#အရင်လိုမဟုတ်တော့တဲ့ငါ
ခုနောက်ပိုင်း...... အရင်လို
အရွဲ့မတိုက်တတ်တော့ဘူး၊
စိတ်ကောင်းမရှိရင် ကြုံတွေ့လာရမယ့်
ကံဆိုးမှုတွေကို တွေးမြင်တတ်လာကာ
ကိုယ်ကောင်းရင် ခေါင်းမရွေ့ပါဘူးဆိုပြီး
အားတင်းနေထိုင်တတ်လာတယ်။
ခုနောက်ပိုင်း ..... အရင်လို
အတင်းအဖျင်းမပြောတတ်တော့ဘူး။
သူများအတင်းပြောတဲ့သူဟာ
ကိုယ့်အတင်းလည်း
အပြောခံရတတ်တယ်ဆိုတာကို
ကောင်းကောင်းသုံးသပ်ဆင်ခြင်မိလာပြီး
ကိုယ့်အပြောအဆိုတွေကို
မြိုသိပ်ထားတတ်လာတယ်။
ခုနောက်ပိုင်း - - - အရင်လို
သိပ်မငြင်းတတ်တော့ဘူး....။
ရှုထောင့်မတူရင် အမြင်မတူနိုင်တာကို
ကောင်းကောင်း
နားလည်သဘောပေါက်လာခဲ့ပြီလေ။
ခုနောက်ပိုင်း .....
တွေ့လေသမျှ မြင်လေသမျှ
လိုချင်မိတာမျိုးတွေ ရှောင်တတ်လာတယ်။
လိုချင်သမျှတိုင်းသာ ဖြည့်ဆည်းနေရရင်
တကယ်လိုအပ်တာတွေ
မဝယ်နိုင်တော့မှာကြောက်လို့
ချိုးခြံချွေတာတတ်အောင်
ကြိုးစားပြုပြင်တတ်လာတယ်။
ခုနောက်ပိုင်း .....အရင်လို
သိပ်မရှင်းပြချင်တော့ဘူး....။
ကိုယ့်ဆီက အဖြေမှန်ကို
အမှန်တကယ်ပဲလိုချင်တာလား?
ဒါပါ့မဟုတ် - - -
ကိုယ်ဖြူရင် သူကမဲဖို့ ရွဲ့နေတာလား?
ခွဲခြားသုံးသပ်ရင်း
တိတ်တဆိတ်ပဲ နေဖြစ်သွားတယ်....
ခုနောက်ပိုင်း .....အရင်လို
မနာလိုစိတ်တွေ အဝင်မခံတော့ဘူး။
ကိုယ်လုပ်နိုင်ရင် ကိုယ်ရမယ်။
မလုပ်နိုင်သေးသရွေ့တော့
သူများအဆင်ပြေတာကို
မနာလိုနေရတဲ့ဘဝက
လွတ်မြောက်တော့မှာ မဟုတ်ဘူးလို့
တွေးသိလာခဲ့တယ်။
ခုနောက်ပိုင်း.....အရင်လို
ဆတ်ဆတ်ထိမခံ မတုန့်ပြန်ချင်တော့ဘူး....။
သည်းခံနိုင်သလောက် သည်းခံလိုက်တယ်။
သည်းမခံနိုင်ရင် မျက်နှာလွှဲနေလိုက်တယ်။
အဓိက ကိုယ့်စိတ် ဒေါသမဖြစ်အောင်
ထိန်းထိန်းသိမ်းသိမ်းနေဖြစ်လာတယ်....
ခုနောက်ပိုင်း .....
ဖားပြီး ပေါင်းသင်းရမှာမျိုးကို ရွံတတ်လာတယ်။
ဖားနိုင်မှအကောင်းမြင်တတ်တဲ့မိတ်ဆွေတွေဟာ
မဖားနိုင်တဲ့အခါ သစ္စာဖောက်ဖို့
ဝန်မလေးတတ်ကြတာကို သိလာတော့
ကိုယ့်ကိုယ်ကိုယ်ပဲ
မှန်မှန်ကန်ကန်နေနိုင်အောင်
ကြိုးစားနေလိုက်တော့တယ်။
ခုနောက်ပိုင်း.....အရင်လို
ပြဿနာတွေကို တနုံ့နုံ့တွေးပြီး
ဒေါသထွက်မနေတတ်တော့ဘူး...။
ကြုံတွေ့လာသမျှ သင်္ခါရမို့
အချိန်တန်တော့လဲ
ပြီးသွားတာပါပဲလို့တွေးရင်း
ကိုယ့်စိတ်ကို နှစ်သိမ့်ပေးတတ်လာတယ်....
ခုနောက်ပိုင်း .....အရင်လို
စကားများများမပြောချင်တော့ဘူး။
စကားထဲက အမှားပါဆိုသလို
အမှားစကားတွေ ပြောမိသွားရင်
မိမိရော သူတစ်ပါးကိုပါ
မထိခိုက်စေချင်တော့လို့
ကိုယ့်အပြောအဆိုတွေကို
မြိုသိပ်ထားတတ်လာတယ်။
ခုနောက်ပိုင်း.....အရင်လို
ကိုယ်ကပဲအနစ်နာခံနေရတယ်လို့
သိမ်ငယ်စိတ်နဲ့ သိပ်မတွေးဖြစ်တော့ဘူး....။
လောကနိယာမအရ...
အနစ်နာခံနိုင်တဲ့သူဟာ
တကယ်တမ်းကျတော့
မနစ်နာတဲ့သူပဲဆိုတာ
ကောင်းကောင်းသိလာလို့
နာတယ် သာတယ်မတွေးတော့ဘဲ
နေတတ်လာတယ်။
Credit #အတွေးလှဆရာတော်
No comments:
Post a Comment