Saturday, July 20, 2019

အတွေးအတိုအစများ

အတွေးအတိုအစများ

 (၁)
စာမျက်နှာတွေရွတ်ပြီး
လူတစ်စုရယ်မောနေကြတာကို မြင်တော့ ကျနော်အံ့သြရတယ်

အဲ့ဒိလူစုထဲမှ တစ်ယောက်က ''စာမျက်နှာ သုံးဆယ်ခြောက်''ဟု အော်တဲ့အခါ ကျန်သူများက ခွက်ထိုးခွက်လှန်ရယ်မောကြ
တယ်လေ

နောက်တစ်ယောက်က ''စာမျက်နှာ ၄၁''ဟုအော်တဲ့အခါတွင်လည်း တဖန်ရယ်မောကြပြန်တယ်..

တော်တော်ပင်စိတ်ဝင်စားဖို့ 
ကောင်းလှတာမို့ ကျနော်လည်း ဝင်စပ်စုမိတယ်
''ခင်ဗျားတို့  ဘာတွေပြောပြောပြီး ရယ်နေကြတာလဲ''

''ဟာသတွေလေ''

''စာမျက်နှာ ၃၆က ဟာသလား''

''မဟုတ်ဘူးဗျ စာမျက်နှာသုံးဆယ်ခြောက်မှာ ပါတဲ့ ဟာသ အကြောင်းအရာကို  ပြန်စဉ်းစားမိပြီးရယ်နေကြတာ''

အားလုံးက သူတို့ လက်ထဲမှ ဟာသစာအုပ်များကို ထုတ်ပြကြတယ်
စာအုပ်က တော့တစ်မျိုးတည်းပါ

''ခင်ဗျားတို့  စာမျက်နှာပြောရုံနဲ့  ရယ်ရောလား''

''ရယ်တာပေါ့ဗျ ဒီစာမျက်နှာမှာ ဘယ်လိုဟာသ ရေးထားတယ်ဆိုတာ ကျုပ်တို့ သိနေတာပဲ

(၂)
အထက်ဖော်ပြပါအကြောင်းအရာဟာ ကျနော်ငယ်ငယ်က ဖတ်ဖူးတဲ့ ဟာသလေးတစ်ပုဒ်ပါ
ခုတော့အဲ့ဒိဟာသလေးဟာ ကျနော့် ကို အတွေးတွေများစွာပေးတယ်

စာမျက်နှာ ၃၆မှာ ဘာပါသလဲဆိုတာကို ကျနော်မသိဘဲ ဘယ်လို ရယ်ရပါ့မလဲ
ဒီလို ရယ်နိုင်ဖို့  ရယ်ခွင့်ရဖို့ 
ဟာသကိုနားလည်ဖို့ ဆိုတာ အဲ့ဒိစာအုပ်ကို ဖတ်ဖူးထားမှရမယ်
မသိသူအတွက် ''စာမျက်နှာ ၃၆''ဆိုတဲ့စကားဟာ ရယ်ရလိမ့်မယ်မထင်

ဒီရက်ပိုင်းမှာ ''တစ်ချက်တည်းဖြင့် ကျင်းဝင်ခြင်း''ဆိုပြီး golfသမားတစ်ယောက်က သတင်းစာမှာ ကြေငြာတယ်
ဒီသတင်းကို Troller groupမှ လူငယ်တချို့ က ငကြွားကြီးဆိုပြီး လှောင်ကြပြန်တယ်

Golfသမားတစ်ယောက်၏ golf အားကစားအပေါ် တန်ဖိုးထားမှုဟာ
ကျနော်တို့ ထက်များစွာသာနေမှာပါ
သူတစ်ချက်တည်းကျင်းဝင်တာကို လည်း သူဂုဏ်ယူနေရှာမှာပေါ့
မေ့မေ့ပျောက်ပျောက်ဖြစ်မှာစိုးလို့  မှတ်မှတ်ရရဖြစ်အောင် သတင်းစာထဲ
ထည့်ခြင်းဖြစ်မယ်
ဒါပေမယ့် Golfကိုမမြတ်နိုးတတ်သူတို့  အမြင်မှာ ဒီသတင်းဟာ ကြွားဝါခြင်း သက်သက်သာ

(၃)
လီယိုနာဒိုဒါဗင်ချီ၏မိုနာလီဇာ ပန်းချီကားကို ကျနော် ကြည့်သည့်အကြိမ်ပေါင်းက မနည်း
ဘာမှလည်း ထူးခြားလှသည်မထင်

ဒါ့အပြင် ဗင်းဆင့်ဗန်ဂိုး၏ အာလူးစားသူများ ပန်းချီကား
ကြယ်စုံည ပန်းချီကား
နေကြာပန်း ပန်းချီကားစသည်တို့  ဟာ ကျနော့်အတွက်
ထူးခြားတယ်လို့  မထင်မိ,..

ဒါပန်းချီပညာအပေါ် ကျနော် သဒ္ဓါဖြင့် မမြတ်နိုးတတ်လို့ လည်းဖြစ်သလို
ပညာအားဖြင့် နားမလည်လို့ လည်း ဖြစ်မယ်

ဗန်ဂိုး၏ပန်းချီကားများကိုယူ၍
ကျောက်ခေတ်သို့ သွားကာ အမဲတစ်ကောင်ဖြင့် သွားလဲ မယ်ဆိုရင်ကျောက်ခေတ်
လူသားတို့ က ဗန်ဂိုးပန်းချီကားကို ငြင်းဆန်မှာပေါ့

ကျောက်ခေတ်လူသားတို့ ကလည်း
ဒီဘက်ခေတ်ကိုလာပြီး အမဲတစ်ကောင်နှင့် ပန်းချီကားကို လာလဲမည်ဆိုရင်လည်း ဒီခေတ်လူသားများက ကျောက်ခေတ်သားတို့ ကိုပြန် ဟားကြမှာ....
ဒေါ်လာသန်းချီတန်တဲ့ ဗန်ဂိုးရဲ့ ပန်းချီကားတွေလေ

ဒါပေမယ့် ''မီး''အပေါ်တန်ဖိုးထားမှုမှာ ကျတော့ ကျနော်တို့ ဟာ ကျောက်ခေတ်လူသားတွေကို မမှီပြန်ဘူး
မီးကိုတွေ့ ရှိမှုဟာ လူယဉ်ကျေးမှုကို တဆင့်တိုးမြှင့်ပေးခဲ့တယ်

(၄)
စကားဖြတ်ပြောရရင်
ဒါက ရောက်တက်ရာ ရာ လျှောက်တွေးတဲ့ အတွေးစတွေပါ
ဖတ်လို့ ပျင်းလာရင် ကျော်သွားပေးပါ

ပြန်ဆက်ပါမယ်

တဂိုးရဲ့ကဗျာတွေကို ခံစားလို့ မရဘူး
မောင်ချောနွယ်ကဗျာတွေကို ကျနော်မကြိုက်ဘူး
သခင်ကိုယ်တော်မှိုင်း တည်းဖြတ်ထားပြီး ဒေါ်ခင်ကြည်ရဲ့ခွင့်ပြုချက်နဲ့  ထုတ်ဝေတဲ့
ဗိုလ်ချုပ်အောင်ဆန်း အထုပ္ပတ္တိစာအုပ်ကို ၁၀မျက်နှာပြည့်အောင် မဖတ်နိုင်ခဲ့ဘူး

ဆရာမြသန်းတင့်ရဲ့စာတချို့ ကို ဖတ်လို့ မရဘူး
နတ်သျှင်နောင်ရဲ့ရတုတွေကို ဘယ်လိုမှ
ခံစားလို့ မရဘူး
ဂျနီဖာလိုပက်ကို လှတယ်လို့  မြင်ကို မမြင်ဘူး

စင်တင်တစ်ခုမှာ မြင်ခဲ့ဖူးတဲ့ ကောင်မလေးဟာ ဆယ်လီနာ ဂိုမက်ထက် ကျနော်ကို ပိုစွဲဆောင်တယ်

ကပချီနို ကော်ဖီထက်
ပုံမှန်ရိုးရိုးကို ပိုကြိုက်တယ်

လူပေါင်းသန်းနဲ့ ချီ likeလုပ်ထားတဲ့ စီရိုနယ်ဒိုရဲ့ Pageကို ကျနော် likeမလုပ်ဘူး

ကျနော်ကကိုယ့်ကိုယ်ကို  ရိုးသားချင်လာတယ်  ငါဘာကြိုက်လဲ ငါဘာမကြိုက်ဘူးလဲဆိုတာကို သတ္တိရှိရှိဆုံးဖြတ်ရဲချင်တယ်

လူအထင်ကြီးခံချင်လို့  သူများကြိုက်တာကို လိုက်ပြီး ကြိုက်ချင်ယောင် ဆောင်ပြသူတွေကို မြင်ဖူးတယ်
တခါတလေကျ ကိုယ်ဖြစ်တည်မှုကို မေ့လျော့သွားတဲ့အထိ တပါးသူရဲ့ စိုးမိုးမှုကို ခံနေရသူတွေရှိတယ်

ဦးရွှေအောင်စာအုပ်တွေက ကောင်းတယ်တဲ့
ဟုတ်မှာပါ
ကျနော်ခဏခဏကြားရတယ်
ဒီတော့ ကျနော်လည်း ဖတ်ကြည့်တယ်
ဒါပေမယ့် ကျနော်မကြိုက်ဘူး
စာအုပ်မကောင်းတာမဟုတ်ဘူး
စာရေးသူရဲ့အာဘော်ဟာ ကျနော်နဲ့  သဟဇာတမဖြစ်တာ
မကိုက်ညီတာ

ဘယ်သူမှ မမှားကြပါဘူး
တချို့ က ဘယ်သူမှားသလဲ သိပ်အဖြေရှာကြတယ်လေ

ဒယ်အိုးကို ရေနွေးအိုးအဖုံးနဲ့  ဖုံးလို့  အဆင်မပြေခြင်းမှာ ဒယ်အိုးရဲ့ အမှားလည်း မဟုတ်ဘူး
ရေနွေးအိုးအဖုံးရဲ့ အမှားလည်း မဟုတ်ဘူး
အစကတည်းကကို မကိုက်ညီကြတဲ့ အရာနှစ်ခု

သင်က ဒယ်အိုးဆိုရင်
ဒယ်အိုးအဖုံးကို ရှာပေါ့
သင်က ရေနွေးအိုး အဖုံးဆိုရင် ရေနွေးအိုးကို ရှာပေါ့

ဒီစာကို ဆုံးအောင် ဖတ်မိပြီဆိုရင် ခေါင်းကို ခပ်ပြင်းပြင်း ကုတ်ဖို့  မမေ့ပါနဲ့ 

တစ်ခုခုတော့ရမှာပါ

ဘာမှမရရင်တောင်  နောင်တဖြစ်ဖြစ်ပေါ့

#Error(Sithu)
Credit

No comments:

Post a Comment