Gay တစ်ယောက်၏ ဖခင်
____________________
"လာကွာ သားနဲ့ဖေဖေ
တည့်တည့်ဆွေးနွေးကြမယ်။
သားရဲ့ ဖြစ်တည်မှုဟာ သားအတွက်
ခက်ခဲနေမယ်ဆိုတာ ဖေဖေ ကိုယ်ချင်းစာတယ်။
ဒီတော့ အစကနေ ပြန်ညှိနှိုင်းမယ်”
"ဟုတ်ဖေဖေ”
"သားကို ဖေဖေက သားလို့ ခေါ်ရမလား။
သမီးလို့ ခေါ်ပေးရမလား။သားဖြစ်ချင်တဲ့
ပုံကိုပြော။ဖေဖေလက်ခံပေးမယ်”
"သားလို့ပဲ ခေါ်ပါဖေဖေ။”
"ဟုတ်ပြီ။သားအတွက် မိန်းမအသုံးအဆောင်တွေ
လိုချင်တာမျိုးရှိလား။ဖေဖေ ဖြည့်ဆည်းပေးရမလား။”
"ရတယ်ဖေဖေ။သားက ယောကျာ်းလေးလိုပဲ ဝတ်စားချင်တာပါ။”
"သားက မိန်းမဘဝကို အားကျတာလား။
ဒါမှမဟုတ် gayတစ်ယောက်အဖြစ်ပဲ ရပ်တည်မှာလား။”
သားကိုမေးခွန်းတွေမေးနေပေမယ့် ကျနော့်ရင်ထဲ
တစ်ချက်တစ်ချက် နာသည်။
ရှက်ရွံ့မှုတွေလည်း ခံစားနေရသည်။
ဒီခံစားချက်တွေကိုတော့ သားကိုမသိစေချင်ပါ။Gayဘဝကို သူရွေးချယ်ထားတာမဟုတ်ဘူး။
ဒါသူ့ရဲ့ ဖြစ်တည်မှုပါ။
ကျနော့် ဘဝတစ်လျှောက်လုံးမှာ Gayတွေအပေါ်
နေရင်းထိုင်ရင်း အထင်သေးသည့် ဥပါဒါန်ရှိခဲ့ဖူးသည်။အစွဲရှိခဲ့ဖူးသည်။
ဘာပြစ်မှုမှမလုပ်ထားဘဲ gayဖြစ်နေရုံနဲ့တင် လူ့အဖွဲ့အစည်းမှာ အပြစ်သားဖြစ်နေရှာသည့် gayတွေရဲ့ ဘဝကို ကျနော်ပြန်စာနာတတ်လာသည်။ကိုယ်ချင်းစာပေးနိုင်သည်။လက်ခံနားလည်ပေးခဲ့ပြီ။သားကို gayဖြစ်နေမှန်း စရိပ်မိချိန်မှာ ကျနော်ဆောက်တည်ရာမရဖြစ်ခဲ့သည်။
ယောကျာ်းစစ်စစ်၊မိန်းမစစ်စစ်ဖြစ်ကြတဲ့ မိဘနှစ်ပါးဟာ ကိုယ့်ရင်သွေး gayဖြစ်နေတာကို လက်ခံနားလည်ဖို့တော့ ရုတ်တရက်ခက်ခဲခဲ့မှာပဲ။ဒါပေမယ့် လောကမှာ လူကောင်းလူဆိုးနှစ်မျိုးသာရှိသည်။ ယောကျာ်းဖြစ်ခြင်း၊မိန်းမဖြစ်ခြင်းသည် ပဓာနမဟုတ်။ကျနော့်ရင်သွေးရဲ့ ဖြစ်တည်မှုဟာ.gayတစ်ယောက်ဆိုရင်လည်း လူကောင်းဖြစ်ဖို့ လူတော်ဖြစ်ဖို့
ကျနော်ရအောင် ထိန်းကျောင်းမည်။
"သား gay တစ်ယောက်အဖြစ်
ရပ်တည်မှာပါဖေဖေ။”
"သားကို ဖေဖေပွင့်ပွင့်လင်းလင်းပြောမယ်နော်။အမျှတဆုံး အတွေးအခေါ်နဲ့ တွေးကြည့်မယ်ဆိုရင် gayအဖြစ် မွေးဖွားလာတဲ့သားမှာ ဘာအပြစ်မှမရှိဘူး။ဘာအားနည်းချက်မှ မရှိဘူး။လူတွေထဲက လူသားတစ်ယောက်ပဲ။
ဒါပေမယ့် လူသားတိုင်းမှာ အမျှတဆုံးအတွေးအခေါ်တွေ ရှိမနေကြတာကိုတော့ သားလက်ခံရမယ်။အထူးသဖြင့် ဖေဖေတို့နိုင်ငံဟာ ပညာရေးနိမ့်ပါးလေတော့ အတွေးအခေါ်တွေ နိမ့်ပါးကြတယ်။သဘောထားတွေ သေးသိမ်ကြတယ်။Gayဖြစ်နေတဲ့သားကို နှာခေါင်းရှုံ့ ကဲ့ရဲ့ကြမယ့် လူတွေများစွာရှိတယ်။
သား ခံနိုင်ရည်ရှိဖို့လိုတယ်။
သားတွေးကြည့်လိုက်။သားရဲ့ ဖြစ်တည်မှု
အတ္တကို ခွာပြီးတွေးကြည့်လိုက်။
ရှေးပဝေဏသီကတည်းက gayတွေအပေါ်
ဖိနှိပ်ဆက်ဆံမှုတွေရှိခဲ့တယ်။
ဖေဖေတို့ သာမန်သုံးနေတဲ့ ဝေါဟာရတွေမှာတောင် gayတွေအပေါ် နှိမ့်ချအထင်သေးတဲ့
ဝေါဟာရတွေရှိနေတယ်။အခြောက်၊ဂန်ဒူး၊
ဂျီပုံးစတဲ့ စတဲ့ စကားလုံးတွေဟာ gayတွေကို နှိပ်ကွပ်ပြီး သုံးခဲ့တဲ့စကားတွေမို့လို့ ခုနောက်ပိုင်းမှာ gayလို့ပဲ ဖေဖေသုံးတော့တယ်။
Gayဆိုတဲ့စကားရပ်ကရော ဖိနှိပ်လိုမှုကြောင့် သုံးတာ ဟုတ်သလားမဟုတ်ဘူးလားဆိုတာကို ဖေဖေမသိဘူး။ဒါပေမယ့် နှိပ်ကွပ်လိုမှုမရှိတဲ့ ဖေဖေ့ကိုဖေဖေ
လိပ်ပြာလုံတယ်။
ဖေဖေပြောချင်တာက သားအပေါ်ကို စကားလုံးတွေ၊အကြည့်တွေနဲ့ ဖိနှိပ်မယ့်သူတွေရှိတယ်။
သားရန်ပြန်မလုပ်နဲ့။ကြံ့ကြံ့ခံပါ။
သူတို့ကိုပြန်ပြီးနားလည်ပေးလိုက်ပါ။
အယူအဆဟောင်းတွေရဲ့ လောင်းရိပ်ကနေ
လွတ်မြောက်ဖို့ဆိုတာ ခက်ခဲပါတယ်။
ဖေဖေကိုယ်တိုင်တောင် gayတွေကို အထင်သေးခဲ့ဖူးတယ်။သဘောထား မပြည့်ဝစဉ်ကပေါ့လေ။အယူအဆဟောင်းတိုင်းက မကောင်းပါဘူးလို့ ဖေဖေမပြောလိုဘူး။သားက gayတစ်ယောက်မို့လို့ gayတွေအပေါ် စာနာနားလည်နိုင်ပေမယ့် သားသာ gayတစ်ယောက်မဟုတ်ခဲ့ရင် သားသည်လည်း gayတွေအပေါ်
အထင်သေးတတ်တဲ့ ကောင်လေးတစ်ယောက်ဖြစ်ချင်ဖြစ်နေမှာ။
မိုးရွာတာကို တားဆီးလို့မရရင် ထီးဆောင်းရမယ်။
ဒီတော့ ပတ်ဝန်းကျင်လေဒဏ်မိုးဒဏ်ကို တားဆီးလို့မရရင် သည်းခံမှု၊ကြံ့ကြံ့ခံမှု
ထီးလေးကို ထုတ်ဆောင်းပါသား။
ဖိတော့လည်း ပိတာပေါ့လေ။ဖေဖေလည်း ဖေဖေ့ပတ်ဝန်းကျင်က gayတွေကို သတိထားကြည့်မိတယ်။သူတို့ထဲက အချို့ဟာ ပတ်ဝန်းကျင်ဒဏ်ကြောင့်
စိတ်ဒဏ်ရာတွေရကြတယ်။
ပုံပျက်သွားကြတယ်။ကိုယ်ရည်ကိုယ်သွေး ညံ့သွားကြတယ်။ကြံ့ကြံ့ခံနိုင်တဲ့ gayတွေကတော့ သူလိုကိုယ်လို ရပ်တည်နိုင်ကြပါတယ်။
မီတာတစ်ရာ အပြေးပြိုင်တာချင်းယှဉ်ရင် သူတို့က နွံထဲမှာပြေးရတဲ့သူတွေ။Gayတွေပြေးနေတဲ့ မီတာတစ်ရာခရီးက ပိုဂုဏ်ယူစရာကောင်းတယ်။ပိုလေးစားစရာကောင်းတယ်။
ဖေဖေတို့လို သာမန်ယောကျာ်းတွေက
သာမန်မြေပြင်မှာ ပြေးခွင့်ရတာလေ။
ဖေဖေထပ်မေးမယ်။သားရဲ့ လိင်တိမ်းညွတ်မှုက ယောကျာ်းတွေအပေါ်လား။မိန်းမတွေ အပေါ်လား။”
သားဖြစ်သူက မရဲတရဲဖြင့်
"ယောက်… … ယောကျာ်းတွေအပေါ်ပါ”
ဟုပြောပြီး ခေါင်းငုံ့ရှက်ရွံ့နေသည်။
"သားက ၁၄နှစ်နော်။အေး… ဖေဖေ ၁၄နှစ်တုန်းကလည်း မိန်းမတွေအပေါ် တပ်မက်တတ်နေပြီ။ဒဲ့ပြောမယ်သား။ ဖေဖေအာသာဖြေတတ်နေပြီ။
သားဘယ်လိုပုံစံနဲ့ အာသာဖြေသလဲဆိုတာကို ဖေဖေမပြောတတ်ဘူး။
ဒါပေမယ့် သားမှာလည်း သားနဲ့ဆိုင်တဲ့ လိင်စိတ်မျိုးရှိနေမှာပဲ။
ဖေဖေ့ကိုကြည့်…
၁၄နှစ်အရွယ်မှာ လိင်လွတ်လပ်ခွင့်ရသင့်ပြီလို့ သားထင်လား။
ယောကျာ်းပဲဖြစ်ဖြစ်၊မိန်းမပဲဖြစ်ဖြစ်
gayပဲဖြစ်ဖြစ် အသက်အရွယ်နဲ့လိုက်တဲ့ အခွင့်အရေးပဲရမယ်။အသက်အရွယ်နဲ့ မလိုက်တဲ့ အခွင့်အရေးမရဘူး။သားက ယောကျာ်းဖြစ်မယ်ဆိုရင်လည်း ဒီအရွယ်မှာ စော်ထားလို့မရဘူး။ မိန်းမ ဖြစ်မယ်ဆိုရင်လည်း ဘဲထားလို့မရဘူး။gayတစ်ယောက်ဆိုရင်လည်း လိင်တူချင်း တွဲလို့မရသေးဘူးသား။ဒါသားကို gayမို့လို့ ခွဲခြားတာမဟုတ်ဘူး။ဖေဖေက သားကို ပုံမှန်ပဲဆက်ဆံမယ်။ဒါကြောင့် အခွင့်အရေးလည်း
ပိုမပေးနိုင်ဘူး။
ဖေဖေသိထားတာရှိတယ်။ဒီအပတ် စနေနေ့မှာ သားရဲ့ ယောကျာ်းလေးအဖော်နဲ့ လျှောက်လည်ဖို့ အစီအစဉ်ရှိတယ်လို့ ဖေဖေသိထားတယ်။သားဘက်ကကြည့်ရင် သားအတွက် ပျော်စရာအခွင့်အရေးပေါ့လေ။ဒါပေမယ့် ဖေဖေ့ဘက်ကကြည့်ရင်
သားမရသင့်သေးတဲ့ အခွင့်အရေးပဲ။
သားစိတ်ထဲမှာ ရှိနေတာတွေ၊ခံစားနေရတာတွေကို
ဖေဖေမတားဘူး။တားလို့လည်း မရဘူး။
ဒါပေမယ့် သားအသက်အရွယ်ဟာ လက်တွဲဖော်ရှာရမယ့် အသက်အရွယ်မဟုတ်ဘူး။
ဣနြေ္ဒဆိုတာ မိန်းမအတွက်လိုတယ်။
ယောကျာ်းအတွက်လည်း လိုတယ်။
Gayအတွက်လည်း လိုတယ်။Gayဖြစ်တာနဲ့ပဲ လိင်ကို အတင်းမက်နေမယ်ဆိုရင် သားကိုယ်တိုင် သားရဲ့ဖြစ်တည်မှုကို စော်ကားလိုက်တာပဲ။သားကတော့ အချစ်လို့ထင်နေလိမ့်မယ်။အဲ့ဒါရမ္မက်။Gayတစ်ယောက်ဟာ လက်တွဲဖော်ရဖို့ ပိုခက်ခဲတာမို့ ရထားတဲ့သူကို အတင်းတွယ်ကပ်တာမျိုး၊အရမ်းသဝန်တိုတာမျိုး၊ စိတ်ရောဂါရနိုင်သည်အထိ
စွဲလန်းတာမျိုးတွေရှိနိုင်တယ်။
သားပြန်စဉ်းစား။ငါ မွှန်နေတာလား။ချစ်နေတာလားဆိုတာကို သားပြန်စဉ်းစား။
Gayမို့ပဲ မွှန်တာလား။ငါကပဲ မွှန်တာလား
ဆိုတာကို သားပြန်စဉ်းစား။
Gay မို့လို့မွှန်ရပါတယ်ဆိုရင်တော့ ဖေဖေက gayတွေကို အထင်သေးပစ်မှာ။
ဣနြေ္ဒမဲ့အရှက်မဲ့တဲ့ gayတွေကြောင့် gayတွေအပေါ် ဖေဖေ အထင်သေးခဲ့ဖူးတယ်။
ဣနြေ္ဒရှိ၊သိက္ခာရှိတဲ့ gayတွေကြောင့် gayတိုင်း မဆိုးဘူးဆိုတာကို ဖေဖေပြန်လက်ခံလာတယ်။ဖေဖေ
ထပ်သိထားတာရှိသေးတယ်။
ဟိုတလောက facebookမှာ ပတ်ဝန်းကျင်ဖိအားကြောင့် suicide လုပ်သွားတဲ့ gayရဲ့သတင်းကို သားရဲ့အမေကို သား ပြတယ်မဟုတ်လား။နောက်ထပ် မိဘက ဖိနှိပ်လို့ သတ်သေသွားတဲ့ gayတစ်ယောက်ရဲ့ သတင်းကိုလည်း မေမေ့ကို ထပ်ပြသေးတယ်မဟုတ်လား။သားရဲ့ ရည်ရွယ်ချက်ကိုဖေဖေသိတယ်။
သားက မိတ္တူပေးနေတာ။မိဘက ဖိနှိပ်လို့
သက်သေရပါတယ်ဆိုတာမျိုးကို သားက
သိစေချင်တာ။
ဖေဖေရှင်းအောင်ပြောမယ်။သားက gayတစ်ယောက်ဖြစ်လို့ဆိုပြီး ဖေဖေဖိနှိပ်ထားတာ ဘာမှမရှိဘူး။သားတစ်ယောက်လို ဖေဖေချစ်တယ်။
ဒါပေမယ့် စနေနေ့မှာ လျှောက်လည်မယ့်အစီအစဉ်ကို ဖေဖေခွင့်မပြုဘူး။
သားက ယောကျာ်းတစ်ယောက်ဖြစ်မယ်၊
မိန်းမတစ်ယောက်ဖြစ်မယ်ဆိုရင်လည်း
ဖေဖေခွင့်မပြုဘူး။သားရဲ့ အသက်အရွယ်ဟာ
ချစ်သူနဲ့လျှောက်လည်ခွင့်ရှိတဲ့ အသက်အရွယ်မဟုတ်ဘူး။မပေးသင့်တဲ့ အခွင့်အရေးကို မပေးတာဖြစ်တဲ့အတွက် ဖေဖေမှန်တယ်။
အကယ်၍ သားက သတ်သေဖို့ ခြိမ်းခြောက်မယ်ဆိုရင်တော့ အဲ့ဒါသားမှားတာပဲ။
ဖေဖေရပ်ကြည့်နေမယ်။အမှားက အမှန်ကို
နိုင်သွားတာမျိုးဖေဖေခွင့်မပြုဘူး။
ဖေဖေ့ကို အကြပ်ကိုင်တာလည်း
ဖေဖေမကြိုက်ဘူး။
သားအပေါ်ကို အပြည့်အဝနားလည်ပေးထားတဲ့
မိဘတွေကို တန်ပြန်နားလည်ပေးဖို့တော့ သားမပျက်ကွက်ပါနဲ့။”
#Error
2.8.2019
#ဖြစ်ရပ်မှန်တစ်ခုကို အခြေခံရေးတာပါ။
Credit
No comments:
Post a Comment