Saturday, July 20, 2019

#အဆင်မပြေတိုင်းစိတ်ဓာတ်မကျနဲ့

#အဆင်မပြေတိုင်းစိတ်ဓာတ်မကျနဲ့
*************************
အချို့သူတွေကတိမ်တွေလိုပဲ။
သူတို့မရှိတော့မှ နေရောင်ကို
ကောင်းကောင်းမြင်ရတယ်။
သင့်ရဲ့တုန့်ပြန်မှုနဲ့ မထိုက်တန်တဲ့
လူတွေကိုစကားပြန်ပြောမနေပါနဲ့။
ပင်ပန်းပါတယ်။
တစ်ခါတစ်လေ အားအကြီးဆုံး
တုန့်ပြန်မှုက ဆိတ်ဆိတ်နေခြင်းပါပဲ။

တန်ဘိုးမထားတတ်တဲ့
လူတစ်ယောက်ကို
တန်ဘိုးသွားထားမိရင်
ရလာမယ့်အဖြေက ... သင့်
တန်ဘိုးလျော့နည်းသွားခြင်းပါပဲ။
သင့်တန်ဘိုးကို နားမလည်တဲ့
လူတွေကြားကြာကြာမနေပါနဲ့။
ကြာရင် သင့်အတွက်
ဆိုးကျိုးတွေချည်းပဲ။ လူတွေနဲ့
သဟဇာတဖြစ်အောင်ဆိုပြီးလည်း
ဘာပြောပြောနားမယောင်မိပါစေနဲ့။
တစ်ခါတစ်လေ ...
သင် လဲကျသွားတာကို
မြင်ချင်ပြီး သင့်ဒဏ်ရာကို
ဆားနဲ့ ပက်မယ့်လူတွေ ဒု နဲ့ ဒေး။

အဆင်မပြေတိုင်းလည်း
စိတ်ဓာတ်ကျမနေပါနဲ့။
ဘဝကအဆင်မပြေတဲ့ကြား
သင်ကပါ စိတ်ဓာတ်ကျနေဦးမယ်
ဆိုရင် ဘဝမှာဘာရစရာရှိဦးမှာလဲ။
စိတ်ဓာတ်မကျနဲ့။
ဘဝဆိုတာ ဒီအတိုင်းမနေပါဘူး။
တစ်ချိန်မဟုတ် တစ်ချိန်၊
တစ်နေ့မဟုတ် တစ်နေ့၊
ကျိန်းသေပြောင်းလဲသွားမှာပါ။

ဆုပ်ကိုင်ထားနိုင်မှ
မြဲတယ်လို့ထင်ရပေမယ့်
တစ်ချို့တစ်ချို့သောအရာတွေက
စွန့်လွှတ်သင့်ရင် စွန့်လွှတ်နိုင်မှ
လွတ်လပ်ပေါ့ပါးသွားသလို၊
သင့်ကိုလည်း ပိုလို့
ရင့်ကျက်သန်မာစေတာပါ။
အဖြေတစ်ခုကို ဘဝနဲ့
ရင်းပြီး သင်သိသွားတဲ့အခါ
ပြုံးနိုင်ဖို့ ကြိုးစားလိုက်စမ်းပါ။

လက်စားချေခြင်းဆိုတာ
လူညံ့တွေရဲ့... အလုပ်ပါ။
သင်္ခန်းစာယူတတ်ခြင်းဆိုတာ
လူတော်တွေရဲ့... အလုပ်ပါ။

ဘဝဆိုတာ
ဖြစ်ချစ်တာနဲ့ ဖြစ်သင့်တာ
ထပ်တူကျချင်မှထပ်တူကျမယ်။
ဒါပေမယ့်လူပီသဖို့အတွက်တော့
ဖြစ်ချင်တာထက် ဖြစ်သင့်တာကို
ပိုလို့ဦးစားပေးရမှာပဲလေ။
ဘွဲ့တွေဘယ်လောက်ရရ
ရာထူးတွေဘယ်လောက်ကြီးကြီး
အကောင်းနဲ့အဆိုး
အကြောင်းနဲ့အကျိုးကို
ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိတဲ့အခါ
ပညာတတ်လူမိုက်ပဲ
ဖြစ်နေမှာ မဟုတ်ဘူးလား။

လူတွေနဲ့ဆက်ဆံတဲ့အခါ ...
________________________________
#ဒေါသအပြန်အလှန်ထွက်စေနိုင်တဲ့
________________________________
အပြုအမူလေးတွေကို သူ့ဘက်က
လာတာ မရှောင်နိုင်ရင်တောင်မှ
ကိုယ့်ဘက်ကလုံးဝမစတင်လိုက်ပါနဲ့။
အရာရာမှာ ရိုးသားပါ။ ကိုယ့်ဘက်က
သန့်ရှင်းမှုလေးနဲ့သာစတင်လိုက်ပါ။

သင့်အနားမှာ လူတွေ
အများကြီးရှိချင်ရှိနေမယ်။
ဒါပေမယ့် သင့်ရဲ့အပေါ်
တကယ့်စိတ်ရင်းနဲ့ဆက်ဆံပေးတဲ့
လူဆိုတာ အများကြီးမရှိနိုင်ဘူး။
သင့်ခံစားချက်တွေကိုသိတဲ့လူတွေ
အများကြီး ရှိချင်ရှိနေလိမ့်မယ်။
ဒါပေမယ့် တကယ်ရင်ထဲကနေ
ခံစားနားလည်ပေးနိုင်တဲ့
လူဆိုတာ ရှိချင်မှလည်းရှိလိမ့်မယ်။

ဒါကြောင့်လည်း
သင့်အားကိုသင်ကိုယ်တိုင်ကိုးပါ။
သင့်ကိုယ်သင် ယုံပါ။
သင့်ခြေပေါ် သင်ရပ်ပါ။

စိတ်ဆင်းရဲစရာတွေ
ကြုံဆုံလာတိုင်းစိတ်မပျက်ပါနဲ့။
အရာရာကို ကုစားဖို့
အချိန်တစ်ခုတော့လိုအပ်ပါတယ်။
အမှောင်ပြီးရင်အလင်းလာစမြဲပါ။
အားမလျော့ပဲ ...
စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ 
ဘဝကို ရှေ့ဆက်သာ
လျှောက်လှမ်းလိုက်စမ်းပါ။

Credit

No comments:

Post a Comment