွဲတစ်ခုပေါ့။
"မင်္ဂလာပါ။ကျနော် ဝေမိုးပါ။
ကျနော် ဒီနေ့ဆွေးနွေးမယ့် အကြောင်းအရာကို ခေါင်းစဉ်မပြောသေးဘဲ ကျနော် ဆွေးနွေးချင်ပါတယ်။စကားကြိုခံချင်တာက ပွင့်လင်းစွာ.ဆွေးနွေးဟောပြောမှာဖြစ်လို့ ကျနော့်စကားအသုံးတွေဟာ ပွင့်လင်းရိုင်းစိုင်းခဲ့ရင် နားလည်ပေးပါလို့ ကြိုတင် မေတ္တာရပ်ခံချင်ပါတယ်။
နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံသားတွေရဲ့ ပျမ်းမျှရည်ရွယ်ချက်သာရှိမယ်ဆိုရင် ကျနော်တို့နိုင်ငံရဲ့ ပျမ်းမျှရည်ရွယ်ချက်က ဘာဖြစ်မလဲ။
ကျနော်ထင်ပါတယ်။ဝမ်းဝဖို့၊ဘဝအာမခံချက်ရှိမယ် အလုပ်တစ်ခုရဖို့ ဆိုတာ ကျနော်တို့နိုင်ငံရဲ့ ပျမ်းမျှ ရည်မှန်းချက်ဖြစ်မယ်ထင်တယ်။
မိဘတွေကလည်း သားသမီးပညာရေးကို တိုက်တွန်းတဲ့အခါမှာ ဝါသနာကို မေ့ခိုင်းထားပြီး ဘဝအာမခံချက်ကိုပဲ ဦးစားပေးချင်တယ်။
ဥပမာအားဖြင့် ဆရာဝန်၊စစ်ဗိုလ် စတဲ့ အလုပ်အဆင်သင့်ရှိတဲ့ လိုင်းမျိုးကို ရွေးချယ်စေချင်ကြတယ်။အဆိုတော်လုပ်မယ်ဆိုတဲ့ သားသမီး၊
ဘောလုံးသမားလုပ်မယ်ဆိုတဲ့ သားသမီးတွေကို ပံ့ပိုးဖို့ စိတ်မပါကြဘူး။
မိဘတိုင်းကို မဆိုလိုပါဘူး။ပျမ်းမျှသဘောကို ပြောတာပါ။ပျမ်းမျှရည်ရွယ်ချက်တွေ နိမ့်ကျရင် နိုင်ငံလည်း နိမ့်ကျတတ်တယ်။
ကျနော်တို့နိုင်ငံရဲ့ လမ်းစဉ်က မလုပ်မရှုပ်မပြုတ်လမ်းစဉ်ပဲ။ကျနော်တို့ နိုင်ငံမှာ တက်ကြွမှုကိုကြောက်တယ်၊စွန့်စားမှုကို ကြောက်တယ်။
နိုင်ငံနဲ့ချီတဲ့ စိတ်နေစိတ်ထားကို mind setလို့ ကျနော်သုံးစွဲမယ်။ကျနော်တို့ရဲ့ mind setတွေဟာ နိမ့်ပါးနေသေးတယ်။
ဘာကြောင့် ကျနော် ဒီလိုစွပ်စွဲတာလဲ။
ကျနော်တို့နိုင်ငံမှာ ကိုယ့်ရည်မှန်းချက်နဲ့ ဘဝကို ရုန်းကန်ရှင်သန်နေတဲ့သူ ဘယ်နှစ်ယောက်ရှိမလဲ။လူနည်းစုလား။လူများစုလား။
မလုပ်မရှုပ်မပြုတ်လေး ရှင်သန်ပြီး မလုပ်မရှုပ်မပြုတ်လေးနဲ့ သေဆုံးချင်ကြတယ်။
တက္ကသိုလ်တက်နေပြီဖြစ်တဲ့ ညီတို့ ညီမတို့ကို ကိုယ်မေးခွန်း သုံးခုမေးမယ်။
၁ ဒီတက္ကသိုလ်ကို မတက်ခင် မင်းတို့မှာ ရည်မှန်းချက်ရှိခဲ့လား။
၂ မင်းတို့ယူထားတဲ့ majorက မင်းတို့ရဲ့ ရည်မှန်းချက်နဲ့ ကိုက်ညီမှုရှိလား။
၃ ရည်မှန်းချက်မရှိသေးဘူးဆိုရင် ရည်မှန်းချက်ထားရကောင်းမှန်းသိပြီလား။
ရည်မှန်းချက်နဲ့ မျှော်လင့်ချက်ဆိုတာ တူသယောင်နဲ့မတူဘူး။ကြောင်းတူ သံကွဲပဲ။
တစ်နေ့မှာ အိမ်ကောင်းကောင်းတစ်လုံး ပိုင်ချင်တယ်ဆိုတာဟာ မျှော်လင့်ချက်ဖြစ်ပြီး
တစ်နေ့မှာ အိမ်ကြီးအိမ်ကောင်းနဲ့ နေကိုနေနိုင်ရမယ်ဆိုတာ ရည်မှန်းချက်ဖြစ်တယ်။
Want to beနဲ့ must to beဟာ အင်အားသိပ်ကွာတယ်မဟုတ်လား။
မျှော်လင့်ချက်ဆိုတာ လုံ့လမပါတဲ့ ဆန္ဒဖြစ်ပြီး
ရည်မှန်းချက်ဆိုတာ လုံ့လပါတဲ့ ဆန္ဒဖြစ်တယ်။
ရည်မှန်းချက်ဆိုတာ ခိုင်မာတဲ့သဘောရှိတယ်။
ဒါပေမယ့် ကျနော် ဒီနေ့ဟောပြောမှာ ရည်မှန်းချက်အကြောင်းမဟုတ်ဘူး။
ရည်မှန်းချက်တစ်ခုဖြစ်မလာခင်မှာ ရည်မှန်းချက်ကို ဖျက်ဆီးဟန့်တားမယ့် အကြောင်းအရာတစ်ခုအကြောင်းကို ဆွေးနွေးချင်တာပါ။
စဉ်းစားကြည့်ရအောင်။ဆယ်ကျော်သက်အရွယ်တွေအတွက် ဘဝကိုတိမ်းမှောက်စေတဲ့အထိ အန္တရာယ်ရှိတဲ့အရာတွေထဲက တစ်ခုကတော့ လိင်မှုရေးရာပဲ။
ညီတို့ ညီမတို့အားလုံးဟာ အပျိုအရွယ် လူပျိုအရွယ်ရောက်နေသူချည်းပဲ။
လိင်မှုကို တပ်မက်တဲ့ အသွေးအသားကို
ပိုင်ဆိုင်နေကြပြီ။
လူငယ်အများစုက ဒီလိုတွေးတယ်။ချစ်သူအရင်ရှာမယ်။ပြီးမှ အလုပ်တစ်ခုခုကို ရွေးချယ်မယ်။ကျနော်က ပိုကောင်းတဲ့အကြံပေးမယ်။
ရည်မှန်းချက်အရင်ထားပြီးမှ ကိုယ့်ရည်မှန်းချက်ကို ထောက်ပံ့ပေးနိုင်မယ့်သူကိုရွေးပါ။
ဒါမှမဟုတ် မနှောက်ယှက်မယ့်သူကိုရွေးပါ။
ဥပမာပေါ့။ ကိုယ်က မင်းသမီးသို့မဟုတ် မော်ဒယ်လုပ်ဖို့ ရွေးချယ်ထားရင် သဝန်မတိုတတ်မယ့်၊နားလည်မှုရှိမယ့် အမျိုးသားကိုရွေးပါ။
ကိုယ့်ရဲ့ရည်မှန်းချက်ကိုရှေ့တင်ထားပါ။
ကိုယ့်လက်တွဲဖော်ကို ကိုယ့်ရည်မှန်းချက်နဲ့ ကိုက်ညီဖို့ ရွေးချယ်ပါ။
ကိုယ့်မှာသာ ရည်မှန်းချက်၊ရည်ရွယ်ချက် မရှိထားဘူးဆိုရင် ကြုံရာကျပန်းစံနှုံးနဲ့ စိတ်စေရာကို ရွေးချယ်မိတော့မယ် မဟုတ်လား။
ရည်းစားထားတာကို မှန်တယ်မှားတယ်လို့ ကျနော်မဝေဖန်ချင်ဘူး။ညီတို့ ညီမတို့ အရွယ်တုန်းကတော့ ကျနော် ရည်းစားအသည်းအသန်လိုချင်ခဲ့တယ်။ကျနော်က ဝါရင့် FAလေ။
အသက် ၂၄လောက်ကျမှ ရည်းစားရတာ။
ကျနော်က ရည်းစားမထားတာမဟုတ်ဘူး။
အဖြစ်မရှိလို့ ရည်းစားမရတာ။
ရုပ်ချောပေမယ့် သတ္တိနည်းတယ်လေ။”
စင်အောက်မှ နားထောင်နေသူများ
ပြုံးသွားကြသည်။
"ကျနော် ရည်းစားမရခဲ့ပေမယ့် ရည်းစားများခဲ့တဲ့ သူငယ်ချင်းတွေအကြောင်းတော့ ကျနော်သိတယ်။သူတို့တွေထဲမှာ တက္ကသိုလ်ကျောင်းသား ဘဝကတည်းက လူပျိုရည်ပျက်ကြသူတွေမနည်းဘူး။
ကျနော် စော်ကားတာလည်း မဟုတ်သလို စွပ်စွဲတာလည်း မဟုတ်ဘူး။
ညီတို့ ညီမတို့ထဲမှာ ရည်းစားနဲ့ အိပ်ဖူးတဲ့သူတွေ ယေဘူယျအားဖြင့် ပါလိမ့်မယ်။”
ဟောပြောသူ၏ စကားကိုကြားတော့ ကျမ
ရှိန်းကနဲ ရှက်သွားမိသည်။တတိယနှစ်ကျောင်းသူ ကျမသည်လည်း ရည်းစားဟောင်းနဲ့
အိပ်ဖူးခဲ့သည်။ပြတ်သွားခဲ့ပြီ။
"ဒီနေရာမှာ အပျိုစင်တရားကို ကျနော်မဟောချင်ဘူး။ဘာကြောင့်လဲဆိုတော့ တက္ကသိုလ်ဆိုတဲ့နေရာမှာ အပျိုရည်၊လူပျိုရည် ပျက်ပြီးသူတွေရှိကြလိမ့်မယ်။ပြီးတော့ ဒီအရွယ်မှာ လိင်ကိစ္စကို ပျော်ပါးဖို့ ဘယ်မိဘကမှ တိုက်တွန်းကြမှာ မဟုတ်ဘူး။တားဆီးကြမှာချည်းပဲ။ဒါပေမယ့် ဖြစ်ခဲ့ကြတယ်။ဖြစ်နေကြဆဲ။
ဖြစ်ကြလိမ့်ဦးမယ်။
အရွယ်ရောက်လာကြပြီ။အထိုက်အလျောက် လွတ်လပ်လာကြပြီ။မိဘလောင်းရိပ်နဲ့ အတော်အတန်လွတ်ကင်းလာကြပြီ။
လိင်မှုကို ကိုယ့်ကိုယ်ပိုင် ထိန်းကျောင်းမှုကလွဲရင် ဘယ်သူ့ထိန်းချုပ်မှုကိုမှ နာခံစရာမလိုတဲ့ အရွယ်ရောက်လာပြီ။လိင်မှု ပျော်ပါးဖို့ကလည်း သိပ်ကိုလွယ်ကူနေပြီ။
ဒါပေမယ့် ညီတို့ညီမတို့မှာ သင့်တော်တဲ့ လိင်မှုအတွေးအခေါ်တွေအားနည်းနေကြသေးတယ်။ဒီတော့ ညီတို့ညီမတို့ ရဲ့ လိင်ပျော်ပါးမှုဟာ ဗရမ်းဗတာ
ဆန်ကြလိမ့်ဦးမယ်။
ဆိုပါစို့။ကျမအသက်က ၁၉နှစ်ရှိပြီ။
ရည်းစားရှိတယ်။သူက ကျမနဲ့ လိင်ဆက်ဆံဖို့ ဆန္ဒရှိတယ်။ကျမကလည်း ဆန္ဒရှိနေတယ်။
ဘာလိုဆုံးဖြတ်သင့်လဲ ဆိုတဲ့မေးခွန်းကို ကျနော့်ကို မေးပြီဆိုပါစို့။
ကျနော်ဖြေပြချင်ပါတယ်။
"ညီမရေ… မြန်မာအမျိုးသမီးတစ်ယောက် အနေနဲ့ အိမ်ထောင်ပြုမှသာ လိင်မှုကို ခံစားတာ အကောင်းဆုံးပါ”လို့။ဒါက traditionကို
လိုက်နာတဲ့အဖြေသာဖြစ်ပါတယ်။
ဒီအဖြေကြောင့် traditionကို လိုက်နာပြီး
လင်ချက်ချင်းယူသွားရင် ဘယ်လိုလုပ်မလဲ။
သူ့မှာ ရည်မှန်းချက်တွေရှိဦးမယ်။
လွတ်လပ်ချင်တာတွေရှိဦးမယ်။
တစ်ကိုယ်ရည်လျှောက်မှ ပိုသင့်တော်တဲ့
လမ်းတွေရှိဦးမယ်။တရားဝင် လိင်ဆက်ဆံခွင့်ရဖို့ အိမ်ထောင်ပြုလိုက်ရမယ်ဆိုရင် သူ့အတွက်နစ်နာမယ်။ကိုယ့်သွေးသားဆန္ဒကို ကိုယ်အသိဆုံးပဲ။ထိန်းချုပ်နိုင်တာဟာ အကောင်းဆုံးဆိုပေမယ့် လူတိုင်းဟာ အချိန်တိုင်းမှာ အကောင်းဆုံးကို ရွေးချယ်နိုင်ပါ့မလား။
ဒီတော့ အကြံနောက်တစ်မျိုးထပ်ပေးကြည့်မယ်။"ညီမရေ… ကိုယ့်ရည်မှန်းချက်၊ကိုယ့်ဂုဏ်သိက္ခာကို မထိပါးအောင် စောင့်ရှောက်နိုင်မယ်ဆိုရင် ညီမ ပျော်ခွင့်ရှိပါတယ်”လို့လေ။
လိင်ဆက်ဆံရုံနဲ့ ကိုယ့်ရည်မှန်းချက်၊ကိုယ့်ဂုဏ်သိက္ခာကို ဘာကြောင့် ထိခိုက်နိုင်တာလဲ။
လိင်ရဲ့ ဘေးထွက်ဆိုးကျိုးက ဘာတွေဖြစ်မလဲ။
သေချာပေါက် အပျိုရည်ပျက်မယ်။
လက်ခံနိုင်လား။အပျိုစင်မှ တန်ဖိုးရှိပါတယ်ဆိုပြီး သတ်မှတ်ချင်သူတချို့လည်း ရှိမယ်။
လက်ခံနိုင်လား။
လက်ခံနိုင်ရင် ဆက်တွေးမယ်။
ဒီအထိအတွေ့ဟာ မင်းကို သာယာစေမှာပဲ။
ဒါတော့ သေချာတယ်။နောက်ထပ် နောက်ထပ် မင်းတောင့်တလာမယ်။ကိုယ်ဝန်မရအောင် ဘာနည်းသုံးမလဲ။အကာအကွယ်သုံးမလား။
အရေးပေါ်တားဆေးသောက်မလား။
အရေးပေါ်တားဆေးက အကြိမ်ကြိမ်သုံးရတာ မဟုတ်ဘူး။side effectလည်းများတယ်။
သုံးလခံဆေး၊ခြောက်လခံဆေးတွေ ထိုးမလား။ဒီဆေးတွေက မင်းရဲ့ အလှအပကို ထိခိုက်နိုင်တယ်။ခန္ဓာကိုယ်ကို ပုံပျက်စေတယ်။
ထပ်တွေးမယ်။ဒီလိင်အရသာကို သာယာသွားရင် ဒီယောကျာ်းကို ခုချက်ချင်းလိုချင်စိတ်တွေပေါက်လာမယ်။သူနဲ့ ညတိုင်းသာ အတူတူနေရရင် ပြည့်စုံမယ်လို့ အထင်မှားတွေ ဝင်လာတတ်တယ်။အချိန်တစ်ခုမှာ ရိုးအီသွားမှာကို ကြိုမမြင်ဘူး။ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျသွားရင် ကိုယ်ရည်မှန်းထားတာတွေနဲ့ လွဲချော်သွားနိုင်တယ်ဆိုတာ တွေးမိပါ့မလား။
လွတ်လပ်တဲ့ လူငယ်ဘဝအရသာကို အပြီးတိုင် စွန့်လွှတ်ရမယ်ဆို တွေးမိလား။
"မဟုတ်ဘူး။ညီမက မယူချင်သေးဘူး။
ပျော်ပဲ ပျော်ကြည့်ချင်တာ”ဆိုရင် ထပ်မေးမယ်။မင်း ဆက်ဆံဖို့ ရွေးချယ်ထားတဲ့ အမျိုးသားက ဘယ်လိုလူမျိုးလဲ။
စားဖို့ပဲသိပြီး နောက်ဆက်တွဲရလဒ်ကို မတွေးထားတဲ့ ယောကျာ်းလား။
ပြဿနာတစ်ခုခုဖြစ်ခဲ့ရင် အတူတူရင်ဆိုင်ပေးမယ့်ယောကျာ်းလား။
သူက မင်းကို စားပြီးပြီဖြစ်ကြောင်း လျှာအရသာခံပြီး လျှောက်ဖွမယ့်ယောကျာ်းလား။
စောင့်ထိန်းမယ့် ယောကျာ်းလား။
ကားတစ်စီး စီးရင် ဒီကားက ဘယ်ကိုသွားမယ်ဆိုတာ မင်းသိရမယ်။ဒါမှ မင်းလက်ခံနိုင်တဲ့ ခရီးကိုရောက်မှာ။မင်းရဲ့ လက်ရှိအရွယ်ဟာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တဲ့ အရွယ်မဟုတ်သေးဘူး။တွေ့ကရာလူနဲ့ ပျော်ပြီး ဖြစ်သမျှကို ရင်ဆိုင်နိုင်စွမ်းမင်းမှာ မရှိသေးဘူး။
ဒီတော့ မင်းရဲ့ ပျော်ရွှင်မှုကို ဘေးကင်းအောင် မင်းကပဲ ကာကွယ်ရမယ်။စီမံရမယ်။
ဒီအရွယ်လေးတွေ အပျိုရည်အပျက်ခံဖို့ ဆုံးဖြတ်ကြတာအများစုဟာ သာယာနေချိန်၊ဖီးတက်နေချိန်မှာ လက်ခံမိလိုက်တာများတယ်။
ဖီးတက်နေချိန်မှာ သာယာမှု ပျော်ရွှင်မှုတွေ ဘေးကင်းချင်ရင် ဖီးမတက်သေးချိန်၊စိတ်ငြိမ်နေချိန်မှာ ကြိုတင်စဉ်းစားပါ။
ကိုယ်နဲ့ ဆက်ဆံမယ့်လူအကြောင်းကို ပွင့်ပွင့်လင်းလင်းဆွေးနွေးပါ။
ပျော်ပါးသူမိန်းကလေးအချို့က ခန္ဓာနဲ့သာ မရှက်ကြတာ။စကားနဲ့ ရှက်တယ်။နားနဲ့ရှက်တယ်။
အဲ့ဒါသိပ်လွဲတယ်။
အခန်းထဲမှာ ဘာတွေဖြစ်ကြမယ်ဆိုတာကို အခန်းပြင်မှာကတည်းက ဆွေးနွေးထားသင့်တာ။ကျမက တော့ အနမ်းပဲခံချင်တာ၊
ရင်သားလောက်ပဲ ပေးချင်တာ၊
လက်လောက်နဲ့ပဲ ခွင့်ပြုချင်တာဆိုရင် အခန်းပြင်မှာကတည်းက ကြိုဆွေးနွေးထားပေါ့။
အထဲရောက်မှ သူပြုသမျှ နုလိုက်ရရင် ၊မင်း ပေးချင်ထက် ပိုပါသွားရင် အဲ့ဒါမင်းညံ့တာ။
"ကျမကတော့ အကုန်ပေးရဲပြီ။ဒါပေမယ့် ဗီဒီယိုရိုက်တာမျိုး၊လိုင်းပေါ် ပျံ့တာမျိုးကိုမလို
ချင်ဘူး”ဆိုရင် ကြိုတား။ဖီးတက်နေချိန်ဆိုရင် အမျိုးသမီးတွေက အမျိုးသားရဲ့ဆန္ဒကို againstမလုပ်ချင်ဘူး။သာယာမှုကို ထိခိုက်နိုင်လို့လေ။ကျနော်ကြည့်ဖူးတဲ့ Home madeအများစုဟာ အမျိုးသမီးတားနေတဲ့ကြားက
အမျိုးသားက ဇွတ်ရိုက်တာမျိုး။
တားတော့ တားရှာတယ်။ပြတ်သားတဲ့ တားမြစ်မှုမျိုးမဟုတ်ဘူး။
ဒီတော့ လိင်မဆက်ဆံကြပါနဲ့လို့ အတင်းအကြပ်တားမြစ်မှုမျိုးကို မပြောလိုဘူး။
ပျော်ချင်ရင် အဲ့ဒိအပျာ်ကပြန်ပေးမယ့် ဘေးထွက်ဆိုးကျိုးတွေကို ကာကွယ်နိုင်စွမ်းရှိမှပျော်ပါ။မပျော်ခင်မှာ ဘေးကင်းဖို့ အရင်ပြင်ဆင်ပါ။ညီတို့ ညီမတို့ထဲမှာ လိင်ဆက်ဆံဖူးပြီး ဘေးကင်းနေကြသူတွေရှိလိမ့်မယ်။
ကြိုတင်ပြင်ဆင်လို့ ဘေးကင်းကြသူတွေရှိမယ်။ကံကောင်းလို့ ဘေးကင်းကြသူတွေရှိမယ်။
ကံအပေါ်ပုံပြီး မယုံလိုက်ပါနဲ့။
ကိုယ့်ဆင်ခြင်တုံတရားကိုပဲ ကိုယ်ယုံပါ။
ကိုယ့်ပြင်ဆင်မှုကိုပဲ ကိုယ်ယုံပါ။
မိန်းကလေးကို ပဲ ဦးတည်ပြီးပြောနေရတာဟာ ကျနော့်ရဲ့ ဆွေးနွေးချိန် အကန့်အသတ်ကြောင့်ပါ။လိင်အပျော်အပါးရဲ့ ဆိုးကျိုးကို မိန်းကလေးတွေနည်းတူ ယောကျာ်းလည်းတွေလည်း
ကြုံရတာပဲ။ဒါပေမယ့် ယောကျာ်းလေးကတော့ ထွက်ပေါက်ပိုများတယ်။လိင်အခွင့်အရေးပိုရတယ်။ဒီတစ်ခေါက်မှာတော့ အမျိုးသမီးအတွက်ပဲ ဦးစားပေးဆွေးနွေးချင်တယ်။
ကျနော့်ကို ၃၃နှစ်အရွယ်အမျိုးသမီးက ရင်ဖွင့်ဖူးတယ်။ရင်ဖွင့်တယ်ဆိုတာထက် သူ့ရဲ့အမှောင်ခြမ်းကို သင်ခန်းစာယူဖို့ ကုန်ကြမ်းပေးတယ်လို့ပဲ ယူဆပါတယ်။
သူတက္ကသိုလ်ကျောင်းသူဘဝကပေါ့။
သူက ၁၉နှစ်သမီးမှာ အပျိုရည်ပျက်တယ်။
အဲ့ဒိရည်းစားနဲ့ ၂နှစ်လောက် ပျော်ပါးတယ်။
၂နှစ်ကာလအတွင်းမှာ သူကချည်း စပွန်ဆာပေးရတာ။သူစွဲလန်းမိတယ်လေ။သူနဲ့အတူနေချင်အောင် သူဘက်ကချည်း ပေးဆပ်ရတဲ့သဘော။၂နှစ်ကြာတဲ့အခါမှာ သူ့ရည်းစားက သူ့ကို မလိုချင်သလိုလို လုပ်လို့ နှစ်ဦးသဘောတူ ပြတ်စဲတယ်။သူက ဒီအရသာကို တောင့်တသွားတယ်။နောက်ထပ် ဒေါက်တာတစ်ယောက်နဲ့ဆုံတယ်။အတူထပ်နေတယ်။
"အတူနေဖူးတယ် မဟုတ်လား”လို့မေးပြီး ဒေါက်တာက သူ့ကို ဖြတ်သွားပြန်တယ်။
သူ့ထပ် ၅နှစ်ငယ်တဲ့ယောကျာ်းနဲ့ အိမ်ထောင်ကျတယ်။ကလေး နှစ်ယောက်ရတယ်။
ဒါပေမယ့် ယောကျာ်းကတာဝန်မကျေဘူး။
သူ့အကြွေးတွေကို သုံးနှစ်လောက် ဆပ်ပေးနေရတယ်။သူ့ယောကျာ်းကို သူမလေးစားတော့ဘူး။သူ့ယောကျာ်းနဲ့ အတူနေရတာလည်း မသာယာတော့ဘူး။သူရိုးအီ စိတ်ပျက်နေတယ်။
သူက ကွဲချင်နေပြီ။ဟိုက ကွာမပေးဘူး။
သူအခု လိင်မှုအရသာအသစ်ကို တောင့်တနေတယ်။သူ့ယောကျာ်းဆီကတော့မဟုတ်ဘူး။
ဘယ်ကမှလည်း ရဖို့မလွယ်ဘူး။
သူ့အတွက်ထွက်ပေါက်မဲ့နေတယ်။
အသက်က ၃၃နှစ်။လိင်စိတ်ကုန်ဖို့က အဝေးကြီးလိုသေးတယ်။နောက်ယောကျာ်းယူတယ်ထားဦး။အဲ့ဒိယောကျာ်းကရော ကောင်းမယ်လို့ အာမခံချက်ရှိပါ့မလား။
ဖြစ်နေတဲ့အရာကို အပြစ်တင်နေလည်း မထူးဘူး။"အစ်မရေ ကြိတ်မှိတ်သည်းခံပါ”လို့လည်း ပြောမထွက်ဘူး။အတိတ်ကို ဆင်းပြီး အဖြေရှာကြည့်တော့
"သူ့ရဲ့ငယ်ဘဝမှာ လိင်မှုရဲ့ဆိုးခြင်းကောင်းခြင်းကို အုပ်ထိန်းသူတွေက မသင်ပြခဲ့ဘူးတဲ့။
၁၉နှစ်အရွယ်မှာ အတူနေခဲ့စဉ်က လိင်ကို ဆုလာလ်တစ်ခုလို မြင်ခဲ့တာတဲ့။
ဘေးထွက်ဆိုးကျိုးတွေကြိုမမြင်ခဲ့ဘူး။
လေ့လာရမှန်းမသိခဲ့ဘူး။
ပြင်ဆင်ရမှန်းမသိခဲ့ဘူး။
အခုချိန်မှာတော့ သူ့ရဲ့ လိင်သုခဟာ
ထွက်ပေါက်မဲ့စွာနဲ့။
အပြင်ပန်းကြည့်ရင်တော့ လူကောင်းလိုပဲ။
အတွင်းထဲမှာ လိင်သုခမဲ့နေတဲ့ အမျိုးသမီးများစွာရှိတယ်။ညီမတို့လည်း လိင်စိတ်ရှိနေကြပြီ။ရည်းစားထားကြမယ်။
အိမ်ထောင်ပြုကြဦးမယ်။
အိမ်ထောင်ရေးမှာ လူရွေးမှားရင် တစ်ဘဝလုံးနစ်မွန်းသွားနိုင်တယ်။ဒါကြောင့် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ဖို့ အရင်ကြိုးစားပါ။
တတ်နိုင်သမျှ လူရွေးမမှားဖို့ သတိပြုပါ။
မှားခဲ့ရင်လည်း ရုန်းထွက်ရဲတဲ့ အစွမ်းအစနဲ့ ရုန်းထွက်ရဲတဲ့ သတ္တိရှိစေချင်တယ်။
အမျိုးသမီးတွေဟာလည်း အမျိုးသားတွေနည်းတူ ပျော်ရွှင်ခွင့်ရဖို့ထိုက်တန်ပါတယ်။
ဒါပေမယ့် လိင်ကဏ္ဍမှာတော့ မိန်းကလေးက ပိုအန္တရာယ်များတာမို့ ပိုပြီးဂရုစိုက်စေချင်တယ်။ မလိုချင်ဘဲ ကိုယ်ဝန်ရတာတွေ၊
လိုင်းပေါ်မှာ ဗီဒီယိုပြန့်တာတွေ၊ နှုတ်ဖွာတဲ့ ယောကျာ်းနဲ့ ပတ်သက်မိလို့ သိက္ခာအချခံရတာတွေ၊ လိင်ပေါ် အလွန်အကျွံစွဲလန်းမိတာတွေ ရှိလာနိုင်တာမို့ ဘေးကင်းအောင် ပြင်ဆင်ပြီးမှ ပျော်ပါးပါ။
အနှစ်ချုပ်ရရင် လူတိုင်းမှာ ရည်မှန်းချက်တွေရှိသင့်တယ်။အမျိုးသမီးတွေမှာလည်း ရှိသင့်တယ်။ ယောကျာ်းတစ်ယောက်အပေါ် ဘဝပုံပြီး မမှီခိုဖို့ အကြံပေးလိုပါတယ်။အဲ့လို မှီခိုလိုက်ရင် သူထားသွားတဲ့အခါ ကိုယ်ကလဲပြိုသွားမှာ။
ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ရင် ဘယ်သူရှိရှိမရှိရှိ ကြောက်ရွံ့ နေဖို့မလိုဘူး။
ဒါကြောင့် ကိုယ့်ရည်မှန်းဆီကို ချီတက်ရာလမ်းမှာ လိင်ကိစ္စကြောင့် အပျက်ဆီးမခံပါနဲ့။
ကျနော်ခွင့်ပန်ခဲ့သလို ကျနော့်စကားတွေ ပွင့်လင်းရိုင်းစိုင်းခဲ့ရင် နားလည်ပေးပါလို့ တောင်းပန်ရင်း နိဂုံးချုပ်လိုက်ပါတယ်။”
ဟောပြောပွဲပြီးနောက် ကျမတို့ သူငယ်ချင်းနစ်စု တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိကြသည်။သက်ပြင်းကိုယ်စီ ချမိကြသည်။
ကျမတို့ ရည်းစားကိုယ်စီရှိကြသည်။
ပျော်ပါးခဲ့ဖူးကြသည်။ဘာပြဿနာမှတော့
မဖြစ်ခဲ့။ဒါပေမယ့် ဒီဆရာဟောပြောသလို ဆိုရင် ကျမတို့ ကံကောင်းခဲ့ခြင်းသာ။
သွေးသားဆန္ဒသပ်သပ်ဖြင့် ပျော်ပါးခဲ့သည်။
ဘာလေ့လာမှုမှမရှိခဲ့သလို ဘာပြင်ဆင်မှုမှ မရှိခဲ့။အခုချိန်အထိ ရည်မှန်းချက်ဆိုတာလည်း မရှိသေး။နောက်တစ်ကြိမ်ရည်းစားထားဖြစ်ရင်လည်း အဲ့ဒိရည်းစားနဲ့ အတူနေမိဖို့က သေချာသလောက်ရှိသည်။ပြင်ဆင်ဖို့၊ကာကွယ်ဖို့ အသိဝင်လိမ့်ဦးမည်မဟုတ်သေး။
ဟူး… ကျမမှာ ရည်မှန်းချက်ရှိဖို့တော့ကောင်းပြီ။ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ဖို့ ပြင်ဆင်ရဦးမည်။ကျမရည်မှန်းချက်က ကျမလမ်းမချော်သွားအောင် ထိန်းပေးနိုင်လိမ့်မယ်လို့ ယုံကြည်လိုက်ချင်သည်။
#Sithu(Error)
22.7.2019
ဖြစ်ရပ်မှန်တချို့ကို ထည့်ရေးထားတာပါ။
Credit
No comments:
Post a Comment