သင် သိသင့်တဲ့ အကြောင်းအရာများ
=======================
၁။ “လူတွေက သင့်ကို ဆန့်ကျင်နေတာ မဟုတ်ဘူး။ သူ့တို့အတွက် သူတို့ ရပ်တည်နေတာ”
တစ်ခါတစ်လေ သင်ခံစားမိမှာပါ။ တစ်လောကလုံးက သင့်ဘက်မှာမရှိဘူး။ သင့်ကို နားလည်မပေးနိုင်ဖူးလို့။
တကယ်တော့ သူတို့က သင့်ကိုဆန့်ကျင်နေတာမဟုတ်ပါဘူး။ သူတို့အတွက် သူတို့ရပ်တည်နေတာပါ။ ဒါကို သင်သဘောပေါက်ဖို့ လိုပါတယ်။
၂။ “မြင့်မားတဲ့တောင်ပေါ်တက်တယ်ဆိုတာ လောကကြီးက သင့်ကိုမြင်ဖို့ မဟုတ်ဘူး။ သင်က လောကကြီးကို မြင်တွေ့ခွင့်ရဖို့”
တစ်ခါတစ်လေမှာ လူတွေအတွေးက သူများရှုထောင့်ကနေ သိပ်ကြည့်တတ်ပါတယ်။ အဲဒီ့အခါမှာ အောင်မြင်မှုဆိုတာကလည်း
လူများစုရဲ့ ရှုထောင့်ကနေကြည့်ပြီး ယေဘုယျ သတ်မှတ်လိုက်ကြတော့တာပါပဲ။
တကယ်တော့ အောင်မြင်မှုဆိုတာ သူများရဲ့ လက်ခုပ်သံတွေနဲ့ တိုင်းတာတာမဟုတ်ပါဘူး။ အောင်မြင်မှုဆိုတာ ကိုယ့်အတွင်းစိတ်ထဲက
ကိုယ့်လုပ်ရပ်အပေါ် ဂုဏ်ယူဝင့်ကြွားနေတာမျိုးကို ခေါ်တာပါ။ (သင့်ပတ်ဝန်းကျင်မှာ ငွေပုံပေါ်ထိုင်ပြီး ကျရှုံးတယ်လို့ ခံစားနေရသူတွေ၊
ပန်းချီစုတ်တံလေးကိုင်ပြီး အောင်မြင်နေတဲ့သူတွေ အများကြီးရှိပါတယ်)
.
၃။ “သင် ရခဲ့တဲ့ သင်ခန်းစာအတော်များများဟာ အောင်မြင်မှုကနေထက်စာရင် ရှုံးနိမ့်မှုကနေရခဲ့တာများတယ်။ ဒါကြောင့် ရှုံးမှာ မကြောက်နဲ့။”
အောင်မြင်မှုဟာ သင့်ကို ဂုဏ်ယူစရာတွေ ဖြစ်စေတယ်။ ရှုံးနိမ့်မှုတွေကတော့ သင့်ကို သင်ခန်းစာတွေ ရစေတယ်။ ဘဝကို လျှောက်လှမ်းဖို့
ဂုဏ်ယူမှု၊ ပီတိတွေနဲ့တင် မလုံလောက်ပါဘူး။ သင်ခန်းစာတွေလည်း လိုအပ်ပါတယ်။ ဒီတော့ အခုအချိန်ကစပြီး ရှုံးနိမ့်မှုကို မကြောက်လန့်ပါနဲ့။
ရင်ဆိုင်လိုက်ပါ။ (ရှုံးနိမ့်မှုဆိုတာ သင်ယူဖို့ပါ။ ဒါပေမယ့် ရှုံးနိမ့်မှုမှာ ပျော်မွေ့နေမယ်ဆိုရင်တော့ အရှုံးသမားဖြစ်သွားနိုင်ပါတယ်။)
.
၎။ “ဘဝတစ်လျှောက်လုံးမှာ သင်နဲ့အချိန်အကြာဆုံးအတူရှိမယ့်သူဟာ သင်ကိုယ်တိုင်ပဲ။ ဒါကိုမမေ့နဲ့”
မွေးရာကနေ သေဆုံးတဲ့ထိ သင်နဲ့အတူအချိန်တော်တော်များများရှိမယ့်သူဟာ သင်ကိုယ်တိုင်ပါပဲ။ ဒါကို လူအတော်များများ မေ့နေကြပါတယ်။
ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို နားလည်အောင် ကြိုးစားရင်၊ ဂရုစိုက်ဖို့လုပ်ရင်း အချိန်တွေပေးကာ ကိုယ့်ကိုယ်ကို လျစ်လျူရှုမိတတ်ပါတော့တယ်။
ကိုယ်ဟာဘယ်လိုလူမျိုးလဲတောင် ရေရေရာရာနားမလည်တဲ့သူတွေ အများကြီးရှိပါတယ်။
ဒီတော့ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။ နားလည်အောင် ကြိုးစားပါ။ ပျော်ရွှင်အောင် ဖန်တီးပါ။ ဒါပေမယ့် အတ္တတော့ မကြီးမိပါစေနဲ့။
.
၅။ “ကန့်သတ်ချက်တွေ ရှိရင် ကျော်သွားပါ”
သင့်သိစိတ်ကပဲဖြစ်ဖြစ်၊ မသိစိတ်ကပဲဖြစ်ဖြစ် သင့်ကိုယ်သင် ကန့်သတ်ထားတဲ့အရာတွေ ရှိပါတယ်။ ငါကတော့ တစ်နာရီထက်ပိုပြီး စာမဖတ်နိုင်ဘူး။
ငါကတော့ အမှတ် ၄၀ ထက် ပိုအောင် မဖြေနိုင်ဘူး။ စသဖြင့်ပေါ့..။ ဒီလို ကန့်သတ်ထားတဲ့အရာတွေရှိမယ်ဆိုရင် တစ်ခါလောက်ဖြစ်ဖြစ် ကန့်သတ်မှုတွေကို
ကျော်ဖြတ်မယ်ဆိုတဲ့စိတ်နဲ့ ကြိုးစားကြည့်ပါ။ တကယ်တော့ သင်ဟာ အကန့်အသတ်မဲ့လုပ်နိုင်တယ်ဆိုတဲ့အရာကို သဘောပေါက်လာပါလိမ့်မယ်။
.
၆။ “စိတ်အားတက်ကြွမှု (motivation) ဆိုတာ ရေရှည်မခံဘူး”
လူတွေက ပြောကြတယ်.. Motivation ဆိုတာ ပေါ်ပြီးရင်ခဏပဲ။ ပြီးရင် ပြန်ပျောက်သွားကောတဲ့။ သင် သတိထားမိလား?
ရေတစ်ခါချိုးထားရင် တစ်သက်လုံးမခံပါဘူး။ ခဏခဏရေချိုးရပါတယ်။
ဒီလိုပါပဲ..။ သင့်စိတ်ကို တက်ကြွစေတဲ့အရာတွေကိုလည်း ဘာလို့ ထပ်ကာထပ်ကာ မဖန်တီးနိုင်ရမှာလဲ။
.
၇။ “သင့်အောင်မြင်မှုရဲ့ အကြီးမားဆုံးရန်သူကတော့ သင့်ရဲ့ သက်တောင့်သက်သာနေလိုစိတ်ပဲ”
ဒီအတိုင်းလေးပဲ အဆင်ပြေပါတယ်လေဆိုတဲ့ သင့်ရဲ့ အတွေးက သင့်အောင်မြင်မှုကို ထိန်းချုပ်ထားတဲ့ အကြီးမားဆုံးရန်သူပါပဲ။
comfort zone ထဲက ရအောင် ရုန်းထွက်ပါ။ ပြီးရင် စိန်ခေါ်မှုတွေကို လက်ခံရင်ဆိုင်ပါ။
__________________
လေးစားမှုများဖြင့်..
ရွှေညာမောင်
No comments:
Post a Comment