Tuesday, July 30, 2019

အရာရာဟာ ခဏလေးပါပဲ

အရာရာဟာ ခဏလေးပါပဲ
****************

ဘဝရဲ့ခက်ခဲကြမ်းတမ်းမှုတွေနဲ့ ချိုလိုက်၊ခါးလိုက် မတူညီတဲ့ ကံကြမ္မာအလှည့်အပြောင်းမှာ လိုက်လျောညီထွေဖြစ်ဖို့ ကြိုးစားရင်းမောပန်းနေပြီလား သူငယ်ချင်း။

ဘဝဆိုတာ တစ်ယောက်တည်းလျှောက်ရတဲ့ ခရီးတစ်ခုဆိုတာ နားလည်လာတဲ့အခါ ခံစားချက်တွေကို မျိုသိပ့်ရင်း တစ်ယောက်တည်း နေတတ်လာတယ်။ ရင်ထဲမှာငိုနေပေမယ့်လည်း လူတွေအမြင်မှာ အဆင်ပြေပါတယ်ဆိုတဲ့စကားနဲ့ ဟန်ဆောင်ပြုံးရင်း အခက်အခဲတွေကို တစ်ယောက်တည်း ကြုံသလို အဆင်ပြေအောင်ဖြေရှင်းရင်း နေတတ်လာတယ်။

ဒီနေ့ရဲ့ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှာနိုင်ရင်တောင် ဘဝတစ်ခုကိုရထားသူတိုင်း အသစ်အသစ်သော အခက်အခဲတွေနဲ့ သင်ယူလို့မကုန်တဲ့ ဘဝသင်ခန်းစာတွေကို သင်ယူရင်း မပြီးဆုံးသေးတဲ့ ဒီခရီးရှေ့ဆက်နေရအုံးမှာပါပဲ။

လောကဓံရဲ့ ရိုက်ခတ်မှုတွေ ပြင်းထန်လာချိန် ကိုယ့်ကိုယ်ကိုအားပေးလို့ အားတင်းရင်း လဲကျမသွားဖို့ ထိန်းထားပေးပါ သူငယ်ချင်း။ အဆိုးတွေပြီးရင် အကောင်းတွေရရှိဖို့ အဆိုးတွေနဲ့တူတဲ့ နာကျင်စရာတွေနဲ့  ဝမ်းနည်းစရာမျက်ရည်တွေကို လူမသိသူမသိ ခံစားရင်းကျော်ဖြတ်ရမှာ ကိုယ့်ရဲ့တာဝန်ပါ။

ဘဝပန်းတိုင်ကို သွားနေချိန် ကိုယ့်မှာကောင်းမွန်တဲ့ အကျင့်စာရိတ္တ၊ ရိုးသားမှုနဲ့ ရောင့်ရဲတင်းတတ်တဲ့စိတ်၊ သူ့ဘက်ကိုယ့်ဘက် မျှတစွာ တွေးပေးတတ်တဲ့ ကိုယ်ချင်းစာတရားတွေလည်း ရှိဖို့လိုအပ်တယ်။

တသက်လုံးရိုးသားခဲ့ပြီး တစ်ကြိမ်တခါမျှ မရိုးမသားပြုမိရင်လည်း အကြိမ်ပေါင်းများစွာ ရိုးသားခဲ့တာတွေက ပျောက်ကွယ်သွားပြီး မရိုးသားမှုရဲ့နောက်ဆက်တွဲက ကိုယ့်အနာဂတ်မှာ အရိပ်မဲကြီးတစ်ခုလို  အကျည်းတန်စေပါလိမ့်မယ်။

ရိုးသားမှုကပေးတဲ့ ယုံကြည်မှုကိုရဖို့ အရမ်းခက်ခဲတယ် အချိန်တွေနဲ့ ပင်ပန်းမှုချွေးစက်တွေ ရင်းရတယ်။ တခါတလေ ပျော်ရွှင်မှုတွေနဲ့ မာနတချို့ကိုပါ ဘေးဖယ်ထားရမယ်။  ယုံကြည်မှုကို ဆုံးရှုံးဖို့တော့  အချိန်ခဏလေးနဲ့ လုံလောက်တယ်။

ဘဝမှာ ကိုယ့်ကိုချစ်ခင်သူ  မများရင်တောင်၊ ကိုယ့်ကိုမုန်းနေသူတော့ မများဖို့လိုတယ်။ အမှားတွေနည်းအောင် ဆင်ခြင်သတိနဲ့နေထိုင်ရင်း ခြေလှမ်းတွေကိုလည်း မရပ်တန့်ပစ်ပါနဲ့။ ရောက်နေတဲ့နေရာကို သည်းခံခြင်းနဲ့ ရှေ့ဆက်မကြိုးစားပဲ နောက်ပြန်လှည့်ပြီး အသစ်ကပြန်စဖို့ မတွေးလိုက်ပါနဲ့။  ဘယ်အလုပ်ပဲဖြစ်ဖြစ် စိတ်ရောကိုယ်ပါ ခွန်အားတွေနဲ့ အချိန်တွေရင်းခဲ့ရတာမို့။ ကုန်ဆုံးသွားတဲ့အချိန်တွေကို ပြန်မရနိုင်တော့တာဖြစ်လို့ သည်းခံခြင်းနဲ့ ရှေ့ဆက်နိုင်ဖို့ လိုတယ်သူငယ်ချင်း။

ပျော်စရာဆိုလည်း ခဏလေးပဲ၊
ဒုက္ခနဲ့ အခက်အခဲတွေဆိုတာလည်း ခဏလေးပါပဲ။ ကိုယ့်ဘဝထဲကို မကြာခဏဆိုသလို အလည်လာတတ်တဲ့ အကောင်းအဆိုး အကြောင်းအကျိုးတွေကို သေချာစွာဧည့်ခံရင်း သူတို့ကပြန်ပေးခဲ့တဲ့ ဘဝသင်ခန်းစာတွေထဲကမှ ကိုယ့်အတွက် လိုအပ်တာတွေကိုပဲ ရွေးချယ်မှတ်သားရင်း နောက်ပြန်မလှည့်ပဲ ရှေ့ဆက်လျှောက်ပါလို့ ပြောလိုက်ပါရစေ သူငယ်ချင်းရယ်...

credit toဆောင်းသဇင်

No comments:

Post a Comment