Tuesday, July 23, 2019

မေတ္တာ၊ ကရုဏာ၊ မုဒိတာနှင့် ဥပေက္ခာတို့အကြောင်း

မေတ္တာ၊ ကရုဏာ၊ မုဒိတာနှင့် ဥပေက္ခာတို့အကြောင်း
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

လင်္ကာရည်ကျော်

အရှင် ဓမ္မဂင်္ဂါက ဘာသာရေးဆောင်းပါးတစ်ပုဒ်ရေးဖို့ တိုက်တွန်းထားသည်။ သည်ဆောင်းပါးကို ဘာသာရေး ဆောင်းပါးဟု ယူလည်းရမည်ထင်သည်။ သို့သော် ပုထုဇဉ်ကရေးတာဆိုတော့ ဗုဒ္ဓဘာသာဝင်တစ်ဦး၏ သာမန်အတွေ့အကြုံနှင့် အတွေးလောက်ပဲ ဖြစ်ချင်လည်း ဖြစ်လိမ့်မည်။

မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဆိုတာ ဗြဟ္မစိုရ် တရားလေးပါးမှန်း ဗုဒ္ဓဘာသာဝင်တိုင်းသိသည်။ ဗြဟ္မာဘုံ လားရာတရားဟု ဆိုသော်လည်း နိဗ္ဗာန်ရောက်ကြောင်း မှာလည်း အထောက်အပံ့ကောင်း ဖြစ်သည်။ ဘုရား၊ ရဟန္တာတို့ နှလုံးသွင်းတော်မူသော တရားတွေလည်း ဖြစ်သည်။

ဘာသာရေးစာပေတွေကို ဖတ်ရုံမှတ်ရုံသာ မကဘဲ စပ်စပ်စုစုမေးခွန်းထုတ်တတ်သည့် ဆယ်ကျော် သက်အရွယ်က သိပ်သဘောမပေါက်ခဲ့။ သံသရာ၏ လက်သမား အနှောင်အဖွဲ့ သံယောဇဉ်တို့ကို ရိုက်ချိုးဖြတ် တောက်ခဲ့တော်မူကြပြီဖြစ်သော ဘုရား၊ ရဟန္တာတို့မှာ သံသရာဝဲထဲမှာ တဝဲလည်လည်ကျန်ခဲ့ကြမည့် ပုထုဇဉ်တွေကို ဘာကြောင့်များ မေတ္တာတွေ၊ ကရုဏာတွေထားနေ ကြပါသနည်း။ စိတ်မဝင်စားဘဲ နေလိုက်လျှင်ကော မရ ဘူးလား။ ဥပေက္ခာဆိုတာ အဲဒါမဟုတ်ဘူးလား။သည်သို့ ထင်မိသည်။

ယခုတော့ မဟုတ်ကြောင်း သိပါပြီ။

ပြီးခဲ့သည့် ဆောင်းတွင်းတုန်းက လေးစားရာကနေ ချစ်ခင်၊ ချစ်ခင်ရာကနေ သမီးအရင်းလို သံယောဇဉ်တွယ် နေမိခဲ့သည့် လူငယ်ပရဟိတ သူရဲကောင်းမလေး ခင်နှင်း ကြည်သာက ပွင့်ဖြူမှာ စာပေဟောပြောပေးဖို့ ပြောလာ သည်။ သူ့ဖခင် စာရေးဆရာကြီး (ဦး)ကြည်မင်းနှင့် အတူဟောပြောရမည်ဖြစ်သည်။ ကျွန်တော်က အလုပ် တာဝန်များကြောင့် ငြင်းခဲ့ပြီး ဇွန်လထဲလောက်ဆိုရင်တော့ ဖြစ်မယ်သမီးဟု ဖြေခဲ့သည်။ သူကလည်း ရန်ကုန် ပြန်ရောက်ပြီး မကြာခင် မွန်ပြည်နယ် ဖားအောက်တောရ စခန်းတွင် တရားသွားဝင်မည်ဟုဆိုသည်။

သူကူညီ နေရာ တောင်တန်းဒေသက ပြန်ရောက်ပြီး ချက်ချင်း ဆက်ဆင်းသွားတာဖြစ်သဖြင့် ရက်အနည်းငယ်ဝင်တာ မျိုးဟုသာ ထင်ခဲ့မိသည်။ နောက်မှသိရတာက သူက သူ့အမှတ်သရုပ်အဖြစ် လူတိုင်းသိသော ဆံပင်ရှည်တို့ကို ဖြတ်၍ လမ်းခင်းရန် လှူဒါန်းလိုက်ပြီး သီလရှင်ဝတ်နှင့် တရားစခန်း ဝင်သွားတာဖြစ်သည်။ ဘွဲ့က သူနှင့်လိုက်ပါ ပေ့။ ဒေါ်ကရုဏာတဲ့။

မကြာခင် သူ့မိခင် မကျန်းမာတော့ သူခဏပြန်လာ သေးသည်။ ထိုအချိန်အထိ သူ့ကို ဆရာလေးဟု နှုတ် မကျိုးသေး။ သမီးဟုသာ ခေါ်မိသည်။ ဘယ်တော့ လူပြန် ထွက်မှာလဲဆိုတော့ မေလကုန်မှ စဉ်းစားမည်တဲ့။ လခ ရနေသည့် အလုပ်ကိုလည်းထွက်လိုက်သည်။ အမေရိကန် ပြည်ထောင်စုက ဖိတ်ကြားထားသည့် ခရီးစဉ်ကိုလည်း ရွှေ့လိုက်သည်။ မိခင်ကြီးကိုပြုစုပြီး သူပြန်သွားသည်။

မေလကုန်တော့လည်း သူမထွက်ပါ။ ဆရာတော်ကို ခွင့်ပန်၍ သီလရှင်ဝတ်နှင့်ပင် ရန်ကုန်၊ မြိုင်၊ ပွင့်ဖြူတို့သို့ တက်လာပြီး ပရဟိတအလုပ်တွေ ဆက်လုပ်လိုက်၊ တရား စခန်းပြန်ဝင်သွားလိုက်လုပ်နေသည်။ အမေရိကန်ခရီးစဉ် က ဝါကျွတ်မှတဲ့။ ဝါကျွတ်ရင် ထွက်မှာလားဆိုတော့လည်း သီလရှင်ဝတ်နဲ့ပဲ သွားဖို့များသည်တဲ့။ လက်ရှိနေနေရသည့် ဘဝကလေးမှာ စိတ်နှလုံး ငြိမ်းအေးနေတာက လွဲလျှင် ရှေ့ဘဝခရီးကို တော်တော်ဥပေက္ခာ ခိုင်မာနေ သည့်ပုံ။

တစ်ကိုယ်တော် ပရဟိတသမားများကွန်ရက်က ဆရာလေးကိုနိုင်တူးတို့၊ မောင်ရဲဝင်းတို့ကပါ ဆရာ ကူပြောပေးပါဦး၊ ပြောရလွန်းလို့ ကျွန်တော်တို့လည်း ငရဲကြီးလှပြီဟု ဆိုကြသည်။ ကျွန်တော်မပြောပါ။ ကိုယ့်အသက်ထက်ဝက်မျှငယ်သော ဒီသေးသေးပိန်ပိန် မိန်းမပျိုကလေးသည် လူ့ဘဝကတည်းက ကိုယ့်ထက် ပိုရင့်ကျက်တည်ငြိမ်တာ သိပြီးသားလေ။ သူပျော် သလောက်သာနေပေရော့ဟု သဘောထားရသည်။ သူ့ကို ဆရာလေးဟု အသိအမှတ်ပြု ခေါ်ရတော့သည်။

သူက ကျွန်တော်ပေးဖူးသော ကတိကိုမမေ့။ ပွင့်ဖြူက ဆရာတော်အရှင် ဣန္ဒြာလင်္ကာရနှင့် ညှိ၍ စာပေဟောပြော ပွဲကို ဇွန်လထဲမှာ စီစဉ်သည်။ ကျွန်တော်၊ ဒေါက်တာ သန်းမင်းထွဋ်(ပင်းတယ မီးအိမ်ရှင်)နှင့် စာရေးဆရာ ကိုရွှေအောင်သင်းတို့ကို ဖိတ်သည်။

ကျွန်တော်က စာမေးပွဲစစ်နေရာ မကွေးကနေ ပွင့်ဖြူကို ကားနှင့်လာရသည်။ ကိုသန်းမင်းထွဋ်က ပင်းတယကနေ ဟဲဟိုး-ညောင်ဦး လေယာဉ်နှင့် လာသည်။ ဆရာလေးက ရန်ကုန်ကနေ ကားနှင့်တက်လာပြီး ညောင်ဦးမှာ ကိုသန်း မင်းထွဋ်ကို သွားကြိုသည်။ ဆရာ ကိုရွှေအောင်သင်းက ရန်ကုန်ကနေ သူ့ကားသူမောင်း၍ တက်လာသည်။

တကယ်တော့ ကိုသန်းမင်းထွဋ်ဆိုတာက ပရဟိတ သမား ခင်နှင်းကြည်သာကို လူထုဂုဏ်ရည် အထူးဆုပေး ဖူးသော အဖွဲ့အစည်းက လူထုဂုဏ်ရည်ဆုပေးထားသူ။ ကိုရွှေအောင်သင်းက 'ဟိုက်ပါ' စစ်ဘေးရှောင်ဒုက္ခသည် စခန်းမှာ ခင်နှင်းကြည်သာ ပရဟိတလုပ်ငန်းတွေ စွန့်စွန့် စားစားသွားလုပ်နေတုန်းက ပါသွားဖူးသူ။ ကျွန်တော်က ခင်နှင်းကြည်သာ 'ပုံတောင်' တောင်တန်းဒေသမှာ ဆောင်ရွက်နေသည့် ပရဟိတလုပ်ငန်းတွေကို အခြေခံ၍ 'ပန်းဒေါင်း' ဝတ္ထုကိုရေးခဲ့သူ။

တိုက်တိုက်ဆိုင်ဆိုင်ပင် ပန်းဒေါင်းထဲက ခင်နွယ်စိုး အဖြစ် သရုပ်ဆောင်မည့် ပိုင်ဖြိုးသုနှင့် ဦးမြသွေးအဖြစ် သရုပ်ဆောင်မည့် ကိုလူမင်းတို့က အဲသည်အပတ်ထဲမှာ တင် ပန်းဒေါင်းကို ကျွန်တော်ကိုယ်တိုင် ရေးပေးလိုက် သော ဇာတ်ညွှန်းနှင့် အောင်ပန်းမှာ ရုပ်ရှင်ကြီးသွားရိုက် နေကြသည်။ ကျွန်တော့်ကိုလိုက်ခဲ့ဖို့ ခေါ်ကြသော်လည်း ကျွန်တော်မလိုက်ဖြစ်။

'ပန်းဒေါင်း' အစစ်ဖြစ်သည့် ဆရာလေး ဒေါ်ကရုဏာ ခေါ်ရာ စာပေဟောပြောပွဲတော့ ရောက်အောင်သွားခဲ့သည်။

ကျွန်တော်နှင့်အတူ ကလေးအထူးကု ဆရာဝန်တွေ အများကြီး ခေါ်သွားသည်။ ရန်ကုန်ကရော၊ မြိတ်ကရော၊ ဟင်္သာတကရော စုံလို့ပါပဲ။ ၁၅ ယောက်လောက်ရှိသည်။

စာပေဟောပြောမည့် ဖလံတောရွာတစ်ဝိုက်က ကလေးလေးတွေကို ဆေးစစ်ပေးတာ၊ ဆေးကုပေးတာ၊ ကျန်းမာရေးပညာပေးတာတွေ အရင်လုပ်သည်။ လာကြတာမှ အများကြီးပါပဲ။ ဆေးတွေလည်း အလှူရထားတော့ ပျော်စရာကြီး။

ကိုသန်းမင်းထွဋ်ကလည်း ကျွန်တော်တို့နှင့် ပူးပေါင်း၍ လူကြီးတွေကို ကုပေးသည်။ ဆရာလေး ဒေါ်ကရုဏာ ကတော့ ထုံးစံအတိုင်း စာကြည့်တိုက် ဆောက်လုပ်ရေး ကိစ္စတွေ လိုက်ကြည့်သည်။ ပရဟိတ စာပေသမားတို့၏ ပရဟိတခရီးစဉ်စစ်စစ်။

စာပေဟောပြောပွဲမှာ ဆရာလေးပါ တစ်ခုခုပြောရမည်ဟု ကျွန်တော်က အရေးဆိုသည်။ ပွဲကို စီစဉ်သည့် ပွင့်ဖြူ ပရဟိတအဖွဲ့များ ကွန်ရက်မှာလည်း တွဲဖက်အတွင်း ရေးမှူးတာဝန်ယူထားသည့် ဆရာလေးက ခဏတော့ တက်၍ ပြောပေးသည်။ သည်ကွန်ရက်က အဖွဲ့သုံးဆယ်ကျော် ဖွဲ့ထားတာတဲ့။

 အားရစရာ။ ဆရာလေးက အဖွဲ့ သုံးဆယ်ကျော်သည် ဆုံးဖြတ်ချက်သုံးဆယ်ချ၍ ငြင်းခုံ နေကြလျှင် ခရီးတွင်မည်မဟုတ်ကြောင်း၊ လက်သီးဆုပ် လိုက်လျှင် လက်ချောင်းကလေးတွေ ပြိုင်တူလှုပ်ရှားသလို ဖြစ်နေမည်ဖြစ်ကြောင်း တိုတိုနှင့်ရှင်းရှင်း ပြောသွားသည်။

ဘုရား ဘုရား။

ဒါ တစ်ချိန်က စကားထစ်နေ၍ ပုံပြောသူများအဖွဲ့မှာ သရုပ်ဆောင်ပြခဲ့ရသည့် မိန်းမငယ်ကလေးလေ။ ယခု ဆရာလေးဘဝမှာတော့ စကားမထစ်တော့ရုံမက ပရိသတ်ကို လွှမ်းမိုးနိုင်စွမ်းပါအပြည့်။

ဆရာလေး ဥက္ကဋ္ဌလုပ်နေသော တစ်ကိုယ်တော် ပရဟိတသမားများကွန်ရက်မှ ပွင့်ဖြူ၊ ဖလံတောရွာ စာကြည့်တိုက် ဆောက်လုပ်ရေးအတွက် သိန်း ၅ဝ ကျော် တစ်ခါတည်းလှူသည်။

မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်းက ကျွန်တော်တို့ကို ကြိုဆိုစကားပြောသည်။ မကွေးတိုင်းဒေသကြီး ဥပဒေချုပ်လည်းလာသည်။ ယခင်ခေတ်နှင့် မတူတော့တာတော့ သူတို့အားလုံး ကိုယ့်ဆိုင် ကယ်ကိုယ်စီး၍ ရောက်လာကြတာပဲ ဖြစ်သည်။

ကိုသန်းမင်းထွဋ်က 'သူမြတ်တို့အကြောင်း' ခေါင်းစဉ်ဖြင့် ဟောပြောသည်။ ကိုယ်ကျိုးမဖက် အများအတွက် ဆောင်ရွက်သူက သူမြတ်တဲ့။ ကိုယ်ကျိုးလည်း ဖက်သူများအတွက် ဆောင်ရွက်သူက သူလတ်တဲ့။

ကိုယ်ကျိုးသက်သက် ဆောင်ရွက်ပြီး အများအတွက် မငဲ့ကွက်သူက သူယုတ်မာတဲ့။ စာဖတ်များသူတွေ ကြာဖူးနေကျဖြစ် ချင်ဖြစ်နေမှာ ဖြစ်သော်လည်း ကိုသန်းမင်းထွဋ်လို ပရဟိတသူရဲကောင်း တစ်ဦးက ပြောတာဆိုတော့ ကြက်သီးထလောက်အောင် ရင်ထဲထိသည်။

ကိုရွှေအောင်သင်း ရောက်လာသည်။ သူကတော့ နိုင်ငံရေး စာပေတွေ ရေးသူပီပီ နိုင်ငံရေးမပြောပါဘူး။ မပြောပါဘူးနှင့် တော်တော်ပြောသွားသည်။

ကဲ ကျွန်တော့်အလှည့်။

ဘာပြောမှာလဲ။

ကျွန်တော်က ပရဟိတ အလုပ်တွေကို တစ်ပိုင်တစ်နိုင် ဆောင်ရွက်လေ့ရှိသော်လည်း ကိုသန်းမင်းထွဋ်နှင့် ယှဉ်လျှင် သာတာဆိုလို့ အသက်သာရှိသည်၊ ကိုရွှေအောင်သင်းလိုလည်း နိုင်ငံရေးမလုပ်ဖူး။

သည်တော့ ရသအကြောင်းပဲ ပြောရမည်။

အဲသည်မှာ ကျွန်တော် စောစောက ဗြဟ္မစိုရ်တရား လေးပါးကို သွားသတိရတာပါ။ ဘုရား၊ ရဟန္တာ စသော အရင့်အမာ ပုဂ္ဂိုလ်များသည် လောကီသံယောဇဉ် အားလုံး ပြတ်ပြီဖြစ်သော်လည်း မေတ္တာကို မစွန့်၊ ကရုဏာကို မစွန့်၊ မုဒိတာကိုမစွန့်။ ဥပေက္ခာဆိုတာက တကယ်တော့ ကျွန်တော်ထင်သလို လူတွေကို ဥပေက္ခာထားနေတာ မဟုတ်။ မိမိမေတ္တာထားသူ မိမိအပေါ်မေတ္တာ ပြန်မထား တာ၊ မိမိကရုဏာ ထားသူတွေက ကရုဏာနှင့် တန်တာ မတန်တာ၊ မိမိလို သူများ မုဒိတာ ပွားတာမပွားတာတွေကို စိတ်မဝင်စားသည့် ဥပေက္ခာဖြစ်သည်။

အလိုလေး။ တွေးကြည့်ရတာနှင့် ကြည်နူးစရာ ကောင်းလိုက်တာ။

ဒါ ဘုရား၊ ရဟန္တာ အရင့်အမာပုဂ္ဂိုလ်တွေမှ ပွားများရ မည့် တရားလား။ တကယ်တော့ ဘုရားအဆုံးအမ၊ တရား အဆုံးအမ၊ သံဃာအဆုံးအမမှာ ခိုလှုံနေကြသည့် ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် အားလုံးနိုင်သမျှ ကြိုးစား ပွားများရမည့် တရားတွေမဟုတ်ဘူးလား။

ခင်နှင်းကြည်သာကို ကျွန်တော်ပင်လျှင် သမီးအရင်း လိုချစ်လျှင် သူ့ဖေဖေ ဒေါက်တာ မောင်မောင်စံ (ခေါ်) စာရေးဆရာကြည်မင်း ဘယ်လောက်ချစ်ရှာမလဲ။ မကျန်း မမာဖြစ်နေသည့် အမေကရော ဘယ်လောက် တမ်းတရှာ မလဲ။ အထွေးဆုံး၊ အသေးဆုံး၊ အထင်ရှားဆုံး သမီးကလေး လေ။ ဒါတွေကို ဥပေက္ခာ ပြုနိုင်လို့ သူထွက်သွားခဲ့တာ။ ဥပေက္ခာပြုနိုင်လို့ ခုချိန်ထိ သူဘယ်တော့ လူထွက်မည်ဆို တာ မဖြေသေးတာ။

သို့သော် မေတ္တာကိုမစွန့်၊ ကရုဏာကို မစွန့်၊ မုဒိတာကို မစွန့်၊ ဘာသာ၊ လူမျိုး၊ ဒေသ၊ အစွဲအားလုံးကို ကျော်လွန်သည့် မေတ္တာတရားနှင့် ချင်းပြည်နယ်၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်၊ အညာ ဒေသစုံနေအောင် ပရဟိတလုပ်ငန်းတွေ မမောနိုင်မပန်းနိုင် ဆောင်ရွက် နေသည် မဟုတ်ပါလား။

ဒေါ်ကရုဏာ၏ မေတ္တာလက်နက်

အဲဒါကိုပဲဟောမည်။ ကျွန်တော်နာမည်ပေးလိုက်သည်။ 'ဘဝထဲက ဇာတ်လမ်း၊ ဇာတ်လမ်းထဲကဘဝ'။ အဲသည်ကစလို့ ကျွန်တော် ပန်းဒေါင်းထဲက ခင်နွယ်စိုးကို ဖော်ထုတ်သည်။

'မြန်မာနိုင်ငံဟာ လူဦးရေ သိပ်များတဲ့ အိမ်နီးချင်း နိုင်ငံကြီးတွေနဲ့ ကပ်နေတဲ့အတွက် တိုင်းပြည်ကာကွယ် ရေးအတွက် လူဦးရေအများကြီးရှိဖို့လိုတယ်လို့ ဆိုရှယ် လစ်ခေတ်က ခေါင်းဆောင်တွေ သတ်မှတ်ခဲ့ကြတဲ့ အတွက် ပဋိသန္ဓေတားဆီးဖို့ ခွဲစိတ်မှုကို အစိုးရဖွဲ့ပေးတဲ့ ဆေးအဖွဲ့က သဘောတူမှ လုပ်နိုင်တဲ့ ဥပဒေပေါ်ခဲ့တာ အခုအထိ ကျင့်သုံးနေဆဲဖြစ်ပါတယ်။ တကယ်တော့ အလားတူ ဥပဒေမျိုးရှိတာ ကမ္ဘာပေါ်မှာ နိုင်ငံစုစုပေါင်း ငါးခုပြည့်အောင် မရှိတော့ပါဘူး။

မိမိကလေးလိုချင်တာ၊ မလိုချင်တာကို နိုင်ငံတော်က ဝင်ဆုံးဖြတ်ပိုင်ခွင့်ရှိနေတဲ့ အတွက် လူ့အခွင့်အရေးနဲ့ ဆက်နွှယ်စဉ်းစားစရာလည်း ဖြစ်နေပါတယ်။ တစ်ချိန်တုန်းက ကျန်းမာရေးဝန်ကြီး တစ်ဦးက သားကြောဖြတ်ဖို့စောင့်နေတဲ့ အိမ်ထောင်သည် အမျိုးသမီးတစ်ဦးကို 'မွေးဖို့က ခင်ဗျားတို့တာဝန်၊ ကျွေးဖို့ နိုင်ငံတော်က တာဝန်ယူတယ်'လို့ ပြောလိုက်လို့ အဲဒီ အမျိုးသမီး သားကြောဖြတ်ခွင့် ပြန်ဆုံးရှုံးရတာလည်း တွေ့ခဲ့ဖူးပါတယ်။

လက်တွေ့မှာတော့ ဆင်းရဲလို့ ကလေး ထပ်မမွေးနိုင်တဲ့ မိဘတွေ တရားမဝင် ကိုယ်ဝန်ဖျက်ချ ကြရာက အသက်ဆုံးရှုံးမှုတွေဟာ သားဖွားဆောင် မိခင် သေဆုံးတွေရဲ့ ထက်ဝက်ထိ ရောက်နေပြီး ကျွန်တော်တို့ ကလေးဆရာဝန်တွေဟာလည်း စွန့်ပစ်ကလေးငယ်များ အပါအဝင် အာဟာရချို့တဲ့ကလေးငယ်များစွာကို စောင့်ရှောက်ပေးနေရတာ ဖြစ်ပါတယ်။ ပရဟိတအဖွဲ့ တွေဟာလည်း ချို့တဲ့မိဘတွေရဲ့ ကလေးတွေ ပညာရေး၊ ကျန်းမာရေးတွေကို မနိုင်မနင်းလိုက်ကူနေကြရပါတယ်။ ဒါဟာ တိုင်းပြည်အင်အားဟာ လူဦးရေအပေါ်မှာ တည်နေတယ်လို့ ယူဆခဲ့ကြတဲ့အတွက် ဖြစ်ပါတယ်။ တကယ်တော့ ၂၁ ရာစုနှစ်ကြီးမှာ စစ်မက်ဖြစ်ပွားရင်တောင်မှ နည်းပညာမြင့်သူက အနိုင်ရနေပြီး လူဦးရေ အင်မတန် နည်းပါးတဲ့ သြစတြေးလျနိုင်ငံလိုမျိုး၊ မြေနဲ့ စာရင် လူဦးရေ မြန်မာပြည်ထက် လေးဆလောက် သိပ်သည်းမှုနည်းတဲ့ အမေရိကန်နိုင်ငံလိုမျိုးတွေ အင်အားကြီးနိုင်ငံ ဖြစ်နေကြတာ အများအသိပါပဲ။

ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်မယ်ဆိုရင်တော့ တကယ့်အင်အားအစစ်က ဘယ်တည်သလဲလို့မေးရင် မေတ္တာတရားအပေါ်မှာ တည်ပါတယ်။ မြတ်စွာဘုရားလည်း ဒီအတိုင်းဟောပါတယ်။ ဘုရားဟောကို ကျွန်တော် တို့ မယုံစရာအကြောင်း မရှိပါဘူး။ အခုရှေ့ဆုံးတန်းမှာ ထိုင်နေတဲ့ အင်မတန် ပိန်ပိန်သေးသေး မိန်းမငယ်ကလေး ဘဝကနေ သီလရှင်ဆရာလေးဖြစ်နေတဲ့ သူကအင်မတန် ကျယ်ပြန့်တဲ့ ပရဟိတလုပ်ငန်းတွေကို အောင်မြင်အောင် လုပ်နိုင်ခဲ့တာ ဒီမေတ္တာတရားကြောင့်ပါပဲ။ တစ်ကိုယ် တော် ပရိဟိတသမားများကွန်ရက်ရဲ့ အောင်မြင်မှုတွေဟာလည်း မေတ္တာတရားကြောင့်ပါပဲ။ ပွင့်ဖြူပရဟိတ ကွန်ရက်ရဲ့ အောင်မြင်မှုဟာလည်း မေတ္တာတရားကြောင့်ပါပဲ။ နောက်ဆုံး ဒီနေ့စာပေဟောပြောပွဲရဲ့ အောင်မြင်မှုဟာလည်း မေတ္တာတရားကြောင့်ပါပဲလို့ ကျွန်တော်ပြောချင်ပါတယ်။

စာပေဟောပြောပွဲက တကယ်လည်း အောင်မြင်ပါသည်။ ထောင်ချီသော လူအုပ်ကြီး သန်းခေါင်ကျော်သည် အထိ ဘယ်သူမှ ထမပြန်ပါ။ ခုံတွေမလောက်တာတောင် မြက်ခင်းပေါ်မှာ ထိုင်၍ အားပေးကြပါသည်။

ကျွန်တော်တို့ ပျော်ရွှင်စွာ ပြန်ခဲ့ကြသည့်တိုင် ဆရာလေးက မနားရရှာသေး ပါဘူး။ သူနှင့် လာတွေ့သည့် အဖွဲ့တွေ ထပ်ရောက်လာ၍ ဖြစ်ပါသည်။

နောက်တစ်နေ့ မနက်သုံးနာရီမှာ သူက တောင်တန်းဒေသကို ဆက် ထွက်ခွာသွားပြီး နောက်တစ်နေ့မှာ ကျွန်တော်တို့ မကွေးကနေ ရန်ကုန်ကို ပြန်ပါသည်။

ကန်ပြားလမ်းအဖြတ်တောင်ပေါ်မှာ ယာဉ်တိုက်မှု ဖြစ်ပါသည်။ ယာဉ်က မောင်းမရအောင် ကြေမွသွားသော် လည်း လူတွေဘာမှမဖြစ်ပါ။ အဲဒါလည်း မေတ္တာနှင့်လာခဲ့ သော ခရီးဖြစ်၍ဟု ကျွန်တော်ယုံကြည်ပါသည်။ ။

လကာင်္ရည်ကျော်

~~~ ဆရာက တဖြည်းဖြည်းနဲ့ မေတ္တာတရား ပိုများလာခဲ့ပါပြီ ~~~

ဒေါ်ကရုဏာ
Credit

No comments:

Post a Comment