နောက်ဆုံးဆန္ဒ
•••••••••••••
Jessica Mozart (အေးအေးမျိုးဆက်)
သေဒဏ်ချမှတ်ခံထားရတဲ့ ထောင်သားတစ်ယောက်ကို သူ့ရဲ့နောက်ဆုံးဆန္ဒက ဘာလဲလို့မေးတော့ ခဲတံတစ်ချောင်းနဲ့ စာရွက်တစ်ရွက်တောင်းတယ်။ စာလည်း ရေးပြီးရော အဲဒီထောင်သားက ထောင်အစောင့်ကိုခေါ်ပြီး "ဒီစာကို ကျွန်တော့်ရဲ့အမေကို ပေးပေးပါ" လို့ပြောတယ်။
စာထဲမှာ ရေးထားတာတွေကတော့ ...
"အမေ ... အကယ်၍သာ လောကကြီးက ဒီထက်ပိုပြီးတရားမျှတခဲ့မယ်ဆိုရင် အခု ကျွန်တော်တစ်ယောက်ထဲ သေဒဏ်ပေးခံရမှာမဟုတ်ပဲ အမေရော ကျွန်တော်ရော နှစ်ယောက်လုံး သေဒဏ်ပေးခံရလိမ့်မယ် ထင်တယ်။ ကျွန်တော့်ဘဝမှာ ကျွန်တော်နေထိုင်အသက်ရှင်ခဲ့တဲ့ပုံစံ၊ ပြုမိတဲ့အမှားတွေအတွက် အမေ့မှာလည်း ကျွန်တော့်ထက် မနည်းတဲ့အပြစ်ရှိတယ်လေ။ ကျွန်တော်ငယ်ငယ်က တခြားကောင်လေးရဲ့စက်ဘီးခိုးပြီး အိမ်ကိုယူလာတုန်းက အဖေမမြင်အောင်လို့ အမေကူပြီး ဖွက်ပေးခဲ့တာ မှတ်မိလား။ ကျွန်တော်တို့ အိမ်နီးနားချင်းဆီက ကျွန်တော် ပိုက်ဆံခိုးတုန်းက အမေနဲ့ ကျွန်တော်အတူတူ shopping mall ကို သွားပြီး သုံးပစ်ကြတာ မှတ်မိလား။ အဖေနဲ့ကျွန်တော် စကားများတာကော မှတ်မိလား။ အဲဒီတုန်းက ကျွန်တော်ပြိုင်ခဲ့တဲ့ပြိုင်ပွဲတစ်ခုမှာ ကျွန်တော် ညစ်ပြီးကစားလို့ ပွဲကအထုတ်ခံခဲ့ရတဲ့အတွက် အဖေက ကျွန်တော့်ကို ဆုံးမနေခဲ့တာ။
အမေ ... ကျွန်တော် အဲဒီတုန်းက ကလေးပဲ ရှိသေးတာလေ။ ပြီးတော့ ခပ်ဆိုးဆိုး ဆယ်ကျော်သက်ကောင်လေးတစ်ယောက် ဖြစ်လာတယ်။ အခု ကျွန်တော် တော်တော်ပျက်စီးနေတဲ့ လူကြီးတစ်ယောက်ဖြစ်နေပြီ။
အမေ ... ကျွန်တော်က ဆုံးမပဲ့ပြင်မှုလိုအပ်ခဲ့တဲ့ ကလေးတစ်ယောက်ပါ။ ကျွန်တော်လုပ်သမျှ အမှားတွေကို အမေက လက်ခံပေးဖို့ မဟုတ်ဘူး။ ဒါပေမယ့် အမေ့ကို ကျွန်တော် ခွင့်လွှတ်ပါတယ်။ ဒီစာကိုပဲ တခြားမိဘတွေ တတ်နိုင်သမျှ ဖတ်မိစေချင်တာပါ။ အဲဒါမှ လူတွေကို လူဆိုးလူကောင်းဖြစ်စေခြင်းဆိုတာ သူတို့သင်ယူရတဲ့အရာတွေပေါ်မှာ မူတည်တယ်ဆိုတာ သူတို့သိမှာ။
ကျွန်တော့်ကို ဒီဘဝကို ခေါ်လာပေးတဲ့အတွက်ရော ပြန်ထွက်သွားစေတဲ့အတွက်ရော အမေ့ကို ကျေးဇူးတင်ပါတယ်။
သေဒဏ်ကျခံရတဲ့
အမေ့သား" ... တဲ့။ (အင်္ဂလိပ် Story တစ်ခုပါ။)
လူတွေပြောပြောနေတဲ့ "ဒီကလေးက သန္ဓေကိုက ယုတ်တာ" ဆိုတဲ့စကားကို ကျွန်မ အင်မတန်မုန်းပါတယ်။ ကလေးတစ်ယောက်ဟာ မွေးလာတဲ့အချိန်မှာ ဘာအကျင့်ဆိုးမှ ပါမလာဘူး။ သူ့ကို ဘယ်လိုပျိုးထောင်သလဲ၊ သူ ဘယ်လိုပတ်ဝန်းကျင်မှာ ကြီးပြင်းရသလဲဆိုတာတွေကသာ သူ့ကို "ဘယ်လိုလူ" အဖြစ်ကြီးပြင်းလာစေမယ်ဆိုတဲ့အချက်တွေပါ။ ကလေးတွေကို ဆုံးမပါ။ ဆုံးမတယ်ဆိုတာကလည်း ရိုက်ခိုင်းတာမဟုတ်ပါဘူး။ အကျိုးနဲ့အကြောင်းနဲ့ သူနားလည်တဲ့အထိ ရှင်းပြခိုင်းတာပါ။ နယ်လ်ဆင်မင်ဒဲလား က ပြောတယ် "ကမ္ဘာကြီးကို ပြောင်းလဲစေဖို့ အကောင်းဆုံးလက်နက်ဟာ ပညာရေးပဲ" တဲ့။ ကလေးတွေကို အကျိုးအကြောင်းနဲ့ ပြောဆိုဆုံးမ လမ်းပြတဲ့အပြင် လုံလောက်တဲ့ ပညာရေးလည်း ပေးပါ။
March 23, 2016
မူရင်းရေးသူကို credit ပေးပါတယ်

No comments:
Post a Comment