"ဆရာကြီးဦးအောင်သင်းပြောတဲ့ စာဖတ်ခြင်း "
_____________________________________
ခွေးတစ်ကောင်ဟာ
မီးခဲကိုနင်းမိရင်
ဂိန်! ဂိန် ဂိန်အော်ပြီး
ထွက်ပြေးသွားတာပဲ။
ဒါပဲ...
နောက်တစ်ကောင်က
ထပ်နင်းမိလည်း
ဂိန်! ဂိန် ဂိန်အော်ပြီး
ထွက်ပြေးသွားတာပဲ
သူနင်းမိလို့ ပူတဲ့ကိစ္စကို
အခြားခွေးတွေကို
မနင်းမိစေနဲ့ ပူတယ်လို့်
မပြောနိုင်ဘူး။
သူ့အတွေ့အကြုံကို
လက်ဆင့်မကမ်းနိုင်ဘူး။
ဘာဖြစ်လို့လဲဆိုတော့...
သူတို့မှာ ဘာသာစကားမရှိလို့
ကိုယ်တို်င်ဖြစ်မှ ကိုယ်တိုင်သိရတာ
ကမ္ဘာဦးအစ ခွေးတွေကနေ
ဒီနေ့ခွေးတွေအထိ ဂိန်! ပဲ
တို့တစ်တွေလူတွေမှာတော့
အဲဒီလိုမဟုတ်ဘူး။
ဘာသာစကားရှိတယ်
မင်းတို့ငယ်ငယ်ကတည်းက
တစ်ပါးသူရဲ့အတွေ့အကြုံ
လက်ဆင့်ကမ်းလာတာ
အမေဖြစ်သူက
အဲ့ဒါမကိုင်နဲ့ ပူပူ
အဲ့ဒါမကိုင်နဲ့ ဝေါ့ဝေါ့
မင်းကိုင်ပါဦးမလား?
မင်းအမေရဲ့အတွေ့အကြုံ
လက်ဆင့်ကမ်းမှုကြောင့်
မင်း မီးကို အပူမှန်းသိသွားတယ်။
ဝေါ့ဝေါ့ဆိုတာကို
ရွံစရာမှန်းသိသွားတယ်။
အောက်ဆီဂျင်ကို
ခုချက်ခြင်း
မင်းဓာတ်ခွဲခန်းထဲမှာ
မင်းရှာဖွေထုတ်နိုင်တယ်။
အဲဒီအောက်ဆီဂျင်ကို
မင်းရှာတွေ့ခဲ့တာမဟုတ်ဘူး။
ဒါပေမယ့်...
ရှာတွေ့ခဲ့တဲ့ပညာရှင်က
လက်ဆင့်ကမ်းခဲ့လို့
မင်းချက်ခြင်းဖော်ထုတ်နိုင်တယ်။
ဒါအတွေ့အကြုံကို
လက်ဆင့်ကမ်းတာပဲ။
ပညာသင်တယ်
ပညာရှာတယ်ဆိုတာ ဒါပဲလေ
ဘာသာစကားရှိလို့
တစ်ပါးသူရဲ့အတွေအကြုံကို
လက်ဆင့်ကမ်းနိုင်တယ်။
တစ်ဆင့်ပြီးတစ်ဆင့်
လက်ဆင့်ကမ်းကြတယ်။
ဒါကြောင့်လည်း
လူ့လောကကြီးက
တစ်ဆင့်ပြီးတစ်ဆင့်
တိုးတက်ပြောင်းလဲလာတာပေါ့
အတွေးအကြံ အတွေ့အကြုံကို
လက်ဆင့်ကမ်းတဲ့နေရာမှာ
နှစ်မျိုးရှိတယ် တစ်ခုက
တိုက်ရိုက်ပြောဆိုပို့ချခြင်းနဲ့
နောက်တစ်ခုက
သူ့ရဲ့အတွေ့အကြုံတွေကို
စာအုပ်ထဲမှာ ချရေးထားခဲ့ပြီး
လက်ဆင့်ကမ်းခဲ့တာ
ဥပမာ
အောင်မြင်သူတွေရဲ့
အတ္ထုပ္ပတ္တိတွေကို ဖတ်ကြည့်ရင်
သူတို့ရဲ့အတွေးအကြံ
အတွေ့အကြုံတွေ
မင်းရလာမယ်
မင်းစိတ်ဓာတ်တွေမာကျောလာမယ်
အထပ်တလဲလဲ
ကြိုးစားချင်စိတ်တွေ ဖြစ်လာမယ်
အောင်မြင်သူတွေလည်း
အခက်အခဲတွေကြားက
ရုန်းထကြတာကိုး
ဒါကြောင့်မို့ စာဖတ်ခိုင်းတာ
စာဖတ်တဲ့နေရာမှာလည်း
နည်းနည်းဖတ်မိတောင်
များများတွေးပါ
လိုက်နာပါ ကျင့်သုံးပါ
သူတစ်ပါးရဲ့အတွေ့အကြုံကို
ကိုယ့်ရဲ့အတွေးအကြံလေးနဲ့
ပေါင်းစပ်ပါ
ကိုယ့်ကိုယ်ကိုယ်ခိုင်း
ကိုယ့်ကိုယ်ကိုယ်မခိုင်းရင်
သူများခိုင်းတာခံရတတ်တယ်
စဉ်းစားတွေးတောပေးရတယ်
ဦးနှောက်ကိုခါးတောင်းကျိုက်ပါ
ဒါမှ ခေါင်းဆောင်ဖြစ်မှာ
လူခါးတောင်းကျိုက်ရင်
ကူလီပဲဖြစ်မှာပေါ့
စာဖတ်ခြင်းကို
ပေါ့သေးသေးမတွက်နဲ့
စာဖတ်တယ်ဆိုတာ
တစ်ပါးသူရဲ့အမှားကို
ကိုယ်ဆက်မမှားအောင်လုပ်တာ
တစ်ပါးသူရဲ့အတွေ့အကြုံကို
ကိုယ့်အတွေ့အကြုံ
အဖြစ်ရယူတာပဲ။
လူလိမ္မာတို့သည်
တစ်ပါးသူ၏ အမှားမှ
သင်ခန်းစာကို ယူတတ်ကြတယ်။
လူမိုက်တို့သည်
ကိုယ်တိုင်မှားမှ
သင်ခန်းစာရကြတယ်
ပို၍ မိုက်မဲသောသူတို့ကား
ကိုယ်တိုင် မှားပါလျက်နှင့်ပင်
သင်ခန်းစာ မယူတတ်ကြကုန်။
ကိုယ်တိုင်မှားမှ မှားမှန်းသိရင်
ခွေးသာသာဖြစ်သွားမှာပေါ့။
စာကြည့်တိုက်တစ်တိုက်ဖွင့်ရင်
အချုပ်ထောင်မှာ
လူငါးယောက်လျော့မယ်။
စာဖတ်တဲ့လူဟာအသိအဉာဏ်
အားကောင်းလာတယ်။
အနည်းဆုံးမိဘတွေ
ဆုံးမရတာသက်သာတယ်။
မင်းကိုမင်းချစ်ရင်
ပညာသင်ပါ စာဖတ်ပါ။
မင်းမိသားစုကို မင်းချစ်ရင်
ပညာသင်ပါ စာဖတ်ပါ။
မင်းတိုင်းပြည်ကို မင်းချစ်ရင်
ပညာသင်ပါ စာဖတ်ပါ။
မင်းတို့တစ်တွေ
ဗဟုသုတကိုရှာဖွေပါ
လေ့လာပါ
ဆည်းပူးပါ
စာဖတ်ပါ
တစ်ပါးသူရဲ့အတွေ့အကြုံကို
လက်ဆင့်ကမ်းယူကြပါ။
ဘဝကို
ဦးနှောက်ကဦးဆောင်တာဖြစ်တဲ့အတွက်
ဦးနောက်ကိုဦးစားပေးတဲ့စာမျိုး
များများ ဖတ်စေချင်တယ်..!!
Credit : ( မူလပိုင်ရှင် )
By ဒေါက်တာ ရွှေထွန်း

No comments:
Post a Comment