အချစ်ဆိုတာ နူးညံ့စွာခံစားတတ်သူအတွက်
သိပ်ကို မြတ်နိုးဖို့ကောင်းတဲ့
ပန်းတစ်ပွင့်ပါပဲ။
မွှေးရနံ့ဆိုတာ နမ်းကြည့်မှရတာမဟုတ်ဘူး။
ရင်ထဲက ယုံကြည်မှုနဲ့တင် သူမဟာ
မွှေးပျံ့ လန်းဆန်းနေတဲ့ ပန်းလေးတစ်ပွင့်ပေါ့။
ကျနော့်ထက် ၁နှစ်ကြီးတဲ့သူ့ကို မမလို့ မခေါ်မိဘူး… သူ့အတွက် ရင်ဘက်ထဲမှာ
နာမ်စားလေးတစ်ခုရှိတယ်။
"ယွန်း”
ယွန်းကို ချစ်နေတာ ကျနော်တစ်ယောက်တည်း
မဟုတ်ဘူး။ကျနော့်အစ်ကိုကလည်း ယွန်းကို
ချစ်နေခဲ့တာ။သူက ယွန်းထက်
၁နှစ်ကြီးပြီး ကျနော့်ထက် ၂နှစ်ကြီးတယ်။
သချာင်္တတိယနှစ် ကျောင်းသားကြီးပေါ့။
သူ့မှာလည်း ယွန်းအတွက်
သူ့ကိုယ်ပိုင်နာမ်စား ရှိနေခဲ့သူပေါ့။
"ဖြူ”တဲ့
ကျနော်က အဖျားဆွတ်ခေါ်ပြီး
အစ်ကိုကတော့ အရင်းဆွတ်
ခေါ်လေသလားပဲ။
ယွန်းဝတ်လွှာဖြူဆိုတဲ့ ဒုတိယနှစ်ကျောင်းသူ
မိန်းမချောလေးကို ကျနော်တို့ ညီအစ်ကို
နှစ်ယောက်လုံးက
ကိုယ်ပိုင်နာမ်စားကိုယ်စီ၊မြတ်နိုးမှုကိုယ်စီ၊
တိတ်ဆိတ်မှုကိုစီနဲ့ ချစ်နေခဲ့ကြတယ်။
ကျနော့်ရဲ့ယွန်းနဲ့ သူ့ရဲ့" ဖြူ”ဟာ တစ်ယောက်တည်းဆိုပေမယ့် ကျနော်တို့နှစ်ယောက်ဟာ အချင်းချင်း
သင့်မြတ်နေကြတယ်။
ယွန်းကို ကျနော်တို့ ချစ်ကြတယ်ဆိုပေမယ့်
ယွန်းကို လိုက်ပိုးနေတဲ့ ဘယ်ယောကျာ်းကိုမှ
ကျနော်တို့ စိတ်မကွက်ခဲ့ကြဘူး…
ကျနော်တို့အချစ်ဟာ
ကျယ်ပြန့်နက်ရှိုင်းခဲ့တယ်။
ကျနော်တို့ ထိုင်နေတဲ့ လက်ဖက်ရည်ဆိုင်
ရှေ့ကနေ ယွန်းဖြတ်သွားရင်
အစ်ကိုက ကျနော့်က စ တယ်။
"ဟိုမှာ မင်းမရီးလာပြီ”တဲ့။
ကျနော်လည်း ဘယ်ခံမလဲ။ပြန်ချေပတာပေါ့။
"အဲ့ဒါ အစ်ကို ခယ်မပါ ”လို့လေ။
ပြီးတော့ ကော်ဖီခွက်ချင်းတိုက်ပြီး
"Cheer”လုပ်ကြသေးတယ်။
ပထမနှစ်ကျောင်းသားမနူးမနပ်လေးရဲ့
အကြည့်တွေဟာ ယွန်းရဲ့ရင်ကို လှုပ်ခါဖို့
မစွမ်းသာခဲ့ပါဘူး။
တတိယနှစ်ကျောင်းသားကြီးကတော့
သတ္တိနည်းတာပဲလား။
ကျနော့်ကို ညှာ တာပဲလားမသိ။
ယွန်းအချစ်ကို ရဖို့ သူမကြိုးစားဘူး။
ဒီလိုနဲ့ ကျနော်တို့အချစ်ဟာ
မြတ်နိုးတည်ကြည်စွာ ။
ယွန်းရဲ့ ဖခင်ဟာ အထိုက်အလျောက်
ကြွယ်ဝသူပါ။ဒါပေမယ့် ယွန်းရဲ့ အလှကတော့
သူ့အဖေရဲ့ ကြွယ်ဝမှုကို မှီခိုတဲ့အလှမျိုးမဟုတ်ဘူး။
မိတ်ကပ်ပါးပါး၊နှုတ်ခမ်းနီပါးပါးနဲ့
ချယ်သတယ်ဆိုရုံ ချယ်သထားတဲ့
ဣနြေ္ဒရှင် အလှနတ်ဘုရားမလေး။
ကျနော့်စပ်ထားတဲ့ ယွန်းအတွက် ကဗျာတွေကို
အစ်ကို ကိုဖတ်ပြတယ်။
အစ်ကိုစပ်ထားတဲ့ ယွန်းအတွက်ကဗျာတွေကိုလည်း ကျနော့်ကို ရွတ်ပြတယ်။
နေ့ရက်တွေဟာ ငြိမ့်ငြိမ့်လေး
စီးဆင်းနေခိုက်မှာ မီးတဝင်းဝင်းနဲ့
ကံကြမ္မာကို ဘယ်သူမှ မမြင်သာခဲ့ဘူး။
ကျိုးကြေနေတဲ့ ယွန်းရဲ့ ခြေထောက်တွေဟာ
ဒီaccidentမဖြစ်ခင်က သိပ်လှခဲ့ဖူးတယ်။
ယွန်းကို ပွေ့ပိုက်ထားတယ်ဆိုပေမယ့်
ကျနော်လည်း သွေးရူးသွေးတန်း၊
အစ်ကိုလည်း သွေးရူးသွေးတန်းပါပဲ…
မြင့်မားတဲ့ နာကျင်မှုကြောင့်
ယွန်းတစ်ယောက် မေ့မျောနေရှာတယ်။
သနားလိုက်တာယွန်းရယ်။
အသက်အန္တရာယ်မစိုးရိမ်ရပေမယ့် ဒုက္ခိတ
ဖြစ်ရတော့မယ့် ယွန်းအတွက် ကျနော်တို့
နှစ်ယောက်လုံး ရင်ကွဲမတက်ခံစားရတယ်။
လူနာကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ သမီးငယ်ကို
ဖခင်ဖြစ်သူဟာ ဝမ်းနည်းမှု၊ကရုဏာသက်မှုတွေ
ပြင်းထန်နေတဲ့ မျက်ဝန်းနဲ့
ကြည့်တယ်။ပြီးတော့ ကျနော့်တို့ကို ကြည့်တယ်။
ကျနော်တို့မျက်ဝန်းကိုကြည့်တယ်။
ကျနော်တို့ ရင်ထဲကိုကြည့်တယ်။
ဖခင်ဖြစ်သူ မြင်ကိုမြင်သွားမှာပါ။
သူ့သမီးလေးကို နက်ရှိုင်းစွာ ချစ်နေတဲ့
ညီအစ်ကိုနှစ်ယောက်ရဲ့
အသည်းနှလုံးနှစ်ခုကို။
ခြောက်ခြားစွာနိုးထလာမယ့် ယွန်းရဲ့အနားမှာ
သူ့ကို သိပ်ချစ်တဲ့လူသုံးယောက်
တိတ်ဆိတ်စွာထိုင်နေကြတယ်။
"ဦးက အသက်ရှင်ဖို့
အချိန်သိပ်မကျန်တော့ဘူး။
သမီးလေး မသိအောင် ဦး
လျို့ဝှက်ထားခဲ့တယ်။
သူခြေထောက်ပေါ်သူရပ်ခွင့်မရှိတော့တဲ့
သမီးလေးကို ဘယ်လိုခံနိုင်ရည်မျိုးနဲ့
ဦးထားခဲ့ရမလဲ”တဲ့
ကျနော်တို့ နှုတ်ဆိတ်နေဆဲပါပဲ။
"ဦးမှာ ငွေသားချည်းပဲ
သိန်း၃သောင်းကျော် ရှိတယ်။
ဦးသမီးကို မေတ္တာစစ်နဲ့ လက်ထပ်မယ့်သူကို
ဦးလိုချင်တယ်။”တဲ့
ကျနော်တို့ နှစ်ယောက်လုံး
နှုတ်ဆိတ်နေကြဆဲ။
"ဘာလဲ ဒုက္ခိတဖြစ်သွားလို့ လက်မထပ်ချင်တော့တာလား။သားတို့ရဲ့ အချစ်ကို ဦးမြင်နေရတယ်”
သတိမရသေးတဲ့ ယွန်းကို အစ်ကို
တစ်ချက်ငဲ့ကြည့်ရင်း
"ကျနော့်အချစ်က လက်ထပ်လိုတာထက်
ပိုပါတယ်ဦးရယ်။လက်ထပ်မှအချစ်ဆိုရင်
ကျနော်က အဲ့ဒါကို ငြင်းတယ်။
ဖြူ့မှာ ချစ်သူရှိတယ်။ဖြူ့ ရဲ့ဆန္ဒဘာရှိမလဲ။
သူ့ချစ်သူဆန္ဒဘာရှိမလဲ။
ကျနော်လိုက်နာချင်သေးတယ်။”တဲ့
အစ်ကို့ရဲ့အဖြေဟာ ကျနော့်ရဲ့ အဖြေနဲ့ အတူတူပါပဲ။ကျနော် စကားဟဖို့ မလိုသေးဘူးပေါ့လေ။
"သားရယ်။ဖခင်တစ်ယောက်အနေနဲ့ရော၊
ယောကျာ်းတစ်ယောက်အနေနဲ့ရော ဦးခံစားလို့ရတယ်။ ဦးသမီးအပေါ် မင်းတို့ထက် ပိုချစ်နိုင်မယ့်သူရှိမယ်လို့ ဦးမမြင်မိဘူး။
သမီးရဲ့ချစ်သူဆိုတဲ့သူက ဘာကြောင့်
အခုထိရောက်မလာတာလဲ သားတို့မရိပ်မိဘူးလား။”
အစ်ကို က မတ်တပ်ရပ်ပြီးတော့
ပက်တီး ဖွေးဖွေးစည်းနှောင်ထားတဲ့
ယွန်းရဲ့ ဒုံးတိဖြတ်ထားတဲ့ ဒူးခေါင်းလေးကို
နမ်းလိုက်ရင်း
"ကျနော်ရှိနေသမျှ ဖြူ ဘယ်တော့မှ ဒုက္ခ
မရောက်စေရဘူး။ဦး ဒါကို စိတ်ချပါ။
ဖြူ့ကို ကျနော်ချစ်တယ်ဆိုတာ အနှိုင်းမဲ့
မြတ်နိုးခြင်းတွေနဲ့ချစ်တာ။
ဖြူဒီလို မဖြစ်ခင်က ဘဝမှာ သူနဲ့ ကျနော်
မထိုက်တန်ဘူး။
သူဒီလိုဖြစ်လို့လည်း တန်ဖိုးကျပြီး
ကျနော်နဲ့ ထိုက်တန်သွားတာမျိုး
မဖြစ်စေချင်ဘူး။
ဖြူဘာပဲ ဖြစ်နေဖြစ်နေ
တန်ဖိုးကျသွားစရာ မရှိဘူး။
Infinityထဲက ဘယ်ဂဏန်းကိုပဲ နှုတ်နှုတ်၊
Infinityဟာ ထူးပြီး တန်ဖိုးမလျော့တော့ဘူး။
ဒါ ဖြူ့အပေါ်ကျနော်ထားတဲ့ တန်ဖိုးထားမှုနဲ့
အချစ်ပါပဲ။”
"သား… ဦးပွင့်ပွင့်လင်းလင်းပဲ ပြောမယ်ကွာ။
ဦးသမီးက ခြေပြတ်သွားပေမယ့် အခြားနေရာတွေ အကောင်းအတိုင်းရှိသေးတယ်။
အိမ်ထောင်ရေးသုခမပါဘဲ ဦးသမီးကို မင်းတစ်သက်လုံး စောင့်ရှောက်လိုစိတ် ရှိပါ့မလား။
မင်းအချစ်ကို ဦးလေးစားလို့ သမီးရဲ့ ဘဝကို
အပ်နှင်းရခြင်းပါသားရယ်။”
အစ်ကိုက အားတင်းပြုံးလိုက်ရင်း
"ဒါဆို ကျနော့်ညီလေးက ဖြူ့ကို လင်သားအဖြစ်
ယူပါစေ။ကျနော်ကတော့ အစ်ကို
တစ်ယောက်အဖြစ် စောင့်ရှောက်ပါရစေ။
ညီလေးရဲ့ ဖြူ့အပေါ်ထားတဲ့အချစ်ဟာ
ကျနော့်ထက်မသာရင်တောင်
ကျနော့်ထက်မလျော့ဘူးဦးလေး။”
ဖခင်ဖြစ်သူဟာ ကျနော့်ကို စိုက်ကြည့်ရင်း
"သားရဲ့ ဆန္ဒကရော”
"ကျနော့်ရဲ့ ဆန္ဒဆိုတာမရှိဘူးဦး။
ယွန်းရဲ့ ဆန္ဒပဲရှိတယ်။
ယွန်းသတိလည်လာမယ်။
သူနာကျင်မယ်။သူငိုမယ်။
သူ့ဖခင်နဲ့ သူ့ချစ်သူကို
သူတောင့်တလိမ့်မယ်။
ကျနော်တို့နှစ်ယောက်ကတော့
အစောင့်နှစ်ယောက်လို တိတ်ဆိတ်နေပါ့မယ်။
အနာဂတ်မှာ ဦးမရှိတော့တဲ့အခါ
ယွန်းရဲ့နာမည်နဲ့ အမွေတွေလွှဲခဲ့ပါ။
သူ့ချစ်ရမယ်သူကို တွေ့ရမယ့်နေအထိ
မောင်ငယ်တစ်ယောက်လို ရော
အစ်ကိုတစ်ယောက်လိုပါ
ကျနော်တို့စောင့်ရှောက်မှာ။”
"ဦးသမီးကို လက်မထပ်ချင်ဘူးလား။
မင်းတို့မှာ ဆန္ဒမရှိဘူးလား။”
အစ်ကိုက
"ကျနော်တို့မှာ ဆန္ဒတွေရှိပါတယ်။
ဒီဆန္ဒတွေကို ထည့်မစဉ်းစားတာပါ။
ဖြူ့ ရဲ့ ဆုံးရှုံးသွားတဲ့ ခြေထောက်နှစ်ချောင်း
အဖြစ် ကျနော်တို့နှစ်ယောက်
ရပ်တည်သွားချင်တယ်။
ဦးခွင့်ပြုမယ်ဆိုရင်ပေါ့။”
"မင်းတို့ အချစ်တွေက ဘယ်လိုကြီးလဲကွာ။
ဦးဥာဏ်မမီတာလား ။
မေတ္တာအဆင့်အတန်းပဲ မမီတာပဲလား။”
"ရူးနေတယ်လို့ပဲ သတ်မှတ်လိုက်ပါတော့။
အချစ်ဆိုတာကို သိမ်မွေ့စွာ စွဲလန်းနေတဲ့
အရူးတွေလေ။ဦးနားထောင်မယ်ဆို
ပြောပြချင်ပါသေးတယ်။”
"ပြောပါ။ဦးနားထောင်ချင်တယ်။”
"ကျနော်ရော ကျနော့်ညီလေးရော လက္ခဏရဲ့
ပရိတ်သတ်တွေပါ။ရာမဇာတ်တော်ကို စွဲလန်းနှစ်ခြိုက်ခဲ့ဖူးတယ်။နောက်ပြီး လက္ခဏဟာ သီတာဒေဝီကို
ပြင်းပြင်းထန်ထန် မြတ်မြတ်နိုးနိုး ချစ်မယ့်လူလို့
လည်း ကျနော်တို့ ယုံကြည်ခဲ့တယ်။”
"ဒါဒဏ္ဍာရီသက်သက်မဟုတ်ဘူးလား။”
"ဟုတ်နိုင်ပါတယ်။ဒါပေမယ့် လက္ခဏလို
အချစ်မျိုးတကယ်ရှိတယ်။
ဒုတိယရဲ့ မြင့်မြတ်မှုကို လက္ခဏဆီမှာ
တွေ့ရတယ်။အငြင်းခံလူတစ်ယောက်ရဲ့
ခွင့်လွှတ်မှုကို လက္ခဏဆီမှာတွေ့ရတယ်။
ကိုယ်ကသူ့ကို ချစ်တဲ့အချစ်ထက်
သူကတခြားသူကို ချစ်တဲ့အချစ်အပေါ်ကို
လေးစားပေးတဲ့စိတ်ဓာတ်မျိုး လက္ခဏဆီမှာ
တွေ့ရတယ်။အကယ်၍ပေါ့… မသီတာကိုသာ လက္ခဏက သိပ်ချစ်နေတယ်ဆိုရင် လက္ခဏလုပ်ခဲ့သမျှ
အလုပ်အားလုံးဟာ ကမ္ဘာပေါ်မှာ အချစ်တတ်ဆုံး
ယောက်ျားတစ်ယောက်ရဲ့ လုပ်ရပ်မျိုးပဲ။ဦးစိတ်ထဲမှာ ကျနော်တို့ နှစ်ယောက်ကို ရူးနေပြီလို့ ထင်မိလား။
လက္ခဏက နိုင်တဲ့မြှားကို မပစ်ဘူး။
ပိုင်မယ့်လမ်းကို မရွေးဘူး။
ချစ်သူကို မော်လို့တောင် မကြည့်ခဲ့ဘူး။
ကျနော် ဖြူ့ကို သိပ်ချစ်ပါတယ်။
ဒါကြောင့်လည်း ဖြူရွေးမယ့်လမ်းကိုပဲ
ကျနော်က လိုက်နာမယ်။”
"ဦးသမီးက မင်းကို ရွေးမယ်ဆိုရင်ရော…”
"ဟင့်အင်း … မရွေးလောက်ဘူး။
လက္ခဏအချစ်နဲ့ ထိုက်တန်တဲ့ နှလုံးသားမျိုး သီတာ့မှာ မရှိခဲ့သလိုမျိုး… ကျနော့်အချစ်နဲ့ ထိုက်တန်တဲ့ နှလုံးသားမျိုး ဖြူ့ဆီမှာ ရှိနိုင်မယ်မထင်ဘူး။”
"ဟူး … အံ့သြစရာပဲကွာ။
မင်းတို့ တကယ်ရူးနေကြတာပဲ။
ဒါပေမယ့် မင်းတို့ ရူးနေတာလေကို
ဦးသိပ်ချစ်တယ်။
ယောကျာ်းချင်း တည့်တည့်ပဲ မေးမယ်ကွာ။
မင်းမှာ ဦးသမီးအပေါ် လိင်စိတ်အရ မက်မောမှုမျိုး လုံးဝမရှိခဲ့ဘူးလား။”
"ဦး ရွှေးဒင်္ဂါးပြားပုံ ချောကလက်လေးတွေ
စားဖူးလား”
"အေး စားဖူးတယ်… ဘာဖြစ်လို့လဲ”
"ကျနော် မစားဖူးဘူး။”
"မင်းကွာ… မစားဖူးတာများ အဆန်းလုပ်လို့”
"ဆန်းတယ်ဦး။အဲ့ဒိချောကလက်ပြားလေးတွေ
ကျနော့်ဆီမှာ ၆၂၇ပြားရှိတယ်။
ကျနော့်အဖေ ၆၂၇ရက် ဆက်တိုက် မပျက်မကွက်
ဝယ်ပေးခဲ့တဲ့ ချောကလက်ပြားလေးတွေ။
ကျနော်သိမ်းထားတယ်။
တစ်ပြားမှ မစားဖူးဘူး။”
"ဘာလို့မစားတာလဲ။”
"စားရင် ရမယ့်အရသာထက် ထုပ်ပိုးထားတဲ့
အဆင်းလေးသဏ္ဍန်လေးကို ပိုမက်မောလို့။
ဒါကြောင့် အခုချိန်ထိ သိမ်းထားတုန်းပဲ။
ဖွင့်ဖောက်ပြီး မစားရက်ခဲ့ဘူး။
စားဖို့ ထုတ်ထားတာကို ကျနော်လက်ခံတယ်။
မစားရက်တဲ့ ကလေးတစ်ယောက်ရဲ့
ရွေးချယ်မှုလေးကို ဦးနားလည်ပေးပါ။”
"ခံစားမှုက သိပ်နက်ရှိုင်းသွားပြီ။
မြတ်နိုးမှုလွန်ကဲသွားတဲ့ စိတ္တဇရောဂါ လို့ပဲ ဦးသတ်
မှတ်မိတယ်။ဒီလိုပြောမိတဲ့အတွက်တော့ ဦးကို
ခွင့်လွှတ်ပါ။ဒါပေမယ့် ဦးရဲ့သမီးအပေါ် ဒီလိုအချစ်နဲ့ ချစ်တဲ့သူနှစ်ယောက် ကမ္ဘာပေါ်မှာ တကယ်ကြီးရှိနေတဲ့အတွက် ဦးဂုဏ်ယူတယ်။ဝမ်းနည်းစွာ ဂုဏ်ယူတယ်။”
ဘာရယ်မဟုတ်ဘဲ သုံးဦးသားရယ်မိကြသည်။
ပြီးတော့ သုံးဦးလုံးဟာ လူနာကုတင်ပေါ်က
အမျိုးသမီးလေးကို သက်ဆိုင်သော
မေတ္တာကိုယ်စီနဲ့ ငေးကြည့်နေပါတော့တယ်။
#Sithu(Error)
19 2 2019
စာကြွင်း။
စိတ်ကူးယဉ်မေတ္တာဖွဲ့ ဇာတ်လမ်းပါ။
ခံစားဖို့သက်သက်ပါပဲ။
လောကမှာ ရှိနိုင်ခဲတဲ့ အချစ်မျိုးပါ။
ဒီစာကိုဖတ်ပြီး ယောကျာ်းတွေ ဒီလိုမျိုးချစ်ကြပါ
စေလို့ မမျော်လင့်စေချင်ဘူး။
ရသစာပေမျှဝေသူ Sai
Thursday, February 20, 2020
Monday, February 17, 2020
ဖခင်တစ်ယောက်အကြောင်း
,________________________
စတုတ္ထတန်းကျောင်းသားဖြစ်သူ သားငယ်လေး၏
report cardကိုကြည့်၍ ကျနော့်မိန်းမက ကျေနပ်နေသည်။သူငယ်တန်းမှစ၍ စာမေးပွဲတိုင်းတွင် အဆင့် ၁ရသော သားငယ်အတွက် သူဂုဏ်ယူနေပုံပဲ။
မြန်မာ့လူကုံထံအသိုင်းဝိုင်းအတွက်တော့ သားသမီး၏ report card အဆင့်ဟာ မိဘချင်း
ဂုဏ်ပြိုင်စရာပေလား။
ကလေးတစ်ယောက်၏ အခွင့်အရေး
ဘယ်လောက်တောင်အလုခံထားရပါသလဲ။
ကလေးတစ်ယောက်ကရော သူရသင့်တဲ့
အခွင့်အရေးကို သူသိပါရဲ့လား။
သားရဲ့ ပညာရေးစစ်စစ်အတွက်
ကျနော့်မိန်းမနဲ့ ဆွေးနွေးမှရတော့မည်။
"သား ဘာလုပ်နေလဲမိန်းမ”
"စာကြည့်နေတယ်လေ”
"သားကို ကစားဖို့ မင်းက ခွင့်မပြုထားဘူးလား”
"အို… ရှင်ကလည်း သူကမှ မကစားချင်တာ…
နောက် သုံးပတ်နေရင် လပတ်စာမေးပွဲရှိတယ်။”
"ရှိရှိပေါ့ မိန်းမရယ်… ကလေးတစ်ယောက်အတွက်
ဆော့ချိန်လေးတော့ ပေးဦးပေါ့။”
"ရမလား… သူစာမလုပ်ဘဲဆော့နေရင် ဒီလိုအဆင့်
၁ ရပါ့မလား။
ရှင်သိရဲ့လား… အဆင့် ၂အမြဲရတဲ့ ကောင်မလေးရဲ့ အမေက ကျမတို့ကို ကြိတ်ပြိုင်နေတာ။”
မိန်းမကို အော်ငေါက်ပစ်လိုက်ချင်သည်အထိ
ဒေါသထွက်ရသည်။လူ့အတ္တမာနကလည်း
သိပ်ကြောက်ဖို့ကောင်းတယ်မဟုတ်လား။
ကိုယ့်မိတ်ဆွေတွေကြားမှာ လက်မထောင်ချင်လို့
သားသမီးကို စတေးထားတဲ့လူတွေထဲ
ကျနော့်မိန်းမလည်း ပါဝင်နေခဲ့ပြီ။
ကလေးကို မဆုံးမခင် မိန်းမကို နားလည်အောင်
အရင်ဆုံးမရမယ့်ပုံပဲ။
"မိန်းမ… ကလေးဘဝကို ဖြတ်သန်းတဲ့အခါ ကလေး
ဘဝမှာ သိသင့်တဲ့အသိ၊ရှိသင့်တဲ့အပျော်တွေ မင်းပေးတတ်ရမယ်။သားကို အရွယ်ရောက်နွားတစ်ကောင်လို အတင်းမရုန်းခိုင်းနဲ့။
ဘဝပြေးလမ်းက အရှည်ကြီးပဲ။တာထွက်ကတည်းက ဖွင့်မပြေးခိုင်းနဲ့။ကလေးကို စက်ရုပ်တစ်ကောင်လို
မင်းမဆက်ဆံနဲ့။ကိုယ့်မှာ ကလေးနဲ့ နီးကပ်ခွင့်မရှိလို့
ခပ်လှမ်းလှမ်းကနေ ကြည့်နေရတာ။
အဖေကတစ်မျိုး၊အမေကတစ်မျိုး ဖြစ်နေမှာ
စိုးလို့ မင်းရဲ့ ထိန်းကျောင်းပုံတွေကို
ကိုယ်စောင့်ကြည့်နေတာ။
အခုကလေးကိုကြည့်။အသက်ဆယ်နှစ်ရှိပြီ။
မင်းရေချိုးဆိုချိုးတယ်။မင်းစားဆိုရင်စားတယ်။
မင်းစာကြည့်ဆိုရင် သူကြည့်တယ်။
ဘယ်မှာလဲ သူ့ကိုယ်ပိုင် management။
ဘယ်မှာလဲ သူ့ကိုယ်ပိုင်ဆုံးဖြတ်ခွင့်။
မင်းသူ့ဘဝကို သိပ်ခြယ်လှယ်လွန်းနေပြီ။”
"၁၀နှစ်ဆိုတာ ကလေးပဲရှိသေးတယ်။မိဘအုပ်ထိန်းမှုအောက်မှာပဲ ရှိနေရဦးမယ့်အရွယ်ရှင့်။”
"၁၀နှစ်အရွယ်မှာ ၁၀နှစ်နဲ့တန်တဲ့
လွတ်လပ်ခွင့်ရှိတယ်။အခု သားကိုကြည့်ရတာ
ကိုယ်လုံးဝအားမရဘူး။သူရသင့်တဲ့အခွင့်အရေး
တောင် သူဘာမှန်းမသိတော့ဘူး။”
"အံ့သြလိုက်တာရှင်။ကလေးက အဆင့် ၁ရလို့
ဆူပူနေတဲ့ ဖခင်ဆိုလို့ ရှင်ပဲရှိမယ်ထင်တယ်။”
သူ့အမြင်မှာ ကျနော်က တယူသန်ဖြစ်နေပြီလား။
သားနဲ့ တိုက်ရိုက်ဆွေးနွေးကြည့်ဦးမှပဲ။
"သားရေ… ဖေဖေ့ဆီခဏလာဦး။”
စာအုပ်လေးကိုင်၍ သားငယ်ရောက်လာသည်။
"သား စာလုပ်နေတာလား။”
"ဟုတ်ဖေဖေ”
"ဖေဖေ.လက်ဖက်ရည်ဆိုင်သွားမလို့။
သားလိုက်ချင်လား။ ”
"မလိုက်ချင်ဘူးဖေဖေ။သား မေမေ့ကို
စာပြန်ရဦးမှာ။”
"ရှင်ကလည်း။ လက်ဖက်ရည်ဆိုင်လို
လူရှုပ်တဲ့နေရာတွေ ကလေးကို ခေါ်မသွားပါနဲ့။
ကလေးက လူရှုပ်ရှုပ်နဲ့ မနေတတ်ဘူး။”
"မိန်းမ… ကိုယ့်ကိုကြည့်။ ဒီတစ်ရက် ကိုယ့်ကို
အချိန်ပေး။ အယူအဆနှစ်ခုကို ချိန်ကိုက်ကြည့်တာအခါ နားလည်သည်းခံဖို့ လိုတယ်။
ကိုယ်မင်းကို အချိန်အကြာကြီးပေးခဲ့တယ်။
ကိုယ်ဝင်မရှုပ်ခဲ့ဘူး။
သား… လာ… ဖေဖေနဲ့လိုက်ခဲ့။”
မိန်းမ ဖြစ်သူက မျက်နှာထားတင်းတင်းနဲ့
ကျန်နေရစ်ခဲ့သည်။
လက်ဖက်ရည်ဆိုင်ရောက်တော့
"သား… ဘောလုံးကန်တတ်လား”
"မေမေက မကန်ခိုင်းဘူးဖေဖေ…
ခြေထောက်နာမှာစိုးလို့တဲ့။”
"သား ဘာgameဆော့တတ်လဲ။”
"မေမေက ဖုန်းပေးမကိုင်ဘူး။”
"သားအပင် တက်တတ်လား”
"မတက်တတ်ဘူးဖေဖေ…
တက်ရင်လည်း မေမေက ဆူမှာ။”
"သား.ရန်ဖြစ်ဖူးလား။”
"မဖြစ်ဖူးဘူးဖေဖေ”
"ရန်ဖြစ်တာရောမြင်ဖူးလား”
"အတန်းထဲမှာတော့ သူများတွေ
ရန်ဖြစ်ကြတယ်။”
"သား အဆင့် ၁မရတဲ့ လ ရှိလား”
"မရှိဘူးဖေဖေ။စာမေးပွဲတိုင်း အဆင့် ၁ချည်းပဲ။”
"သား အခုလာမယ့် စာမေးပွဲမှာ အဆင့် ၁မရအောင်
ဖြေနိုင်မလား”
"ဗျာ… ဖေဖေကလဲ။ အဆင့် ၁ရအောင်ဖြေနိုင်မလားလို့ မေးတာမဟုတ်လား။”
"မဟုတ်ဘူး ဖေဖေမေးတာ
သားကြားတဲ့အတိုင်းပဲ။
သား အဆင့် ၁မရအောင် ဖြေပေးနိုင်မလား။”
"မေမေဆူလိမ့်မယ်။”
"သားက မေမေ့အတွက် အဆင့် ၁ရအောင်
ဖြေပေးခဲ့တယ်။ဒီတစ်ခါ ဖေဖေအတွက်
အဆင့် ၁မရအောင် ဖြေပေး။မေမေ မဆူစေရဘူး။
ဖေဖေကတိပေးတယ်။”
သားကို ရယ်မောစရာလေးပြောရင်း၊
စနောက်ရင်း စကားအတော်အတန်ကြာ
ပြောဖြစ်ခဲ့သည်။
အိမ်ပြန်ရောက်တော့ စိတ်ပူနေသည့်မျက်နှာဖြင့်
မိန်းမက စောင့်နေသည်။
"ရှင်ကလဲ။ကြာလိုက်တာ။
ညစာ စားဖို့ မျှော်နေတာကို။”
ကျနော်လည်း ပြုံးပြလိုက်ရင်း
"ကိုယ်ရေချိုးလိုက်ဦးမယ်။ ပြီးရင် အတူစားမယ်လေ”
ထမင်းစားသောက်ပြီးနောက်
အိပ်ခန်းထဲရောက်တဲ့အခါ
"ကိုယ်အလုပ်တစ်ပတ် နားမယ်။
အပန်းဖြေခရီး ထွက်ရအောင်။”
"ဟာ ကလေး ကျောင်းပျက်လို့မရဘူးလေ။”
"ဘာလို့မရတာလဲ။”
"အဆင့်တွေ ကျကုန်မှာပေါ့။”
"ကျပါစေမိန်းမ။ ကျပါစေ။ ကလေးကို မင်းကြည့်ဦး။မင်းရဲ့ စည်းဘောင်တွေထဲ
သူဘယ်လောက်မွန်းကြပ်နေပြီလဲ။
ခလုတ်တိုက်မှာစိုးလို့ လမ်းမလျှောက်ခိုင်းရင်
ဘယ်တော့မှ လမ်းလျှောက်တတ်မှာ
မဟုတ်ဘူး။မင်းရဲ့ လှောင်အိမ်ကြီး
ဖွင့်ပေးလိုက်ပါတော့။
အဆင့် ၁ရရင် သူ့အတွက်
ဆုလာဘ်မဟုတ်တော့ဘူး။
အဆင့် ၁မရရင်တော့ ပြစ်ဒဏ်တွေ
မင်းစီစဉ်ထားနှင့်ပြီမဟုတ်လား။
ကိုယ့်ကိုကြည့် အချစ်လေး။
မင်းကိုယ့်ကို ယုံတယ်မဟုတ်လား။”
####
"Hello ကိုအောင်မြင့်… ”
"ဟုတ်ကဲ့ MDပြောပါ။”
"ကျနော် တစ်ပတ်လောက် အလုပ်နားမယ်။
မိသားစုအတွက် အချိန်ပေးချင်လို့။
အရေးအရမ်းကြီးလာရင် ဖုန်းဆက်လိုက်နော်။
ပုံမှန်အလုပ်ကိစ္စတွေတော့ ခင်ဗျားပဲ စီစဉ်ထားလိုက်ပါ။”
"ဟုတ်ကဲ့ MD ။စိတ်ချပါ။ Have a nice trip boss.”
####
"ကျနော် အောင်လင်းထက်ရဲ့ ဖခင်ပါ။”
"ဟုတ်ကဲ့ရှင့်။ဘာကူညီပေးရမလဲ။”
"ကျနော် သားအတွက် ခွင့်လာတိုင်တာပါဆရာမ။မိသားစု အပန်းဖြေခရီးထွက်ချင်လို့။”
………………
တစ်လခန့်ကြာပြီးနောက်
Report cardကိုကြည့်ရင်း မဟေသီရဲ့ မျက်နှာက ယငိုမဲ့မဲ့ဖြစ်နေသည်။
အဆင့်ငါးဆိုတဲ့ရလဒ်ကို တကယ်တန်းခံနိုင်ရည်မရှိတာက သားမဟုတ်ဘဲ သူမဖြစ်နေရှာသည်။
"သား… ဖေဖေ့ကိုကြည့်…
လောကမှာ အဆင့် ၁ချည်းဖြစ်ချင်လို့မရဘူး။
လဲခွင့်ရှိတုန်းလေး လဲထား။
နားခွင့်ရှိတုန်းလေး နားထား။
သားရဲ့ငယ်ဘဝမှာ သားလေ့လာရာမှာက
ကျောင်းစာချည်းသက်သက်မဟုတ်ဘူး။
အပျော်အပါး၊ပေါင်းသင်းဆက်ဆံရေး၊
စိန်ခေါ်မှုရှိတဲ့ ကစားပွဲတွေ၊ လူမှုပတ်ဝန်းကျင်
အားကစားတစ်ခုခု၊ အနုပညာတစ်ခုခု
သားလေ့လာရဦးမယ်။
သားရဲ့ ကာယခွန်အားအတွက်
သားဆော့ရလိမ့်မယ်။
သားရဲ့ ဥာဏခွန်အားအတွက် သုတစာပေတွေ
သားဖတ်ရမယ်။ကလေးဆိုရင် ကလေးစာ
ဖတ်ရတယ်။သားရဲ့ နှလုံးသားခွန်အားအတွက်
ရသစာပေတွေလည်း သားဖတ်ရမယ်။
စဉ်းစားတွေးခေါ်မှုတွေ၊ဖြတ်ထိုးဥာဏ်တွေအတွက်
သား gameလည်းကစားရမယ်။
သားရဲ့နေ့ရက်တွေကို ကျောင်းစာမေးပွဲမှာ
အဆင့် ၁ရချင်ရုံသက်သက်နဲ့ ဖြုန်းမပစ်နဲ့။
အဆင့် ၁ မရတော့ဘာဖြစ်လဲ။
နေ့တိုင်းနေ့တိုင်းမှာ ကလေးတစ်ယောက်
ရသင့်တဲ့ပျော်ရွှင်မှု ရရမယ်လို့
ဖေဖေကတိပေးတယ်။
#Error
31.8.2018
Sunday, February 16, 2020
ချစ်သူများနေ့
ကျူးကျော်တဲလေးရဲ့ နောက်မှာ..
ရေဘူးခွံတွေ ဆေးနေတဲ့
မိခင်ဖြစ်သူကို..
ပီနန်အိတ် ထမ်းပြီး ပြန်လာတဲ့
၁၀ နှစ် အရွယ် သားဖြစ်သူက..
နောက်ကနေ..မိခင်ရဲ့မျက်လုံးကို လက်နဲ့အုပ်ပြီး ငြိမ်နေလိုက်တယ်..
ဒီတော့..
မိခင်ဖြစ်သူက..
" ဖယ်စမ်းပါ ဖိုးသားရယ် ။ အမေ ဒီမှာ..အလုပ်တွေ မပြီးသေးဘူး ''
မိခင်ရဲ့စကားကြောင့်
ဖိုးသားက မကျေနပ်တဲ့အသံနဲ့..
" အမေကလဲဗျာ..ဘယ်သူလဲ?..ဘာလဲ? တောင်..မမေးဘူး..''
" အံမယ်..မေးစရာလား ။ ဒီအိမ်မှာ တော်နဲ့ကျုပ် နှစ်ယောက်တည်း ရှိတဲ့ဟာကို..ဟွမ်း..''
ဒီတော့..
ဖိုးသားက..
" အာ့ဆို..အမေ မျက်စိ မှိတ်လိုက်..''
" ကဲ..သားရယ် ။ အမေ့ကို လာမရှုပ်စမ်းပါနဲ့ ။ သွား..အပေါ်မှာ အမေ ထမင်းခူးထားတယ် ။ သွားစားချေ ''
" ဟာ..မရဘူးဗျာ ။ အမေ မျက်စိ မှိတ်လိုက် ။ ပြီးရင်..သား ဖွင့်ဆိုမှ ဖွင့်..''
" ဟင်းးး..''
မိခင်က
သက်ပျင်းတစ်ခုကို ချလိုက်ရင်း..
" ကဲကဲ..မှိတ်ပါပြီတော်..''
မိခင်က..
မျက်လုံး မှိတ်လိုက်တော့..
ဖိုးသားက.. လွယ်အိတ်ထဲက..
ဗူးတစ်ခုကို ဖွင့်၍..ရှေ့သို ချလိုက်ပြီး..
" ဒန်တန်တန်....ရပြီ..ဖွင့်ကြည့်တော့..''
မိခင်က
ဖွင့်ကြည့်လိုက်တော့..
ဂျေဒိုးနတ် မုန့်ဗူးလေး..
" သား..ဒါက..''
" အမေ့အတွက်လေ..ဟိုတလောက အမေ..စားချင်တယ်.ပြောလို့..အဲ့ဒါ သား..ပိုက်ဆံစုပြီး ဝယ်လာတာ..''
" သားရယ်...သက်သက် ပိုက်ဆံ ကုန်လို့ ။..ဘာလို့..ဝယ်လာတာလဲ..''
" အွန်..ဘာမှ မကုန်ပါဘူး အမေရဲ့.။ ဒီနေ့က ချစ်သူများနေ့လေ..။အာ့ကြောင့် အမေ့ကို စပရိုက် လုပ်တာ ဟီးဟီး ''
" ဪ..ဒီကလေး။..ချစ်သူများနေ့ ဆိုတာ..သမီးရီးဇားတွေ..အတွက် ပြောတာ.သားရဲ့.''
ဤအခါ
ဖိုးသားလေးက..
" ဟာ..မသိဘူးဗျာ ။ အမေ့ကို သားချစ်တယ် ။ သားဘဝမှာ အချစ်ရဆုံးသူက အမေပဲ ။ သား ချစ်တဲ့သူကို..သား.. စားစေချင်တာ..ဝယ်ကျွေးတာ။..သား သိတာ..ဒါပဲ ''
" သားရယ်..''
မိခင်က
ဖိုးသားလေးကို
ရင်ခွင်ထဲ ဆွဲပွေ့ရင်းက..
" အမေလည်း..သားကို သိပ်ချစ်ပါတယ် သားရယ် ''
ဥစ္စာပစ္စည်း မပြည့်စုံပေမယ့်လည်း....
၅၂၈ သော ချစ်မေတ္တာတွေ..
ဝေဆာပွင့်ဖူးနေသော..
ဖိုးသားတို့ သားအမိရဲ့..ကြည့်နူးဖွယ်ရာ..နေ့လေး တစ်နေ့.. ဆိုလည်း..မှားနိုင်ပါ့မလား ဗျာ....''
😍😍😍😍😍😍
#လူချွန်တော်
Friday, August 9, 2019
အရင်ကထက်……
အရင်ကထက်……
🍓🍓🍓🍓🍓
🍀 အရင်ကထက် ပိုတိတ်ဆိတ်လာတယ်....
🍀 မပြောသင့်ဘူးထင်ရင် ပါးစပ်တောင် မဟမိအောင်…
🍀 ထိန်းချုပ်တတ်လာပြီ။
🍀 အရင်ကထက် ပိုနေနိုင်လာတယ်...
🍀 အခြေမခိုင်တော့တဲ့ ဆက်ဆံရေးအတွက်……
🍀 မျှော်လင့်ချက်တွေနဲ့ ကိုယ့်ကိုယ်ကိုယ်နှိပ်စက်……
🍀 မနေတော့ဘူး။
🍀 အရင်ကထက် ပိုအေးစက်လာတယ်....
🍀 မပီပြင်တော့တဲ့ ခံစားချက်တွေနဲ့ ကိုယ့်နှလုံးသားကိုကိုယ် …
🍀 လှည့်စားမနေချင်တော့ဘူး။
🍀 အရင်ကထက် ပိုပြတ်သားလာတယ်....
🍀 ဖြတ်သင့်နေတဲ့ သံယောဇဉ်တွေအတွက်……
🍀 နောက်ထပ်ဆိုတာတွေကို ငံ့လင့်မနေတော့ဘူး။
🍀 အရင်ကထက်ပို မာကျောလာတယ်.....
🍀 အခါခါပွန်းပဲ့သွားတဲ့မာနတွေအတွက်…
🍀 မျက်ရည်တွေကို ထပ်စတေးပစ်ဖို့ မလိုအပ်တော့ဘူး။
🍀 အရင်ကထက် ပိုရက်စက်လာတယ်....
🍀 ကျောခိုင်းလျှောက်ဖို့ အချိန်တန်နေတဲ့…
🍀 ခြေလှမ်းတွေအတွက် နောင်တဆိုတာကို ပွေ့ဖက်…
🍀 ထားမနေတော့ဘူး။
🍀 အရင်ကထက် ပိုနေတတ်လာတယ်....
🍀 အနစ်နာခံတယ်ဆိုတာ နာမည်လှပေမယ့်…
🍀 ဘယ်လောက်ပဲပေးပေး ကိုယ့်ဘက်ကိုဘယ်……
🍀 တော့မှဖြည့်တွေး မပေးတတ်တဲ့ သူတွေကြောင့်…
🍀 သူများနစ်နာတိုင်း ကိုယ်ကဝင်ခံမနေချင်တော့ဘူး။
Thi Ha🇲🇲

အိမ်ထောင်ဖက်ဆိုသည်မှာ
အိမ်ထောင်ဖက်ဆိုသည်မှာ
❤💚❤💚❤💚❤
တစ်ယောက်နဲ့ တစ်ယောက် မိသားစု တစ်ခုစီကနေ မွေးဖွားပြီး
ဖူးစာဖက်ဖြစ် ပေါင်းဖော်ခွင့်ရတာဟာ အကြောင်းမဲ့ ဖြစ်လာတာ မဟုတ်ပါဘူး။
အကြင်လက်မယားဖြစ်ပြီး အချစ်တွေ လျော့မသွားကြပါနဲ့ ။
ပိုပိုပြီးတော့ ချစ်ကြရမှာပါ။ တစ်ယောက်နဲ့ တစ်ယောက် ခွင့်လွှတ်ခြင်း နားလည်ခြင်း စာနာခြင်း သစ္စာစောင့်သိခြင်း စသည်ဖြင့် ခိုင်မြဲနေမှ အိမ်ထောင်ရေး သာယာကြမှာလည်းဖြစ်တယ်။
ကိုယ်နဲ့ မယူခင်က လှလှပပ နုနုပျိုပျို ချောချောမောမောလေး အိမ်ထောင့်တာဝန်တွေထမ်းရင်း..အရွယ်တွေရင့်လာမယ် ။
အဝ လွန်လာမယ်၊ နုပျိုမှုအစား အိုမင်းခြင်းတွေ အစားထိုးလာမယ်
ပုံပျက် ပန်းပျက်ဖြစ်ချင်ဖြစ်လာမယ်။ ဒါတွေဟာ သဘာဝတရားမို့
ကျေကျေနပ်နပ် လက်ခံပေးရမယ်။
တချို့က ပြောတတ်ကြတယ် ။ အိမ်က အဖိုးကြီးတဲ့ အိမ်က အဖွားကြီးတဲ့ အိမ်ကဟာကြီး အိမ်ကဟာမကြီးတဲ့။
တကယ်ဆို ကိုယ့်အပေါ် တကယ်မေတ္တာစစ်နဲ့ ပေါင်းသင်းနေတဲ့ ကြင်သူကို ရှုံ့ချတဲ့စကား၊ အရှက်ရစေမယ့်စကား သိက္ခာထိပါးစေမယ့်စကားတွေ ရှောင်ရှားကြရမှာပါ။
ဘဝတစ်ခု စတင်တည်ဆောက်ကြပြီ ဆိုကတည်းက အေးအတူ ပူအမျှ ငိုလည်းမခွဲ ရီလည်းမခွာ ကောင်းမွေ ဆိုးမွေ အတူတကွ ရင်ဆိုင် ဖြေရှင်းကြရမှာပါ။
သူ့အမျိုးလည်း ကိုယ့်အမျိုး သူ့သူငယ်ချင်းလည်း ကိုယ့်သူငယ်ချင်း
စိတ်သဘောထားကြီးကြီးနဲ့ စိတ်ကောင်း နှလုံးကောင်းမွေးပြီး တန်းတူ ဆက်ဆံနိုင်အောင်လည်း ကြိုးစားကြရပါမယ်။
ဟိုဖက် သည်ဖက် သူ့အမျိုး ကိုယ့်အမျိုး သူပေးလည်းကိုယ်ကြည်ဖြူ ကိုယ်ပေးလည်း သူကြည်ဖြူ စိတ်ထားမျှတဖို့ လိုပါတယ်။
တစ်ယောက်အောင်မြင်မှုကို တစ်ယောက်က မုဒိတာပွားပြီး
နှစ်နှစ်ကာကာ ဝမ်းသာရပါမယ်။
တစ်စုံတစ်ရာ ဆုံးရှုံးခဲ့မယ်ဆိုလည်း အပြစ်တင်စကား မပြောဘဲ...
စိတ်ပျက် ဝမ်းနည်းတဲ့ အမူအယာလုံးဝမပေါ်စေဘဲ ကရုဏာပွားပြီး နှစ်သိမ့်ရမှာပါ။
ဖြစ်ပေါ်လာတဲ့ အခက်အခဲကို ခေါင်းမရှောင်ဘဲ အတူဖြေရှင်းကြရမယ်။
တချို့များဆို အသိခေါင်းပါးစွာ မိသားစု အရေးမစဉ်းစားတော့ဘဲ
ကိုယ်လွတ်ရုန်းပြီး ထွက်ပြေးတတ် သာသနာ့ဘောင်ထဲ ဝင်တတ်ကြ နောက်က မိသားစု ဘယ်လို စားဝတ်နေရေး ကျန်းမာရေး
ပညာရေး လူမှုရေး ဘာမှ ပြန်မကြည့်ဘဲ တစ်ကိုယ်ကောင်းဆန်တတ်ကြတာမို့ သတိပြုဖွယ်ကောင်းပါတယ်။
ကိုယ့်ဇနီး ခင်ပွန်းသည်သာ ကိုယ့်ဘဝရဲ့ အဖော်မွန်တွေပါ။
သူတို့ရှေ့မှာ တစ်ခြားသူတွေ တော်ကြောင်း ကောင်းကြောင်း
ချောမော လှပကြောင်း အားမနာ လျှာမကျိုး မပြောမိဖို့ အမြဲ သတိထားကြရမှာပါ။
ကိုယ့်အိမ်ထောင်ဖက်သည်သာ သေတပန် သက်တဆုံး အတူလက်တွဲသွားကြရမှာမို့ ကိုယ့်ဘဝအတွက် အကောင်းဆုံး အဖော်မွန်တွေပါ။
အမြဲတမ်း ချစ်စရာအကောင်းဆုံးမို့ ချီးကျူးစကားတွေ ပြောကြားပေးဖို့ မမေ့လိုက်ကြပါနဲ့။
ထာဝရခိုင်မြဲသော အိမ်ထောင်များ
တည်ဆောက်နိုင်ကြပါစေ။

သိက္ခာရှိစွာ လမ်းခွဲတတ်ပါစေ
သိက္ခာရှိစွာ လမ်းခွဲတတ်ပါစေ
👍👍👍👍👍👍👍👍
လောကကြီးထဲမှာ ယောက်ျားလေးဖြစ်စေ မိန်းကလေး ဖြစ်ပါစေ ကိုယ့်ချစ်သူက နောက်ကွယ်မှာ ဖောက်ပြန်နေတာတွေ ၊ ခြေရှုပ်နေတာတွေကို သိရက်နဲ့  အကြိမ်ကြိမ်နားလည် ခွင့်လွှတ်ပေးပြီး အတင်းလိုက်တွယ်ကပ်နေတာတွေဟာ လောကကြီးထဲ ကိုယ်နဲ့ တူတန်တဲ့ ယောက်ျား' မိန်းမ ရှားနေလို့  များထင်နေလား ။
ယောက်ျား / မိန်းမ ဆိုတဲ့ လူသားတွေပေါပါတယ် …
`` သစ္စာတရား `` ဆိုတာ ရှားပါးလို့ 
`` မေတ္တာတရား ပိုပေးမိလိုက်သူ `` ရှားလို့ 
`` သံယောဇဉ်တွေ `` ဖြတ်ရခက်နေလို့ 
`` အချစ် `` ဆိုတာကို တန်ဖိုးထားလို့ 
`` ကိုယ့်သိက္ခာနဲ့  ကိုယ်ကျင့်တရားတွေ`` ကို စောင့်ထိန်း နေကြလို့  ။
ကိုယ့်အပေါ် မျက်ရည် မျက်ခွက်နဲ့  အသနားခံပြီး လိုက်ဆွဲနေတိုင်း…
ဒီယောက်ျား / ဒီမိန်းမ ငါ့ကို မပြတ်နိုင်ပါဘူး ဆိုပြီး သိပ်အထင် ကြီးမနေကြနဲ့ ။
အခ်ျိန်တန်ရင် ကိုယ်နဲ့ တန်ရာ ဘဝကိုရောက်သွားမှာဘဲ ။
သစ္စာတရားကို တန်ဖိုးထားတတ်သူတွေဟာ သူတို့ ကိုယ်တိုင်
အမှားကို မကျူလွန်မိအောင် စောင့်ထိန်းနိုင်သလို သစ္စာဖောက်ခံရရင်တောင် အကြိမ်ကြိမ် သဘောထားကြီးစွာ နာလည်ခွင့်လွှတ်ပေးတယ် ။
ဘာလို့ လည်းဆိုရင် ……ကိုယ့်ဆီမှာရှိတဲ့သစ္စာတရားကို အသက်မက တန်ဖိုးထားခဲ့တော့ အလွယ်တကူ အပျက်စီးမခံနိုင်လို့ ဘဲ ။
မေတ္တာကို လူတိုင်းအပေါ်ထားမိပေမဲ့ ပိုပေးမိတဲ့သူကို ပိုမြတ်နိုးတော့ အလွယ်တကူ အဆုံးရှုံးမခံနိုင်ကြတာလည်း ပါတယ် ။
အချစ်ဆိုတဲ့ စိတ်ခံစားမှုကို နှလုံးသားနဲ့  ရင်းပြီး ထိုက်ထိုက်
တန်တန်ပေးခဲ့မိသူကို ကိုယ်ဘဲရယူပိုင်ဆိုင်ချင်တာ သဘာဝေလ ။
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းသူတိုင်း ဒီတစ်ယောက်နဲ့ ပြတ်လိုက် ဟိုတစ်ယောက်နဲ့ တွဲလိုက်ဆိုတဲ့ စရိုက်မရှိသလို ဘယ်တော့မှ မလုပ်ဘူး ။
ဒီတစ်ယောက်သာ ကောင်းကောင်းဆိုးဆိုး လက်ခံထားကြတယ် ။
တချို့ပြောတာကြားဖူးတယ် `` ငါ့လောက် မင်းအပေါ်
ဘယ်သူမှ အနစ်နာမခံဘူး `` ဆိုတဲ့ စကားရယ်
`` မင်းအပေါ် ငါ့လောက် ဘယ်သူမှ မချစ်နိုင်ဘူး `` ဆိုတဲ့
စကားနဲ့  ချည်နှောင်ချင်သေးတာ ။ အတော်လေး ဟာသဆန်ပါတယ် ။
ကိုယ်တောင် သူ့ ထက်သာတယ်ထင်တဲ့သူနဲ့ ဖောက်ပြန်နေသေးတာပဲ သူ့ မှာလည်း သူ့ အိုးနဲ့ သူ့ ဆန်တန်တဲ့သူ မရှိနိုင်ဘူးတဲ့လား တွေးကြည့်ပါ ။
ကိုယ်တောင် သူ့ ထက်ပို ဂရုစိုက်တဲ့သူအနား ချဉ်းကပ်နေ သေးတာဘဲ သူ့ မှာလည်း ကိုယ့်ထက်သာတဲ့သူ မရှိနိုင်တော့ဘူးလား မေးလိုက်ချင်တယ် ။
ကိုယ့်အပေါ် သစ္စာရှိရှိနဲ့  ချစ်တဲ့ချစ်သူအပေါ် သစ္စာဖောက်သူတွေအနေနဲ့  မိမိမကောင်းတာတောင် ခခယယတွဲကပ်နေတဲ့ ချစ်သူဟာ ဘဝတစ်လျှောက်လုံး လက်မလွှတ်သင့်တဲ့ ချစ်သူဆိုတာ သိစေချင်တယ် ။
သစ္စာမဲ့သူတွေအနနဲ့ ကိုယ့်အပေါ် မေတ္တာကြီးမားစွာ ထားပေးတဲ့ တဖက်လူကို ပမာမခန့်  မလုပ်ပါနဲ့ ။အရမ်းခံရခက်စေပါတယ် ။
သစ္စာကြီးသူတွေကို မဖြစ်နိုင်လို့  သစ္စာဖောက်ရင်ဖောက်သွားပါ ။
ရိုးသားချင်ယောင်ဆောင်ပြီး ဆက်လိမ်ညာမနေပါနဲ့ ။
တဖက်လူအတွက် သိသိရက်ကြီးဆက်ဆံရတာ သေမတတ် မွန်းကြပ်စေပါတယ် ။
ကိုယ့်ချစ်သူက အရှေ့မှာချစ်တယ်ပြောပြီး နောက်ကွယ်မှာ ဖောက်ပြန်တာသိရင် နှလုံးတွေသားတွေနာကျင်မှုမျိုး ဘာနဲ့ မတူအောင် နာကျင်ရပါတယ် ။
သစ္စာတရားဆိုတာ တခါတလေ ငွေဆိုတဲ့ အရာနဲ့  ယှဉ်လာရင် ဒူးထောက်လိုက်ရတာတွေရှိပါသလို တခါတလေတော့လည်း သာယာရှာသူတွေအတွက် လှည့်စားခံရတာတွေရှိပါတယ် ။
ဘယ်လိုနည်းနဲ့  သစ္စာဖောက်မိသွားပါစေ လှေနံနှစ်ဖက် နင်းနေတဲ့ ခြေပိုင်ရှင်မဖြစ်ပါစေနဲ့  ။
`` ငါ့လောက် မင်းအပေါ်ဘယ်သူကောင်းလည်း `` ဆိုတဲ့ ပုံစံ
`` နင့်နားမှာ ငါ မရှိလို့  မဖြစ်ပါဘူး `` ဆိုတဲ့ အချိုးမျိုးတော့ သွားမလုပ်မိစေနဲ့ ။
သင်မရှိလည်း နှာခေါင်းပေါက်က အသက်ရှုနိုင်သေးတယ် သေမသွားဘူး ။
လောကကြီးထဲ မဖြစ်နိုင်လို့  လမ်းခွဲသွားကြတဲ့သူတွေ အများအပြား အခုချိန်ထိ အသက်ရှင် နေကြဆဲပါ ။
လူတစ်ယောက်ကို မချစ်နိုင်တော့လို့  ရှေ့ဆက်လက်တွဲဖို့  မဖြစ်နိုင်တော့လို့  လမ်းခွဲမယ်ဆိုရင်တောင် သိက္ခာမဲ့စွာ သစ္စာဖောက်ပြီးမှ လမ်းခွဲခြင်းဟာ အယုတ်ညံ့ဆုံးဖြစ်ပါတယ် ။
ဒါကြောင့် လူ့ တန်ဖိုးကို နာလည်းစွာ လမ်းခွဲခြင်းမျိုး ရွေးချယ်တတ်ကြပါစေ ။

လူတိုင်းဟာ ကိုယ့်လိုမဟုတ်ဘူး
🌺 ရိုးသားတာ ကောင်းပေမဲ့ ……
🌺 ရိုးအ လွန်းရင်လည်း မကောင်းဘူး ။
🌺 ကိုယ်ချင်းစာတတ်တာ မှန်ပေမဲ့……
🌺 နေရာတကာသည်းခံတတ်တာ မကောင်းဘူး ။
🌺 အနစ်နာခံတတ်တာမှန်ပေမဲ့ ရှိသမျှ အပြစ်တွေ……
🌺 ကိုယ့်အပေါ် အတင်ခံနေတာလည်း မကောင်းဘူး ။
🌺 နားလည်တတ်တာမှန်ပေမဲ့ အခွင့်ရေးယူသမျှ……
🌺 ငြိမ်ခံတတ်တာဟာ မကောင်းဘူး ။
🌺 ဟန်မဆောင်တတ်ဘူးဆိုပေမဲ့ အမှန်တရားကိုလည်း…
🌺 နေရာတကာ ချပြလို့မကောင်းဘူး ။
🌺 တာဝန်ယူတတ်တဲ့စိတ်ရှိတာကောင်းပေမဲ့……
🌺 စေတနာ ထားတိုင်းလည်း မကောင်းဘူး ။
🌺 အတ္တ မဆန်တတ်တဲ့သူဆိုပေမဲ့………
🌺 ရသင့်ရထိုက်တာကိုတော့ မက်မောသင့်တယ် ။
🌺 လောကမှာ အရှိအတိုင်းဆက်ဆံလို့
🌺 ဘာမှမကောင်းဘူး လူတိုင်းဟာ
🌺 ကိုယ့်လိုမဟုတ်ဘူး ။

Subscribe to:
Posts (Atom)