--------------------------------
`မင်းရုပ်လေးနဲ့ ဒီအလုပ်ကို လုပ်စားရသလားကွာ၊အခြား ကောင်းတဲ့ အလုပ်လေး ဘာလေး လုပ်စားပေါ့၊ သနားလို့ စေတနာနဲ့ ပြောတာ´
မိမိုးသည် အမြဲတမ်းဟန်ဆောင်ချပစ်ခဲ့ဖူးသော သက်ပြင်းရှည်ကြီးကို လေးတွဲစွာပင် ဟင်းခနဲ ချပစ်လိုက်၏။ ဒီလို စေတနာရှင်မျိုးများကို မိမိုး ညစဉ် ညတိုင်း တွေ့ဖူးပြီ။ တွေ့တိုင်းလည်း သူ့ကိုယ်သူ သနားစဖွယ် မိန်းမသားအဖြစ် ကနွဲ့ကလျ ပြောတတ်စမြဲ။
သနားသည် ဆိုပေမယ့်လည်း သူတို့ပေးသည့် ငွေနှင့် တန်အောင် အလဲအထပ် ယူသွားကြစမြဲ။ ဘယ်သူကများ သနားလှချည်ရဲ့ လို့ ငွေ အလကားပေးပြီး ထောက်ပံ့ ခဲ့လို့လဲ။ သူတို့ရဲ့ မဟာကရုဏာဆိုတာ သူတို့စိတ်အာသာကို ဖြေဖျောက်ဖို့ရာ မကြာခဏလာကြခြင်းဖြစ်ကြာင်း မိမိုးသိနေခဲ့ပြီ။
အချို့တွေများ ဆိုလျှင် `မိမိုးကို ချစ်တယ်ကွယ်၊ ဒီဘ၀ထဲက ကယ်တင်ချင်တယ်´ ဟုဆိုတတ်ကြသေးရဲ့။
ဒီစကားမျိုး ကြားရလျှင် ကြည်ကြည်နူးနူး ရှိတတ်၏။ လူကို စက်ရုပ်လို မညှာမတာ ရမ်းကားတတ်သော လူများထက် အပုံကြီး သာပေရဲ့။ ချစ်တယ် ဆိုတော့လည်း နူးညံ့ ပေသကို။ မကြာခဏ လာ၍ ညင်သာစွာ ချစ်ကြပေသကိုး။ ချစ်တယ် ပြောဖူးသူတိုင်းကို မိမိုးဘက်က ကျေကျေနပ်နပ်ကြီး ဈေးလျှော့ပေးတတ်၏။
ချမ်းအေးနေသည့်အကြား ပြေလျောနေရသည့် လုံချည်ကို ပြန်ဝတ်ပြီး `ကျွန်မ အဖို့တော့ ကံပဲပေါ့ အစ်ကိုကြီးရယ်၊ ကောင်းတဲ့ အလုပ်ကို လုပ်ဖို့ ပညာမှ မတတ်ခဲ့တာ´ဟု သိမ်ငယ်အားပျော့သောအသံလေးနှင့် ပြော၏။
သည်လို ပြောလျှင် စုတ်မသပ်ရုံတမယ် သနားခြင်းပြယုဂ်ကို အခါခါ ပြလျက် ညအမှောင်အောက် ပျောက်ကွယ်သွားကြသည်ချည်းသာ။
သံလမ်းနှင့် မနီးမဝေးရှိ မီးရောင်မရှိသောပျဉ်ခင်း ထရံကာ တဲအိမ်သာသာ လေးတွင် မိမိုးနေသည်။ Aည့်သည်မရသည့် ညပိုင်းများတွင် မိမိုး ပျင်းရိလွန်းလှသည်။
အမြဲတစေ ထိတွေ့နေရသည့် ထိုထိုသော ပုရိသများ၏ အယုအယ များကို ချစ်သည့် အခါလည်း ရှိ၏။စိတ်မပါပါဘဲ စိတ်ပါဟန်ဆောင်ရသည့် အခါလည်း ရှိသည်။
အို ဘ၀ဆိုတာ ဒီလိုပဲကလား။လူတိုင်းဟာ စိတ်ပါသည်ဖြစ်စေ မပါသည် အသက်ရှင်ရေးအတွက် ရုန်းကန်နေကြရတာပဲကွယ်။စိတ်ပါသည့် အလုပ်ကို လုပ်ရလျှင် မိမိုး ဆရာမလေး လုပ်ဖြစ်လိမ့်မည်။ အဖြူအစိမ်းလေး ၀တ်ပြီး ကြွကြွရွရွ တင့်တင့်တယ်တယ်လေး နေမည်။ ခေါင်းထက်တွင် စံပယ်ပွင့်ဖြူဖြူလေး ပန်ထားမည်ပေါ့။
အခုတော့ စံပယ်လည်း မပန်ရ။ခေါင်းအုံးမှာလည်း စံပယ်နံ့ သင်းရမယ့် အစား အရက်နံ့ သင်းသင်းလေးသာ မွှေးမြနေ၏။ သည် အရက်နံ့ တွေက မွှေးလှပါပေသည်။ ထမင်းဖိုး လာပေးကြသော မဟာ ကျေးဇူး ရှင်များ၏ ကရုဏာတော် ရနံ့ မို့ `မွှေးတယ်´ဟုပဲ မှတ်၏။ ထိုရနံ့  နှင့်အတူ ဖြီးသင်ထားသည့် ဆံနွယ်ဆံထွေးတွေ မကြာခဏ ပြန့်ကျဲနေရတာ။ ပန်းသာ ပန်ထားရလျှင် ခဏခဏ နွမ်းကြေရမှာပဲ။
တစ်ယောက်ဆင်း တစ်ယောက်တက် ရထားလမ်းနံဘေးတွင် ဆင်းသူ တက်သူ မရှိလျင် မိမိုး ကမျှော်ရသည်။ တစ်ခါတစ်ရံ aည့်သည် မရလည်း aည့်သည် ခေါ်လာပေးတတ်သူ မြစိုး၏ ရင်ခွင်ထဲတွင် မှေးစက်ရသည် လည်း ရှိသည်။ အခမဲ့တော့ မရ။
`ချစ်တယ် မိမိုးရဲ့´
မြစိုးဆီမှလည်း ချစ်တယ် ဟု ကြားရပြန်၏။
`နင် ချစ်တယ် ဆိုတာငါသိသားပဲ သေနာရဲ့။ ချစ်တယ် ပြောပြီး ငါနဲ့ အလကား အိပ်ချင်လို့ မဟုတ်လား။ဖာသည် ဆိုတာ ချစ်တာ တစ်ခုတည်းနဲ့ အလကား မရဘူးဟဲ့။ချစ်တယ် ဆိုတာကို ငါကသိနေတာ မသာရဲ့။အဟင်း ငါလည်း ချစ်ခဲ့ဖူးတာပဲ´
မြစိုးသည် လရောင်ဖြင့် ခပ်မှုန်မှုန် မြင်ရသည့် မိမိုး မျက်နှာကို တအံ့ တသြ ကြည့်သည်။
`နင့်မှာ ချစ်သူ ရှိခဲ့သလား
`အို အခုတော့ ဘယ်ဟုတ်ပါ့မလဲ။ အရင်က ငါ့အမေ မသေခင်ကပေါ့။ ဟောဒီ့ အခုငါနေတဲ့ အိမ်လေး ဘေးမှာ လူ တစ်ယောက်ရှိတယ်။ ငါ့ချစ်သူက အဲဒီ သူ ပဲ၊ သူ့နာမည်က ဦးချစ်ခိုင် တဲ့၊ ငါက ဦးချစ်လို့ခေါ်တယ်´
`နင်က သူ့ကို ချစ်သလား´
မြစိုးသည် မိမိုးကို သူ့ရင်ခွင်ထဲ တင်းကြပ်စွာ ပွေ့ဖက်လိုက်သည်။ နှုတ်ခမ်းမွေး တိုစစများက မိမိုး၏ ပါးကို စူး၏။ မိမိုး လုံချည်သည် ခြေသလုံးသားကိုလုံအောင် မဖုံးနိုင်။ ခြင်များအား အလှူကြီး ပေးနေရသည်။ အသွေးအသား လှူရဖန် များလာတော့လည်း ပါရမီရင့်သန်ကာ ထို အလှူကို မတွန့်တို တတ်တော့။
ပွတ်သပ်ခြင်း အလျင်းမရှိဘဲ တင်းကြပ်စွာ ပွေ့ဖက်လာသည့် မြစိုး၏ လက်မောင်းရင်းဆီသာ ပြန်၍ သိုင်းဖက်လိုက်၏။ ဆောင်းဒဏ် အေးမြမြသည် အနည်းငယ် နွေးသွားသလို ရှိ၏။
`အင်း ချစ်တယ်လေ၊ အချစ်ဆိုတာ အခု နင်နဲ့ ငါ အတူနေသလိုပဲ မဟုတ်လား။ ချစ်တယ် ဆိုတဲ့အခါ ပိုက်ဆံမပေးရဘဲ ကိုယ်လိုချင်တာကို ရတာပဲလေ။ချစ်ပြီးတော့လည်း လှည့်မကြည့်ချင်ကြတော့တာပဲကလား။ အဲဒီလိုပဲ ဦးချစ်ကလည်း ငါ့ကိုချစ်တယ်။ သူ့မိန်းမကြီး ဈေးသွားရင် ငါ့ကို သူ့အိမ်ခေါ်တယ်။ ပြီး ချစ်တယ် ပြောပြီး အတူအိပ်တာပဲ။ အဲဒီတုန်းက ငါ ပိုက်ဆံမရဘူးဟ။ ငါ့မှာ အခုထိ သူ့ကို သတိရနေတုန်းပဲ´
မြစိုးက ရယ်သည်။
`ငါလည်း အခုချစ်ချင်လာပြီ မိမိုးရဲ့။aည့်သည်လည်း လာမယ် မထင်တော့ဘူး။ ငါပဲ aည့်သည် လုပ်ရမှာပဲ´
`ငါ့မှာ ကြွေးစရာ မရှိဘူး။စားစရာလည်းမရှိသေးဘူးမြစိုးရဲ့။ ဗိုက်ကလည်း မြည်နေပြီ။ Aည့်သည် လက်မခံနိုင်သေးဘူး။ နင့်မှာ ပိုက်ဆံမရှိရင် aည့်သည် ရှာချေဦး။ စောသေးတယ်´
မြစိုးသည် မိမိုး၏ ပါးကို ခပ်ကြမ်းကြမ်း တစ်ချက်နမ်းပြီး ဘူတာဘက်ဆီ လှမ်းလျှောက် ပျောက်ကွယ်သွား၏။
လရောင်သည် အရှေ့ဘက်ဆီတွင် ခပ်မြင့်မြင့်ကလေးသာ ရှိသေးသည်။ မြစိုးကိုလည်း မမျှော်တော့ပြီ။မိမိုးသည် ဗိုက်ကိုသာ ပွတ်ရင်း အိမ်ဘက်သို့ ပြန်လှည့်လာသည်။
ဗာဒံ ပင်အောက်ရှိ ခုံတန်းသည် လရောင်အောက်တွင် လင်းလင်းပပရှိနေသည်။ ထိုခုံတန်းတွင် လူတစ်ယောက် လဲနေသည်။ မိမိုးသည် စူးစမ်း လိုစိတ်ဖြင့် ကြောက်ရွံ့ ခြင်းကင်းစွာပင် အနီးသို့ ကပ်သွား၏။
`ဟိတ်´
ထူးသံမကြားရ။
ခဲလုံးလေး ရှာပြီး ခပ်နာနာ ကောက်ပေါက်သည်။
မလှုပ်။
အနားသို့ ကပ်ပြီး ကျောကို စမ်းကြည့်သည်။ အသက်ရှူနေသေးသည်ကို တွေ့ရသည်။ အရက်နံ့ ခပ်သင်သင်းလေ လှိုင်နေသည်။
`သြော် မူးနေသကိုး။ ဒီလောက် မူးအောင်သောက်မယ့် အစား မိမိုးဆီ လာပါရောလား၊ မိုက်မဲလွန်းတဲ့ ယောင်္ကျားပဲ´
မိမိုးသည် နှုတ်ကလည်း ရွတ်၊ လက်ကလည်း ကိုယ်ကို ဆွဲထူလိုက်သည်။ ပေါ့ပါးသေးငယ်ပါသည့် ခန္ဓာကိုယ်။ချိုင်းမှ ၀င်ထမ်းပြီး အိမ်သို့ ခေါ်လာလိုက်သည်။ ဒူးကျော်ကျော် မြင့် သည့် အိမ်ပေါ် ပစ်တင်လိုက်တော့လည်း အလိုက်သင့် လဲကျသွား၏။ ခြေထောက်ကို တွန်းတင်ပေးပြီး ဘေးစောင်း ထားပေးလိုက်သည်။
ဖယောင်းတိုင် အတိုကို လက်နှင့်စမ်းရှာပြီး မီးထွန်းလိုက်၏။
မျက်နှာကို ထင်ထင်ရှားရှား မြင်ရပြီ။
ထိုအခိုက် လမင်းသည် တိမ်ကြားသို့ ရုတ်ချည်းဝင်ရောက် ပုန်းခိုသွား၏။ ဖယောင်းတိုင်ကို မြှောက်ကာ မျက်နှာ ဆီ အသေအချာ ကြည့်မိသည်။
မျက်ခုံးထူထူနှင့် ဖြူနုနေသည့် မျက်နှာကလေးသည် အစောက ပုန်းခိုသွားသည့် လမင်းလေးပဲလား ဟု ထင်သည်။ ခပ်ရဲရဲလေး စွေးနေသည့် နှုတ်ခမ်းသား၏ အနားသတ်ခပ်ရေးရေးလေးကလည်း ကြည့်ကောင်းပါဘိ။
`ငယ်ငယ်လေးပဲ´
စောင်းထားသည့် ခေါင်းသည် လှုပ်လာပြီး ပက်လက် လှန်လာသည်။ မီးရောင်တွင် ဆွဲကြိုးကို ၀င်းခနဲ မြင်ရ၏။
`အင်း တစ်လလောက် ထိုင်စားနေလို့ရပြီ´
မိမိုးသည် ဆွဲကြိုးဆီ လက်လှမ်းလိုက်သည်။ ပြီးလျှင် ဒီကလေးကို သံလမ်းနံဘေး ပြန်ချထား လိုက်မည်။ဖြုတ်ယူပြီးမှ စိတ် ကပူကလောနှင့် ငုတ်တုတ် ထိုင်နေမိပြန်သည်။
ခြင်များ က သံသေးသံညှောင်နှင့် ဆူလျက်ရှိ၏။
ခေါင်းရင်းမှ ခြင်ဆေးခွေ အပဲ့လေးကို မီးညှိ လိုက်မိသည်။
`အင်း သံလမ်းဘေး ဒီအတိုင်း ချထားရင် မနက်ပိုင်း အအေးကဲပုံနဲ့ ဒီကလေး သေတော့မှာပဲ၊ ဆွဲ ကြိုးက ငါဖြုတ်ထားလဲ သူသိတာမှ မဟုတ်တာ။ ပါမလာဘူး ပြောရမှာပဲ။ ငါ့ကိုတောင် ကျေးဇူး ရှင် ဆိုပြီး ကျေးဇူး တင်ဦးမှာ´
ထိုညက မြစိုး ပြန်မလာ။ အသံပေးနေသည့် ဗိုက်ကိုပွတ်ရင်း အိပ်လိုက်သည်။ အိပ်ပေသော်ငြား အိပ်မပျော်ပြန်။ ဟို ကလေး သေနေမှ ဖြင့် အခက်။ တစ်ထည်တည်းသာ ရှိသည့် စောင်ကို တစ်ဝက်ခြုံပေးရင်း သူ့အနား ကပ်ကာ အိပ်သည်။ ပုခုံးဆီ မေးတင်မိတော့ မွှေးလိုက်သည့် ရေမွှေးနံ့ ။
သည်လို မွှေးရနံ့ ကလေးနှင့် နုနုငယ်ငယ်လေးများသာ မကြာခဏ လာကြလျှင် မိမိုး ပျော်တောင် ပျော်မယ် ထင်ရဲ့။ လာလိုက်ကြသည့် အိမ်ထောင်သည် တွေက အသက် နှစ်ဆယ်အရွယ် မိမိုးကိုတောင် အကြမ်ပတမ်းအာမခံ စက်ရုပ်များ မှတ်နေကြသလားမသိ ဟု ကြုံဖူးသမျှကို ရွံရှာစွာ တွေးလိုက်မိပြန်၏။
ခါးမှ တစ်ဆင့် ၀မ်းဗိုက်ဆီ သိုင်းဖက် လိုက်သည်။
အို နွေးမြပါဘိခြင်း။
အင်း၊ ဒီလို ညံ့ သက်တဲ့ ခန္ဓာကိုယ်လေးနဲ့များ တစ်ညလုံး အိပ်လိုက်ရရင် စောင်မလိုတော့ဘူးပ။ တင်းကြပ်စွာ ပွေ့ဖက်မိပြန်သည်။
မနက်လင်းတော့ ကိုယ်တော်ချောက မထသေး။ ဖက်ထားသည့် လက်ကို မခွာချင် ခွာချင် ခွာ၍ မျက်နှာသစ်ဖို့ ပြင်သည်။
ကိုယ်တော်ချော၏ မျက်နှာဆီ တ၀ကြီး ထိုင်ငေးနေမိပြန်သည်။ အလွန်ဆုံး ရှိလေမှ ဆယ့်ရှစ်ဆယ့်ကိုးနှစ်ပေါ့။
သနပ်ခါးသွေးနေစဉ် အိမ်က အနည်းငယ် လှုပ်သည်မို့ ဖြည်းဖြည်း ထိန်းသွေးရသည်။ ဟိုကလေး နိုးသွားမှ ဖြင့် ။ နောက်ကျောဆီ လှည်ကြည့်တော့ သူငယ်တော်က နိုးနေချေပြီ။ ၀ိုင်းစက်သော ၊ ညိုမောင်းသော မျက်လုံးနှင့် ငေးကြောင်ကြောင် ကြည့်နေသည်။
အို။
မျက်လုံးကလေး အရည်လဲ့ကာ မှိုင်းဆိုင်းနေပုံက ကရုဏာသက်ချင်စရာ။ လှစ်ခနဲ သူ ပြုံးပြတော့ မိမိုး၏ သနပ်ခါးသွေးသည့်လက်က ကြက်သေသေသွားသည်။
`ဘယ်ကို ရောက်နေတာလဲ´
ချိုဝဲကာ ကြည်မွေ့သော အသံအေးအေး တိုးတိုးကလေးရယ်ပါ။
`မင်းလေး မူးလဲနေတာတွေ့လို့ အိမ်ကို ခေါ်ထားတာ´
ခေါင်းကုတ်ပြီး ရှက်ရွံ့ စွာ ငုံ့ချသွားသည့် ဟန်က မိမိုး အမြင်တွင် တစ်မျိုး ဆန်းနေသည်။ ထိုမနက်က ငှက်ကလေးတွေ မြူးနေသည်။ ဆောင်းမနက် လေပြည်သည် အရင်လို စိမ့်နေအောင် ချမ်းတာမျိုး မဟုတ်ဘဲ အနည်းငယ် နွေးနေသည်။ သနပ်ခါးလေးကို အလှဆုံးလိမ်းခြယ် လိုက် သည်။ အလှဆုံး ဆိုပေမယ့် မိမိုး အထင်သာ ဖြစ်၏။
`အစ်မနာမည် ဘယ်လို ခေါ်လဲ´
`မိမိုး´
သူက ဒါပဲ ပြောပြီး ငြိမ်နေပြန်သည်။ အနည်းငယ်အေးနေသေးသည်ထင့်။ မိမိုး၏ စောင်နွမ်းနွမ်းလေးကို သူက ဖက်ထားသေးသည်။
အို နံစော်နေမလားပဲ။
မလုံမလဲ နှင့် ပြုံးပြမိ၏။
`ဗိုက်ဆာနေပြီလား အမောင်ငယ်။ ဘာစားမလဲ´
မေးမယ့်သာ မေးရတာ။ ကိုယ့်ဗိုက်ကိုယ်ပင် မဖြည့်နိုင်သေး။ သူလေးသာ စားချင်ရင်ဖြင့် အရက်ဆိုင်မှာ အကြွေး သွားယူပေးမိမှာ။
`ကျေးဇူးနှော်၊ ပြန်ဦးမယ်´
မိမိုး မတားဖြစ်။ စကားမဆိုဖြစ်။ သူထွက်သွားတော့ လမ်းမဆီ လိုက်ငေးဖြစ်သည်။ သူသည် သံလမ်း နံဘေး မြက်ဖုတ်များကို နင်းကာ လှမ်းကာနှင့် ဝေးဝေးသွားတော့ သည်။ ရထား ဥသြသံ ကြားတော့ ကလေးချောလေးအတွက် စိတ်ပူမိပြန်၏ ။
ထိုမနက်က စောစောစီးစီး ကျီးတွေ သာသည်။ သူ ပြန်သွားလေမှ သာရလေသလား ဟု တွေးကာ ဒေါသထွက်ရ၏။
မနက်စောစော မူးမူးရူးရူး နှင့် မြစိုးက ဈေးဦးဖောက်သွားသည်မို့ မနက်စာ အဆင်ပြေသည်။ ညဘက် ရောက်တော့ မတင်ကြည်အရက်ဆိုင်က အဆက်အသွယ်နှင့် နှစ်ယောက် ရသည်။
လုံလောက်ပေပြီ။ မြစိုး ခေါ်လာပေးသည့် လူကိုပင် လက်မခံတော့။ မြစိုးကတော့ နေမကောင်းလို့လား ဟုမေးသည်။ အင်း ဟု ဖြေလိုက်သည်။ ထိုနေ့ ညက မိမိုး အိပ်၍ မပျော်။ ဖြုတ်ယူထားသည့် ဆွဲကြိုးလေးကို ခပ်ဖွဖွ ဆုပ်ကိုင်ထားမိသည်။ မရောင်းရက်။
ဆွဲကြိုးလေးကို သာ ရင်ဘတ်ပေါ်တင်ကာ ဆုပ်ကိုင်နေရင်း မှိန်းနေချင်တော့၏။ သူလေး ပြန်လာရင်ဖြင့် ပြန်ပေးမိဦးမယ်။
လရောင်သည် ထိန်ထိန်ပပ သာနေပြန်သည်။ အအေးဓာတ်သည် ပို၍ ကဲလာသည် ထင်၏။ ခြေသံကြားသည်။ မြစိုး ဖြစ်မည် ထင်၏။ လှည့်မကြည့်ဘဲ `ငါနေမကောင်းဘူး ´ ဟု ပြောလိုက်သည်။
`အစ်မ´
ငုတ်ခနဲ ထထိုင် လိုက်သည်။ ဆောင်းည လေပြည်သည် သူ့ထံမှ ရေမွှေးနံ့ သင်းသင်း ကလေးကို မိမိုး နှာဝဆီ သယ်ဆောင် လာခဲ့သည် ထင်၏။ ထွန်းစရာ ဖယောင်းတိုင် မရှိ။
`မီးတောင် မရှိဘူးကွယ်၊ မှောင်နေတာပဲ၊ အမောင် မူးလာပြန်ပလား´
သူက အိမ်အစွန်းတွင် လွှဲ၍ ထိုင်သည်။ မိမိုး ရင်တွေ တဒုန်းဒုန်း ခုန်တော့၏။ မနက်က သာခဲ့သော ရွှေကျီးတွေ မိမိုးကို ဘာမှကြိုမပြောကြ။ ကြိုပြောလျှင် စောင်လေး ဘာလေး လျှော်ထားဦးမည်။
အို သူက အတူ အိပ်မှာတဲ့လား။
`အိမ်မပြန်ချင်လို့´
`အိမ်မပြန်ချင်လို့´
မိမိုးက သံယောင်လိုက်ရွတ်၏။
`ဒီမှာ အိပ်လည်း ရတာပဲ´
ပြောပြီးမှ မိမိုး ရှက်မိသည်။ ဖာသည် တစ်ယောက်က မရှက်သင့်ဘူးလေ မိမိုး ရဲ့ ဟု မိမိကိုယ်မိမိ ပြန်အားပေးရသည်။သူကလေးရှေ့မှာတော့ မိမိုး ရှက်တက်တက်နိုင်လှသည်။
`မင်းနာမည်လေး ပြောဦး၊ ပြီးတော့ ဘာလို့ မပြန်ချင်တာလဲ´
လရောင်အကျတွင် တစ်ခြမ်းသာမြင်ရသည့် သူ့မျက်နှာကို အငမ်းမရ ငေးကြည့်မိ၏။ လရောင်သည် သူ့မျက်နှာပေါ် ကျနေသည်ဟု မထင်။ သူ့မျက်နှာဆီမှ ပြန်သာ နေသည်ဟု ပင်ထင်၏။
ကျော်မောင်မောင် တဲ့။
ဆယ်တန်းကို နှစ်ခါ ကျသည်တဲ့။ ရည်းစားက ထားပစ်ခဲ့သည်တဲ့။ အသည်းကွဲနေသည်၊ အိမ်မပြန်ချင်၊ အိမ်မှာ နေရတာလည်း အဆင်မပြေဘူးတဲ့။
သူပြောသမျှ သူ့အကြောင်းတွေကို စိတ်ဝင်တစား နားထောင်ရင်း အသနား ပိုရပြန်၏။
`အစ်မဆီ အချိန်မတော်လာရတာ အားလည်း နာတယ်။ သွားစရာ လည်း မရှိဘူး´
`အားနာစရာ မလိုပါဘူး။ဒါနဲ့ မင်းချစ်သူကိုအတော်လေးချစ်သလား အမောင်ကျော်ရဲ့´
`အင်း ချစ်တယ်´
အတူ အိပ်ခဲ့ကြသလား ကွယ်။ ၀န်တိုပါဘိခြင်း။ ချစ်သူတွေပဲလေ၊ မိမိုးနဲ့ ဦးချစ်လိုပဲ ဖြစ်မပေါ့။ ပြီးတော့လည်း ထားသွားကြမပေါ့။ မခွဲနိုင်သူ၊ စွဲလမ်းရစ်သူက ငိုပေမပေါ့။ ခံစားရမပေါ့လေ။ ဒါကြောင့်လည်း ဒီလို နုနုလေးသာနေသည့် မောင်လမင်းလေးက အရက်သောက်နေတာဖြစ်မှာ။ ဒါကြောင့်လည်း မိမိုး ဆီရောက်လာတာ နေမှာ။ အခုလည်း မူးနေမှာပေါ့။
`ကဲ ကဲ မင်းမူးနေပြီ အိပ်တော့´
သူက အလိုက်သင့် လှဲချပါ၏။ လက်တစ်ကမ်းဆီမှ စောင်ခေါက်လေးကို ဆွဲ ယူပြီး ခြုံပေးလိုက်သည်။
ချမ်းလာပြီ။
မိမိုးက သူ့နံဘေး ထိုင်ပြီး ငေးနေ၏။လရောင်မှိန်မှိန်ဝယ် သူ့ မျက်လုံး တောက်တောက်လေး ကို မမြင်ရပေမယ့် မထင်မရှား မြင်နေရသည်ဟုပင်ထင်နေသည်။အပျက်မတစ်ယောက်၏ အိမ်ကို ရောက်နေတာသာ သိရင်ဖြင့် သူ ချက်ချင်း ထွက်ပြေးမလားပဲ။
စိုးရိမ်လာပြန်သည်။
`ဒီအိမ်ကို လာရတာ မရှက်ဘူးလား´
အရဲစွန့်၍ မေးမိသည်။
`အစ်မက မိန်းမပျက်မို့လို့လား´
`အို မင်းသိနေသလား´
`အရက်ဆိုင်မှာ လူတစ်ယောက်က အစ်မ အကြောင်း ပြောနေတာ ကြားတယ်။ပြီးတော့ နေမကောင်းဘူးတဲ့။ ဟုတ်ရဲ့လား။ အခု သက်သာရဲ့လား ´
`ဟင့်အင်း မသက်သာဘူးကွယ်´
ဘာကြောင့်များ အမူပိုချင်မိသည် မသိ။
သူက ထထိုင်သည်။
`ချမ်းတယ်၊ အစ်မမိုး စောင်ခြုံထားပါ´
သူ့ ကိုယ်ပေါ်မှ စောင်ကို ခွာကာ တွန်းပို့ပေးသည်။ မိမိုးက ပြန်တွန်းပေးသည်။
`အမောင်သာ ခြုံစမ်းပါ၊ မိုးက မချမ်းတတ်ဘူး´
မချမ်းပါ။
သွေးတွေ ခပ်နွေးနွေးဆူနေတာပဲ သိသည်။
သူ့မျက်နှာလေး ငေးနေရရင် တော်ပြီ။ သူက ပါလာသည့် ဆေးလိပ်ဘူး ထဲမှ ဆေးလိပ်တစ်လိပ် ထုတ်သောက်သည်။ မသောက်စေချင်ပေမယ့် တား၍ မဖြစ်။ ငြိုငြင်ပြီး ပြန်သွား မှာ စိုးသည်။
နောက်နေ့တွေမှာတော့ သူသည် ညတိုင်း လာပြီး မနက်တိုင်း ပြန်သည်။ ညဘက် လာတိုင်းလည်း စားစရာ တစ်ခုခု ပါလာတတ်သည်။စားစရာ မပါလာရင်နေပါစေ။ သူလာရင်ပဲ ကျေနပ်လှပြီ။ သူနှင့်အတူ နေရလျှင်ပဲ မိမိုး ပျော်သည်။ သူ့ရင်ဘတ်ရှိ အကျီ င်္ကြယ်သီးတွေကို ဆော့ကစား ချင်သည်။
`အဲဒီလိုကောင်ကို အရေးပေးတော့ရော နင်ထမင်းဝလို့လားမိမိုး၊ ပြီးတော့ နင်ပိုက်ဆံ ရော ရလို့လား။သူက ဖောက်သည်တောင် ရှာပေးတတ်မှာ မဟုတ်ဘူး၊နင့်လုပ်စာ ထိုင်စားမယ့်ကောင်ဟ၊ မမိုက်စမ်းပါနဲ့ မိမိုးရာ´
မြစိုးက ဒေါသတကြီး အော်ပြောခဲ့ပေမယ့် မိမိုး တုတ်တုတ်မျှ မလှုပ်။
`သူ ငါ့ကို အခုထိ လက်ဖျားနဲ့တောင် မတို့ခဲ့ဖူးဘူး မြစိုး၊ အေး တကယ်လို့ သူသာ အလိုရှိရင် ငါက ပေးမိမှာ။ သူသာ ငါ့ကိုယူရင် ငါက ရှာကြွေးချင်သေးတာ´
`နင်သူ့ကို ချစ်နေပလား´
သည်တော့ မိမိုး ဆတ်ဆတ်ခါ နာသည်။
`ဟင့်အင်း၊ ချစ်တယ် ဆိုရင် သူနဲ့ ငါ အိပ်ချင်မှာပေါ့။ ဦးချစ် နဲ့ ငါ ချစ်တုန်းကလည်း အိပ်တာပဲ၊ နင် ငါ့ကို ချစ်တယ် ပြောပြီး အတူ အိပ်ကြတာပဲ ၊ အခုက သူ့အပေါ်မှာ ငါ အဲဒီလို စိတ်မျိုးမရှိဘူး သေနာရဲ့။ သူ့ရင်ခွင်ထဲ မှီနေချင်တာမျိုး၊ သူနဲ့ နေရရုံနဲ့ ကျေနပ်နေတာမျိုး၊ သူကလည်း ငါ့ကို နင့်လို ချစ်တယ်မပြောဘူး´
မြစိုးက ခွေးမ ဟုဆဲ သည်။
`ယောင်္ကျားဖြစ်ပြီး မိန်းမတစ်ယောက်နဲ့ အတူမအိပ်ချင်တဲ့ ကောင် ရှိမလား´ အော်ပြီး ထွက်သွားသည်။
မိမိုး သူနဲ့ အိပ်ဖို့ ဆန္ဒမရှိချေ။ သူ့လိုချင်တာ ပေးချင်တာမျိုး။ သူလည်း အတူအိပ်သည် သည် ဆိုပေသော်ငြား ဖောက်ပြန်စိတ် မရှိခဲ့။ သည်လိုမြင့်မြတ်မူမျိုးကို မိမိုးချစ်သည်။ သူကလေးဟာ အပြစ်ကင်းစင်တဲ့ ကလေးလေးပါပဲ ဟု မိမိုးတွေးသည်။
မိမိုး အလုပ်လုပ်ချိန် ဆိုလျှင် သူက အရက်ဆိုင်ဘက်ရှောင်ပေးတတ်သည်။ မိမိုး သွားခေါ်မှ ပြန်လာသည်။ မိမိုးနှင့်အတူ ညစာစားသည်။ မိမိုးရသည့် ပိုက်ဆံနှင့် သူ့ကို ကြွေးရတာလောက် ပီတိဖြစ်တာမရှိ။
ညဘက် အိပ်လျှင်လည်း ကျောချင်းကပ်အိပ်ရင်း သူ့အကြောင်းတွေပြောခိုင်းပြီး နားထောင်ရသည်မှာ မရိုးနိုင် မအီနိုင်။
`အရက်ဆိုင်က မကြည်က ကျွန်တော်နဲ့ မိုးကို ညားနေကြပြီလား လို့ မေးတယ်´
`မင်းက ဘယ်လို ဖြေလိုက်သလဲ´
`ကျွန်တော်က ရယ်နေတာပေါ့´
`ရယ်မနေနဲ့ အမောင်ရဲ့။ ခင်လို့ လာနေတာလို့ ပြောရတယ်၊ မိုးလို မိန်းမတစ်ယောက်နဲ့ ခင်ရတာတောင် မင်း သိက္ခာကျလှပြီ၊ ဖြစ်နိုင်ရင် ဒီကို မလာတာ ပိုကောင်းပါတယ်၊ အိုကွယ် မင်းဒီကို မလာပါနဲ့တော့၊ ဖာသည် တစ်ယောက် အိမ်ကို မင်းမလာသင့်ဘူး´
တားပေမယ့်လည်း လာမြဲသာ။
မိမိုးကလည်း မပြောရက်၊ မနှင်ရက်။ သူ့ကို နှင်ရသည်မှာလည်း မိမိုး ရင်နာလှသည်။ ကိုယ့်နှလုံးသားကို ကိုယ်တိုင် ဆွဲဖြုတ်လိုက်သလို ရှိ၏။
ရင်းနီးရုံနှင့်ပင် သူ သိက္ခာ ကျလှပြီကော။ အမှန်အတိုင်း ပြောရလျှင် သူ့ကို မိမိုးဆီ မလာစေချင်တော့ပါ။ ပြီးလျှင်လည်း သူကို မိမိုး မခွဲချင်ပြန်။သူ့နှုတ်ခမ်းတွေဆီ တစ်ဝကြီး ငေးကြည့်နေချင်သည်။ အကျော်ဟု ခေါ်ရသည်ကို အားမရ။ အမောင်ဟု လည်း မခေါ်ချင်။ မောင် လို့ တိုးဖွဖွ ခေါ်ချင်နေတာပါပဲ။ ချစ်သည်းလေး ၊ သည်းညှာခိုင်လေး လို့ ခေါ်ချင်တယ်။ စိတ်တွင်းမှ ခေါ်ရသည်လည်း အားမရှိပြန်။
`မောင်ရေ၊ မောင်ရေ့၊ ချစ်ဆုံးသည်းပွတ်လေးရေ့´
သူပြန်သွားချိန်တိုင်း မိမိုး နှုတ်မှ တိုးဖွဖွ ခေါ်ကြည့်သည်။ တိုးဖွဖွ လည်း အားမရပြန်။သူပြန်သွားရာ သံလမ်းတစ်လျှောက်ကြားလေအောင် အော်ခေါ်လိုက်ချင်သည်။
မိမိုးသည် အချစ်ကို ရေးတေးတေး သိလာသည်။ ဦးချစ်နှင့် အတူအိပ်ခဲ့တာ အချစ်မှ ဟုတ်ပါလေစ ဟု တွေးလာသည်။
အတူနေခဲ့သည်မှာ လေးငါး ည ရှိပေရော့မည်။ အတော်လေး ထိန်းချုပ်နိုင်သည့် မောင်။
သူ့ဘက်က မိမိုးအသားကိုပင် ပိုင်စိုးပိုင်နင်း မထိခဲ့စဖူး။ မိမိုးဘက်ကလည်း ဘာမှ မတောင်းဆို ။ အတူနေရရုံနဲ့ ကျေနပ်နေတာပါပဲ။
တစ်နေ့တော့ သူ မပြန်ပါ။
`ကျွန်တော် ဆုံးဖြတ်နေတာ ကြာပြီ၊ မိုးကို ချစ်တဲ့အကြောင်း ပြောချင်နေတာ´
သူ့ ရင်ခွင်မွှေးမွှေးလေးထဲ ပြေးဝင်ငိုချပစ်လိုက်ချင်သည်။သည်လို ငိုချလိုက်ရင်တော့ ဆွတ်ဆွတ် ဖြူနေသည့် သူ့အကျီ င်္ ရင်ဘတ်ကို ချွေးစိုနေသည့် သနပ်ခါးတွေများ စွန်းလေ မလားဟု မ၀ံ့မရဲ တွေးဖြစ်၏။
မိမိုး ရင်တွေ တုန်နေသည်။
`ဒီအတိုင်းလေးပဲ နေကြရအောင်လား အမောင်ရယ်၊ ပြီးတော့ မိုးကို တကယ်ချစ်တာရော ဟုတ်ရဲ့လား´
`အခြားသူတွေနဲ့ မိုးအိပ်ရင် ကျွန်တော် ခံစားနေရတယ် မိုးရဲ့´
မိုးမှာတော့ အဲဒီလို အိပ်ပြီး ရလာတဲ့ ပိုက်ဆံလေးနဲ့ သူ့ကို ကြွေးရတာကို ပျော်နေမိတာ။ သူသာ ခံစားနေ မယ် ဆိုရင် သူမသိအောင် အိပ်မိမှာ။
`ချစ်တယ် မိုးရဲ့။ ချစ်တယ်´
သူက အနားကပ်ကာ ဖက်သည်။ နုထွေးသော နှုတ်ခမ်းသားနှင့် ပါးပြင်အနှံ နမ်းသည်။ မိမိုး၏ ခါးဆီ တင်းကြပ်စွာ ပွေ့ဖက်လာသည်။ ပြီး ကျောပြင်ဆီ ကျစ်လစ်စွာ သိုင်းဖက်ပြန်၏။ သူ့အသက်ရှူသံတွေက တရှူးရှူး။ မိမိုးသည် မျက်လုံး စုံမှိတ်ထားမိရာမှ ရုတ်ခနဲ တွန်းထုတ်မိလိုက်၏။
`မင်း ငါနဲ့ အတူ အိပ်ချင်သလား´
မိမိုး ငိုချင်လာသည်။
သူက မိမိုးကို တွန်းလှဲ ဖို့ ကြိုးစားသည်။
`လွှတ်စမ်းပါ မောင်၊ ငါ လက်မခံနိုင်ဘူး´
သူက တအံ့ တသြ ကြည့်သည်။
`ငါ မင်းနဲ့ အတူ အိပ်ဖို့ စိတ်မရှိခဲ့ဘူး အမောင်၊ ငါ ငါလည်း နင့်ကို ချစ်တယ်ဟ။အေး ချစ်တယ်။ ငါ ငိုချင်နေတယ်ဟာ။ ဒါပေမယ့် ချစ်တယ် ပြောပြီး အတူအိပ်ချင်တာမျိုး မဟုတ်ဘူး၊ ငါ မသိဘူးဟာ။ ငါ့အချစ်က ထူးဆန်းတယ်။နင်နဲ့ အတူနေချင်တယ်။ဒါပေမယ့် နင့်ကို မယူနိုင်ဘူး။ ပြီးတော့ နင်နဲ့ မခွဲချင်ဘူး။ ဒါပေမယ့် ငါ့ဆီ မလာစေချင်ဘူးဟ ။ နင့်ကို ငါဆီ မလာစေချင်ဘူး´
`ပိုက်ဆံ မပေးနိုင်လို့လား´
အသည်းစိုင် သည် စစ်ခနဲ ကျဉ်ခနဲ ဆတ်ဆတ်ခါ နာလှသည်။
`ဖာသည် တစ်ယောက်ရဲ့ အချစ်က ပိုက်ဆံနဲ့ မဆိုင်ဘူး။ နင် ငါ့ဆီမလာပါနဲ့တော့ မောင်ရယ်၊ ငါ့ကို ချစ်တယ်လို့ မပြောပါနဲ့´
မိမိုးသည် ရှိုက်ကြီး တငင် ငိုချလိုက်သည်။ ပြီး လျှင် ယိုင်နဲ့နဲ့အိမ်အို လေးပေါ်မှ ထွက်ပြေးတော့သည်။ သံလမ်း ဆီ ရောက်တော့ အားပါးတရ ငိုပြန်သည်။
ငိုရသည်တဲ့။
အချစ်ဆိုတာ ဘာလဲ။
ဦးချစ် လို ချစ်တယ် ပြောပြီး အတူအိပ်ချင်တာမျိုး မဟုတ်။ သည်ထက် သည့်ထက် အစစအရာရာ သာလွန်ကြောင်း သိနေသည်။
မောင်ကရော အခြားသူတွေလို ချစ်တယ်ပြောပြီး အတူအိပ် ချင်တာပဲလား။ ငွေပေး ပျော်တတ်သလား မောင်ရဲ့။
` အချစ်ဆိုတာ အတူအိပ်တာထက် ပိုတယ် မောင်ရဲ့၊ ဘာမှ မကျူးလွန်ရလည်း ငါ နင့်ကို ချစ်တာပဲ မောင်ရဲ့။ ဘာလို့များ နင့်အသက်ရှူသံတွေ ပြင်းလာရတာလဲ မောင်ရယ်။ ငါ ချစ်သလို မချစ်နိုင်ဘူးတဲ့လား၊ ယောင်္ကျားတွေ ဟာ ဒီလိုပဲလား။ မဖြူစင်နိုင်ကြဘူးလား ကွယ်´
ငိုနေရင်းက အိမ်ဘက်ဆီ လေးတွဲစွာ ပြန်လာခဲ့သည်။ သံလမ်းသည် မှောင်အတိ။ အိမ်ဆီမှ သူ့အရိပ်ကို မြင်ရသည်။ မိမိုး ခြေလှမ်းတို့ တန့်နေသည်။
သူ့ အရိပ်က တရွေ့ရွေ့ ဝေးသွားသည်။
အိမ်ဆီ ပြေးကြည့်တော့ သေချာပြီ။ သူမရှိတော့ပြီ။
မှောင်အတိ။
`ဦးချစ်နဲ့ ငါ့ဖောက်သည်တွေလို နင့်ကို တစ်တန်းထဲ မထားချင်ဘူး´
မိမိုးသည် ပြောရင်း ငိုနေသည်။
သံလမ်းဆီ ငေးမျှော် ကြည့်မိပြန်သည်။ ကြယ်ရောင်သာ ရှိသည်။ ရှေ့တွင်တော့ လင်းမှာပါလေ။ သူ့ အပြန်လမ်းဖြောင့်မှာပါလေ။
အမှောင်ထဲရှိ အိမ်အိုလေးတွင် မိမိုး ငိုနေသည်။
အေးပေါ့။ နင် ငါနဲ့ ဝေးသွားပြီပေါ့။မိန်းမပျက်တစ်ယောက်ရဲ့ ချစ်သူအဖြစ် မနေရတော့ဘူးပေါ့။ အဲဒါလည်း ငါ့အချစ်ပဲ မောင်ရဲ့။ ငါ နင့်ကို ချစ်တယ်ဟ။
မိမိုးသည် ပြုံးနေလျက်က ရှိုက်ကာ ရှိုက်ကာ ငိုနေတော့သည်။
ဝါနုသော်
Credit 👆👆

No comments:
Post a Comment