Thursday, July 18, 2019

နှလုံးလှသူ

နှလုံးလှသူ
-----------
ဟိုးရှေးရှေးက လူသားတွေမှာ “နှလုံးလှပြိုင်ပွဲ” ကျင်းပလေ့ရှိတယ်။

နှလုံးလှပြိုင်ပွဲကို လူစည်ကားရာ မြို့လယ်က ကွင်းထဲကျင်းပတယ်။ အဲဒီခေတ်က ရင်ဘတ်ကိုဖွင့်လိုက်ရင် နှလုံးသားကို ထိုးဖောက်မြင်နိုင်တဲ့ခေတ်လေ။
တစ်နေ့တော့ နှစ်စဉ်ကျင်းပတဲ့ နှလုံးလှပွဲနေ့ကို ရောက်လာတယ်။ လူငယ်လေးတစ်ယောက်က စင်ပေါ်တက် လာပြီး ရင်ဘတ်ကို ဖွင့်ပြလိုက်တယ်။
“ကြည့်လော့ ကျွန်ုပ်နှလုံးသား”
သူက အင်္ကျီကို ချွတ်ပြီး ဝင့်ကြွားစွာ ဖွင့်ပြလိုက်တဲ့ နှလုံးသားကို လူတွေကကြည့်ပြီး
“ဟာ” ခနဲဖြစ်ကုန်ကြတယ်။ အသံမျိုးစုံလည်း ထွက်လာတယ်။
“အို လှလိုက်တဲ့ နှလုံးသား။ သွေးရောင်ကနီမြန်း။ လျှမ်းလျှမ်းတောက်နေတာပဲ”
“သူ့ကို ဆုပေးပါ … သူသာ အလှဆုံး နှလုံးသားပိုင်ရှင်ပါ”
တစ်ကွင်းလုံးကို သူ့နှလုံးသား ဂုဏ်ယူပြီး ကြွားနေချိန်မှာ လူအုပ်ကြားက အသံတစ်သံပေါ်လာတယ်။
“နေကြပါဦးကွယ် … ငါလည်း နှလုံးလှပြိုင်ပွဲမှာ ဝင်နွှဲချင်ပါတယ်”
လူအုပ်ကြားကနေ ကွင်းလယ်ကို ထွက်လာတဲ့သူက အဘွားကြီးတစ်ယောက်။ တောင်ဝှေးကိုထောက်ပြီး တတောက်တောက်နဲ့ လျှောက်လာရင်းက လူငယ်လေး မတ်တတ်ရပ်နေတဲ့ စင်ပေါ်နားကို ရောက်လာတယ်။
“သားရယ် … အမေ့ကို စင်ပေါ်တက်ခွင့်ပြုဦးလေ”
ကောင်လေးက လက်ကမ်းပေးလိုက်တယ်။ အဘွားအိုက လှေကားအတိုင်း ဖြည်းဖြည်းလေးတက်လာတယ်။
“အမေ … ဘာလုပ်မလို့လဲ”
“ငါလည်း ပြိုင်မှာပေါ့။ နှလုံးလှပွဲဆိုတာ လူတိုင်း ပြိုင်လို့ရတာပဲ မဟုတ်လား”
“ဒါဆိုလည်း ပြလေ”
အဘွားကြီးက
“အို ရှုလော့”
သူ့ရင်ဘတ်ကို ပြလိုက်ချိန်မှာ လူတွေက
“ဟာ” ဆိုပြီး ဖြစ်သွားကြတယ်။
အချို့ကရယ်ကြတယ်။ အချို့ကလှောင်ကြတယ်။ အချို့က နှာခေါင်းရှုံ့ကြတယ်။
“ဟာ … ဘာကြီးလဲ”
လူတွေပြောမယ်ဆိုလည်း ပြောစရာ။ အဘွားကြီးနှလုံးက ခုန်နေတယ်သာဆိုတာ အရောင်ကမှိန်၊ သွေးတွေက မနီရဲ၊ နှလုံးသားမျက်နှာပြင်မှာ ဒဏ်ရာတွေနဲ့။ အချို့သော နေရာတွေမှာ ပဲ့ထွက်နေတာတောင် ရှိနေသေး။
“အို … ဘယ်လိုနှလုံးသားမျိုးနဲ့ ဒီပြိုင်ပွဲကို ဝင်ပြိုင်ရတာလဲ”
“အဘွားကြီး ဒီလောက်ဆိုးရွားတဲ့ နှလုံးနဲ့များ ပြိုင်ပွဲဝင်ရဲတယ်”
လူတွေက ဝိုင်းအော်ကြတယ်။ ဒိုင်တွေက လက်ပြပြီး
“နေကြပါဦး အဘွားကြီး … ခင်ဗျား ဘာကြောင့် ဒီပွဲကိုဖျက်ရသလဲ။ အကြောင်းပြချက် ကောင်းကောင်းပေးပါ”
ကောင်လေးကလည်း
“အမေ နောက်နေတာလား။ အမေ့နှလုံးနဲ့ ကျွန်တော့်နှလုံး ယှဉ်ကြည့်စမ်းပါ။ ရွှေနဲ့ရွှံ့လိုကွာတယ်ဆိုတာ လူတိုင်းသိနေပါပြီ။ စင်ပေါ်ကဆင်းတော့”
အဘွားအိုက ပြုံးပြီးတော့ ကြည့်လိုက်တယ်။ ပြီးတော့ တစ်ခွန်းချင်း ပြောလိုက်တယ်
“ဟုတ်ပါတယ်သား … မင်းနှလုံးသားက ဘာမှ အပြစ်ဆိုစရာ မရှိလောက်အောင် ကောင်းပါပေတယ်။ လှပါပေ တယ်။ အမေ့နှလုံးသားမှာတော့ ဒဏ်ရာတွေ၊ အမာရွတ်တွေနဲ့ဆိုတော့ ဘယ်လှတော့မှာလဲ။ ဒါပေမဲ့ အမေ့နှလုံးသားပေါ်က ဒဏ်ရာတစ်ချက်တိုင်းဟာ အမေချစ်တဲ့သူတွေက ထားခဲ့တဲ့ဒဏ်ရာတွေ။ အမေ့ နှလုံးသားပေါ်က ပဲ့ထွက်နေတဲ့ နေရာတိုင်းဟာ အမေ့ဆီကနေ ငှားသွားပြီး ပြန်လာမပေးတဲ့ နေရာလွတ်တွေပါ။ ဒီအတိုင်းပါပဲ အမေ့ဆီကနေ ထုတ်ယူသွားတဲ့သွေးတွေကြောင့်လည်း အမေ့နှလုံးသား ခမ်းခြောက်လုနီးပါး ဖြစ်နေတာ။ တကယ်တော့ အမေဟာ ခုထိ အပေးသာရှိပြီး ပြန်မယူနိုင်သေးတဲ့ နှလုံးသားကို ပိုင်ဆိုင်ထားတာ ကြောင့် အလှဆုံးလို့ပြောတာ”
ကွင်းပြင်ကြီးတစ်ခုလုံး တိတ်သွားတယ်။ လူငယ်လေးကလည်း ခေါင်းကြီး ငုံ့ပြီး ဘာပြန်ပြောရမှန်းမသိ ဖြစ်နေတယ်။

ကောင်လေးက သူ့နှလုံးသားကိုထုတ်ပြီးတော့ ဘယ်လက်နဲ့ ကိုင်လာတယ်။ ပြီးတော့ အဘွားအိုထံသွားပြီး ညာလက်နဲ့ နှလုံးသားကိုတောင်းလိုက်တယ်။
အဘွားအိုထုတ်ပေးလိုက်တဲ့နှလုံးနဲ့ သူ့နှလုံးကို ကောင်းကင်ပေါ်မြှောက်လိုက်တယ်။
နောက်ဆုံး အဆုံးအဖြတ်ပေးရမယ့်ပွဲပဲ
နေရောင်အောက်မှာ တလက်လက်တောက်ပြီး လှပနေတဲ့နှလုံးဟာ ဘယ်သူ့နှလုံးဖြစ်မယ် ထင်ပါသလဲ။
(မေတ္တာဆိုသည်မှာ ကိုယ်ကထုတ်ဖော်ရခြင်းမဟုတ်။ သူတစ်ပါးက အသိအမှတ်ပြုရခြင်းဖြစ်သည်)
(The Most Beautiful Heart ဆိုသည့်စာစုလေးကို မြန်မာမှုပြုပါသည်)
တင်ညွန့်

Credit 

No comments:

Post a Comment