Wednesday, July 31, 2019

တွင်း

တွင်း
🍀🍀

တစ်ခါတုန်းကပေါ့. . . ။
ရတနာသိုက်ရှိတယ်လို့ နာမည်ကြီးနေတဲ့ ဒေသတစ်ခု ရှိတယ်။ အဲ့ဒီဒေသမှာ ရတနာတွေကို လိုက်ပြီးရှာကြတဲ့ မုဆိုးတွေလည်း ရှိတယ်။

တစ်ရက်မှာ မိုးကြီးလေကြီး ကျပါလေရော။
မိုးတွေကလည်း သဲသဲမဲမဲ ရွာတယ်။ ချောင်းရေတွေ ဒလဟောစီးလို့ မြေတွေပြိုတယ်။ သစ်ပင်တွေ လဲတယ်။

အဲဒီအခါ....တောစပ်တစ်ခုရဲ့ ချောင်းနံဘေးမှာရေတွင်းဟောင်းကြီးတစ်ခု ပေါ်လာတယ်။  အဲဒီတွင်းရဲ့ နှုတ်ခမ်းဝမှာ လူတွေဝိုင်းအုံလာတယ်။တွင်းထဲကို စူးစိုက်ပြီး ကြည့်နေကြတယ်။

"ဟာ . . .တွင်းထဲမှာ လိုးလိုး လက်လက်နဲ့ ရွှေတွေဖြစ်မယ်ကွ"

"မဟုတ်ဘူး၊ ပတ္တမြားခဲတွေ နေမှာပါ"

"ငါကတော့ စိန်ရောင်တွေ တောက်နေတယ် ထင်တာပဲ"

"မဟုတ်ဘူးကွ၊ ရှေးဟောင်း ရွှေငွေပစ္စည်းတွေ နေမှာ"

"ငါတို့ရှာနေတဲ့ ရတနာသိုက် တွေ့ပြီကွ"

တွင်းနှုတ်ခမ်းဝမှာ ဝိုင်းအုံပြီး ကြည့်နေကြတဲ့ လူတွေအားလုံးက တစ်ယောက်တစ်ပေါက် ပြောနေကြတယ်။ အားလုံးဟာလည်း 'လောဘ' မျက်လုံးတွေ ကိုယ်စီနဲ့ပေါ့။

အဲဒီအချိန်မှာ လူတစ်ယောက်က မပြောမဆို တွင်းထဲကို ခုန်ဆင်းမယ် လုပ်တယ်။

"ဟိတ်ကောင် . . မင်း မဆင်းနဲ့။ ငါ အရင်ဆင်းမယ်။ ငါအရင်ရောက်တာကွ"

"ဘယ်ရမလဲ။ ဒီလိုဆိုရင် ငါ အရင် ဆင်းရမှာကွ"

"ဒီတွင်းပေါက်ဝကို မင်းထက် ငါ အရင် ရောက်တာလေ"

ဘာမပြော ညာမပြောနဲ့ လူတစ်ယောက်ဟာ တွင်းထဲကို 'ဝုန်းခနဲ' ခုန်ဆင်းလိုက်ပါတော့တယ်။

တွင်းအောက်ခြေကိုလည်း ရောက်ရော လိုးလက်နေတဲ့အရာတွေက ရွှေတွေလည်း မဟုတ်ဘူး၊ ပတ္တမြားတွေလည်း မဟုတ်ဘူး၊ စိန်တွေလည်း မဟုတ်ဘူး။ မိုးရွာလို့ မြေပြို ပြီး တွင်းထဲမှာရှိတဲ့ မြွေပွေးတွေ၊ မြွေဟောက်တွေ အကောင်တွေ ပေါက်နေကြတာ။ 'မြွေပွေး၊ မြွေဟောက်' အကောင်တွေရဲ့ 'မျက်လုံး'တွေ အရောင်တောက်နေတာ...။

ဒီတော့...တွင်းထဲကို ရောက်နေတဲ့သူက တွင်းအပေါ်ကို အော်ပြီး ပြောလိုက်တယ်။

"ဟိတ်ကောင်တွေ . . .ဆင်းမလာကြနဲ့။ ရွှေတွေ၊ စိန်တွေ မဟုတ်ဘူးကွ။ 'မြွေပွေး'တွေရဲ့ မျက်လုံးတွေ၊ 'မြွေဟောက်'တွေရဲ့ မျက်လုံးတွေ။ သူတို့မျက်လုံးတွေရဲ့ အရောင်တွေကို ငါတို့က စိန်တွေ ထင်နေတာ၊ ရွှေတွေ ထင်နေတာ၊ ပတ္တမြားတွေ ထင်နေတာ။ ငါတို့ ထင်သလို မဟုတ်ဘူးကွ။ တွင်းထဲကို ဆင်းမလာကြနဲ့။ ငါ့ကိုတော့ မြွေကိုက်ကုန်ပြီ။ မင်းတို့ ဆင်းမလာကြနဲ့"

တွင်းနှုတ်ခမ်းဝက လူတွေ...မယုံကြဘူး။ ဒီကောင် တစ်ယောက်တည်း လိုချင်လို့ လိမ်ပြောတာပဲ ဖြစ်မယ်။ နောက်တစ်ယောက် ထပ်ခုန်ချလိုက်တယ်။

"ဟုတ်တယ်ဟေ့၊ ဆင်းမလာကြနဲ့။ 'စိန်'တွေ မဟုတ်ဘူး။ ရတနာတွေ မဟုတ်ဘူး။ သူ ပြောတာ မှန်တယ်ကွ။ ဒီကောင် သေနေပြီ။ ငါ့ကိုလည်း မြွေတွေ ဝိုင်းပြီး ပေါက်ကုန်ပြီ။ 'မြွေ' ရဲ့ မျက်လုံးတွေကွ။ သူတို့ရဲ့မျက်လုံးတွေကို ငါတို့က ရတနာတွေလို့ ထင်နေတာ။ မင်းတို့ တွင်းထဲကို ဆင်းမလာကြနဲ့၊ အားလုံး သေကုန်ကြလိမ်မယ်"

တွင်းနှုတ်ခမ်းဝက လူတွေအားလုံးဟာ တွင်းထဲက လူတွေပြောတဲ့ စကားကို မယုံကြဘူး။ ဒီနှစ်ကောင် အပိုင်စီးချင်လို့ 'လီဆယ်' ပြီးတော့ ပြောတယ်လို့ပဲ ထင်နေကြတယ်။

ဒီလိုနဲ့. . .
တစ်ယောက်ပြီးတစ်ယောက် ခုန်ဆင်းလိုက်ကြတာ။
တွင်းနှုတ်ခမ်းဝက လူတွေအကုန်လုံး တွင်းထဲမှာ သေကုန်ကြတော့တယ်။

လူကြီးဆိုတာ . . .
မြွေတွေရဲ့ အရောင်တောက်နေတဲ့ မျက်လုံးတွေကို 'စိန်'တွေမှတ်ပြီး၊ ရတနာတွေမှတ်ပြီး တွင်းနက်ထဲကို ခုန်ဆင်းခဲ့ဖူးတဲ့သူတွေ။

သူတို့က မြွေကိုက်ခံရပြီးမှ တွင်းနက်ထဲကနေ အော်ပြောတဲ့ စကားဖြစ်တယ်။

ဒါကြောင့် ခုန်မဆင်းနဲ့လို့ ပြောတာ။
လူငယ်တွေက မယုံကြည်ဘူး။
ဒီတော့ ခုန်ဆင်းကြဦးမယ်ပေါ့။

လူငယ်၊ လူလတ်၊ လူကြီးကို ဘယ်လိုအဓိပ္ပါယ် သတ်မှတ်သင့်သလဲ။

ကျွန်တော်ကတော့ ဒီလို အဓိပ္ပါယ် ဖွင့်ချင်တယ်ဗျာ။
မသိလို့ လုပ်လိုက်မိတဲ့ အမှား၊ မှန်တယ်ထင်လို့ လုပ်လိုက်မိတဲ့ အမှား၊  အမှားတွေကို အမှန်ဖြစ်အောင် ကြိုးစားရင်း ထပ်ပြီး မှားမိတဲ့အမှား၊ မှားမှန်းသိရက်နဲ့ မထူးပါဘူးဆိုပြီး ဇွတ်တိုးပြီး မှားမိတဲ့အမှား...။

အဲဒီ အမှားတွေကို ရင်မှာပိုက်ပြီး အမှားများစွာဖြင့် နောင်တတရားများနဲ့ ရှင်သန်နေထိုင်သူကို လူကြီးလို့ ခေါ်တယ်။

အမှားကို အမှားမှန်း မသိဘဲ အမှားကို အမှန်ထင်ပြီး အဲ့ဒီ အမှားတွေနဲ့ ပျော်ရွှင်ကျေနပ်နေသူများကို လူလတ်ဟု ခေါ်တယ်။

အမှားများကို မှားရန်အတွက် ကြိုးစားပမ်းစား လိုက်လံရှာဖွေနေသူများအားကို လူငယ်လို့ ခေါ်တယ်။

ဒီတော့. . .
နောင်တနဲ့ရင်းပြီး၊ အမှားနဲ့ရင်းပြီး ရထားတဲ့ ဘဝသင်ခန်းစာတွေကို လူငယ်လေးတွေအတွက် မမှားဖို့၊ လိုက်နာဖို့၊ ရှောင်ကြဉ်ဖို့၊ သတိပြုဖို့ ပြောကြားတာကို လူငယ်တွေ နားလည်သင့်တယ်။

တကယ်တော့ . . .
အရောင်တောက်ပနေတဲ့ မြွေတွေရဲ့မျက်လုံးတွေကို စိန်၊ရွှေ၊ရတနာအမှတ်နဲ့ ရယူဖို့ ကြိုးစားရင်း..... ဆုံးရှုံးမှုတွေ၊ နောင်တတွေ၊ မျက်ရည်တွေ၊ ဆင်းရဲခြင်းတွေ၊ ခံစားချက်တွေနဲ့ရင်းလို့ သိလာခဲ့ရတဲ့ လူကြီးတွေရဲ့ ဆုံးမစကားကို လူငယ်လေးတွေ နားလည်စေချင်လို့ ဒီပုံပြင်လေးနဲ့ ပြောပြလိုက်ပါတယ်။

ဟေ့.......
မယုံရင် တွင်းထဲခုန်ဆင်းလိုက် ။ ။

Thi Ha🇲🇲
Credit

No comments:

Post a Comment