"လူတွေအရင်လိုမဟုတ်တော့ဘူး"
မနေ့က ဆွေမျိုးတွေလိုခင်ရတဲ့
ပုဂံညောင်ဦးက အမတွေဆီသွားလည်ရင်း
သူတို့ပြောတဲ့စကားတွေထဲ
ဒီစကားလေးကြားလာခဲ့တာ....
ဟုတ်တယ်
"လူတွေအရင်လိုမဟုတ်ကြတော့ဘူး"...
ပိုက်ဆံချေးပြီးရင်ပြန်မဆပ်ကြတော့ဘူးတဲ့
မျက်နှာပြောင်တိုက်ပြီးလည်းနေရဲလာတယ်
လမ်းတွေ့ရင်လည်း အေးဆေးပဲ
ငွေပြန်မဆပ်နိုင်သေးလို့
ရှိန်နေတာတွေ ကြောက်နေတာတွေမရှိတော့ဘူးတဲ့
မရှိတာကိုတောင်းနေရင်လည်း ရော့..အသားလှီးယူဆိုပြီး လက်ထိုးပေးသတဲ့
အရင်လို အကြွေးတွေရှိနေလို့
ကြိုးစားပမ်းစား ငွေမရှာကြတော့ဘူးတဲ့
ဒီလူ့ဆီမှာချေးပြီး ပြန်မဆပ်နိုင်ရင်
နောက်လူဆီမှာပြောင်းချေးကြပြန်သတဲ့...
ဒီလိုနဲ့ပဲ အကြွေးပိပြီး နာလံမထူနိုင်ကြတော့ဘူးတဲ့..
"လူတွေအရင်လိုမဟုတ်ကြတော့ဘူး"...
အရာအားလုံးကိုဒေါသနဲ့ပဲဖြေရှင်းလာကြတယ်
စကားများတာလေးနဲ့လူသတ်လာကြတယ်
ငွေတစ်ထောင်လောက်နဲ့ ဓားနဲ့ထိုးကြတယ်
'တိုင်ရင်တဲ့နေရာသွားတိုင် ဂရုမစိုက်ဘူး'ဆိုတဲ့
လူတွေများလာတယ်
ကိုကမှန်နေရင်တောင် ငြိမ်နေရတာတွေများလာတယ်
ကို့ရှိနေတာထက်လောဘတွေများလာကြတယ်
ငွေရဖို့ဆိုဘာမဆိုလုပ်ရဲလာကြတယ်
ခန္ဓကိုယ်ရင်းရမလား?
ဂုဏ်သိက္ခာစတေးရမလား?
အချင်းချင်းသစ္စာဖောက်ရမလား ?
ခိုးရမလား ဝှက်ရမလား?
အားလုံးကိုလုပ်ရဲလာကြတယ်..
"လူတွေအရင်လိုမဟုတ်ကြတော့ဘူး"...
ချစ်ခြင်းမေတ္တာတွေမရှိသလောက်
နည်းပါးသွားကြပြီတဲ့...
မိဘဆွေမျိုးတွေအပေါ်ချစ်ခင်စိတ်တွေ
လျှော့နည်းသွားကြတယ်
မိတ်ဆွေသူငယ်ချင်းတွေအပေါ်
ရိုးသားမှုတွေမရှိကြတော့ဘူး
ဆရာတပည့်ဆက်ဆံရေးတွေဟာ
အလုပ်သဘောအရမ်းဆန်လာကြတယ်
လုပ်ငန်းခွင်မှာကိုယ်ချင်းစာတရားတွေ
ပျောက်ဆုံးလာနေကြပြီ
လုပ်ငန်းခွင်တွေကို
ငရဲခန်းနဲ့တောင် တင်စားလာကြတယ်
အိမ်နီးချင်းတွေဟာ
ကြောက်စရာကောင်းတဲ့ သတိထားနေရမယ့် ရန်သူတွေဖြစ်လာကြတယ်
စိတ်ထားတွေဟာ တဖြေးဖြေးခက်ထန်လာတယ်
ငါအဆင်ပြေဖို့သာအဓိက
ငါစားရဖို့ ငါပိုက်ဆံရှိဖို့ကအဓိက ဆိုတာတွေ
များလာကြတယ်
"လူတွေအရင်လိုမဟုတ်ကြတော့ဘူး"....
ရိုးသားတဲ့သူဟာလူကြားကောင်းပေမယ့်
လူရာမဝင်တော့ဘူး
ကြာတော့လူတွေဟာ ရိုးသားရမှာကိုရှက်လာကြတယ်
ဘာတွေပဲလုပ်ခဲ့လုပ်ခဲ့
ဘယ်လိုပဲချမ်းသာလာ ချမ်းသာလာ
ပိုက်ဆံရှိတဲ့လူက ပွဲလယ်တင့်လာတယ်
သိုင်းချင်ဝိုင်းချင် မ,ချင် ပင့်ချင်တဲ့လူတွေ
များလာတယ်
လူတွေကမိမိတို့ဘဝကိုရောင့်ရဲချင်စိတ်တွေ
ပျောက်ကွယ်လာတယ်
စိတ်ဓာတ်ကျလွယ်လာကြတယ်
မိမိကိုယ်မိမိသတ်သေမှုတွေများလာတယ်
ဘဝကိုအလွယ်တကူအရှုံးပေးလာကြတယ်
ဘဝအမှန်တွေကိုဖုံးကွယ်ဖို့ကြိုးစားရင်း
ဖြတ်လမ်းတွေကိုလိုက်ကြတယ်...
အဲ့လိုနဲ့ပဲ
ဘဝတွေပျက်ကြ ထောင်တွေကျကြ
ရောဂါတွေရကြ နာမည်တွေပျက်ကြနဲ့
အဆင်မပြေခြင်းတွေနဲ့သေဆုံးသွားကြတယ်....
"လူတွေအရင်လိုမဟုတ်ကြတော့ဘူး"...
အချစ်ဆိုတာ အပန်းဖြေစရာတစ်ခုမျှသာဖြစ်လာတယ်
လက်တွဲဖော်တွေဟာ စီးပွားရေးတွက်တွက်လာကြတယ်
ရိုးမြေကျဆိုတာ ငတုံးတွေပြောတဲ့စကားဆိုပြီး
ရယ်မောစရာဖြစ်သွားတယ်
ငွေရဖို့ ချစ်နိုင်ကြတယ်
ငွေရဖို့ လွယ်လင့်တကူအတူအိပ်လာကြတယ်
ငွေပိုရှိတဲ့လူကို ပိုချစ်သွားကြပြီး
ငွေမရှိရင် အချစ်ကလည်းအရောင်မှိန်လာတယ်
ရှေးက သစ္စာပြုခဲ့တဲ့ဇာတ်လမ်းတွေဟာ
Porn movies တွေလောက်
ကြည့်မကောင်းတော့ဘူး..
နောက်ဆုံးတော့ အချစ်နဲ့ငွေလဲလှယ်ကြရင်း
အသက်တွေကြီးလာမှ အချစ်စစ်ကိုရှာဖွေတော့
တော်တော်နောက်ကျသွားကြတယ်....
ဟုတ်တယ်
လူတွေအရင်လိုမဟုတ်တော့ဘူး...
အရင်လိုမဟုတ်တဲ့လူတွေကြားမှာ
အရင်လိုပဲ ဆက်နေရမလား
ပြောင်းလဲလိုက်ရမလားလို့ တွေးရင်း
လမ်းပျောက်နေတာ
ငါတစ်ယောက်ထဲလားလို့ တွေးမိရင်း......
with love,
Min Yel Kyaw Swar❤
Credit
No comments:
Post a Comment