😄ပေးနိုင်တဲ့ဘဝဟာအကောင်းဆုံး
•••••••••••••••••••••••••••••••••••••
လူတိုင်းအပေါ် မေတ္တာစေတနာထားပါ၊
မေတ္တာစေတနာပေးပါ၊
သူတို့နိုင်သလောက် ယူပါလိမ့်မယ်။
စေတနာဟာ လူတိုင်းနဲ့ မတန်တာ မှန်ပါတယ်။
ဒါပေမယ့် သူတို့နဲ့တန်သလောက်တော့ ထားလိုက်ပါ။
မိမိမေတ္တာစေတနာ သူတို့ရမရ မသေချာပေမယ့်
ကိုယ့်အတွက်ကတော့ ကိုယ်ထားသလောက်
ကိုယ်ပြန်ရမှာ သေချာပါတယ်။
မိမိ သူ့အပေါ်ထားလိုက်တဲ့ မေတ္တာစေတနာဟာ
သူ့ဆီက တိုက်ရိုက်ကိုယ့်ထံပြန်လာ၊ မလာ
မသေချာပေမယ့် တစ်ဦးဦးဆီက တစ်နေရာရာက
လမ်းကြောင်းရှာဖွေပြီး ပြန်လာပါလိမ့်မယ်။
မေတ္တာစေတနာဆိုတာ ရောင်ပြန်ဟပ်ပါတယ်။
အချိန်တော့ စောင့်ချင်စောင့်ရပါလိမ့်မယ်၊ လူမိုက်ကြီး
အရှင်ဒေဝဒတ်တောင် နောက်ဆုံးအချိန်ကျ
ဘုရားရှင်ရဲ့ မေတ္တာစေတနာကို နားလည်သွားပါတယ်။
မိမိဘဝအတွက် လုံခြုံစိတ်အချရဆုံး၊ မိမိအတွက်
အားအကိုးရဆုံးအရာဟာ မိမိရဲ့
မေတ္တာစေတနာပဲဖြစ်တယ်၊ မိမိဘဝအတွက်
ကောင်းကျိုးချမ်းသာတွေကို တနင့်တပိုး
သယ်ဆောင်လာမယ့်အရာဟာ မိမိရဲ့
မေတ္တာစေတနာပဲဖြစ်တယ်။
မိမိဘဝကို မြင့်တင်ပေးမယ့်အရာ၊
မိမိဘဝ ပြည့်စုံအောင် ဖြည့်ဆည်းပေးမယ့်
အရာဟာ မိမိရဲ့ မေတ္တာစေတနာပဲဖြစ်တယ်၊
ရေမြင့်မှ ကြာမြင့်ဆိုတာလို
မေတ္တာစေတနာမြင့်မှ ဘဝက မြင့်မှာ။
မေတ္တာလိုချင်မေတ္တာပေးပါ၊
စေတနာလိုချင် စေတနာပေးပါ၊
မေတ္တာစေတနာဆိုတာ
လိုအပ်နေတဲ့နေရာတွေ ချည်းပါပဲ၊
သူတော်ကောင်း သူမြတ်လောင်းဆိုတာ
အပေးပဲရှိပါတယ်၊ အယူမရှိဘူး၊
ပေးပြီးပျော်ရတာနဲ့ ယူပြီးပျော်ရတာဟာ
ပေးပြီးပျော်ရတာက ပိုကောင်းပါတယ်၊
ကိုယ်က ပေးနိုင်တဲ့ဘဝမှာနေရတာ
အကောင်းဆုံးပါပဲ။
လောကမှာ ဘာပဲ လိုချင်လိုချင်၊
တစ်ခုခုလိုချင်ရင် မိမိက
တစ်ခုခုအရင်ပေးရပါလိမ့်မယ်၊
မပေးဘဲနဲ့ ဘာမှ မရနိုင်ပါ၊
ပေးမှသာ ရနိုင်ပါတယ်၊ မပေးဘဲနဲ့
ယူချင်တဲ့စိတ်ဓာတ်ဟာ
အချောင်သမားစိတ်ဓာတ်မို့
မထားအပ်ပါဘူး၊
ပေးပြီးယူတာကတော့ အပြစ်မဟုတ်ပါဘူး။
အယူမပါဘဲနဲ့ ပေးနိုင်ရင်တော့
အကောင်းဆုံးပေါ့၊ အဲဒီလို
ပေးနိုင်မှသာ ပါရမီမြောက်ပါ။
မိမိထားရှိလိုက်တဲ့မေတ္တာ
စေတနာဟာ အဟောသိကံ ဖြစ်မသွားပါဘူး၊
ပုပ်သိုးသွားတယ်ရယ်လို့ မရှိပါဘူး၊
တစ်နေ့နေ့ တစ်ချိန်ချိန်မှာ
အပင်ပေါက်အသီးသီးလာမှာ မုချပါပဲ၊
ကိုယ်က တောင့်တနေစရာမလိုပါဘူး၊
ဒီအစေ့စိုက်ရင် ဒီအပင်ပေါက်မှာပါ၊
ဒါကြောင့် တွေ့တဲ့လူတိုင်းအပေါ်
အတတ်နိုင်ဆုံး မေတ္တာစေတနာထားလိုက်
စန္ဒကူးနံ့သာနှစ်ဟာ သူအပါအဝင်
သူ့ပတ်ဝန်းကျင်တစ်ခွင်ကို သူ့ရနံ့နဲ့
သင်းပျံ့မွှေးကြိုင်စေသလို မိမိရဲ့
မေတ္တာစေတနာဟာ မိမိအပါအဝင်
မိမိဝန်းကျင်တစ်ခွင် သာယာအေးချမ်းမှုရရှိစေမှာ
အမှန်ပင်ဖြစ်ပါတယ်။
ဆရာတော်အရှင်ဆန္ဒာဓိက ( ရွှေပါရမီတောရ )
Credit
No comments:
Post a Comment