Friday, August 2, 2019

သောကတွေပဲ ငြိမ်းသွားဖို့ လိုပါတယ်

ရွာတစ်ရွာမှာ တစ်ခါတုန်းက အဖိုးအို တစ်ယောက် ရှိခဲ့ဖူးတယ်။ အဲ့သည် အဖိုးအိုဟာ အမြဲတစေ မှုန်ကုပ်နေပြီးတော့ နေ့စဉ်နဲ့ အမျှ စိတ်ဆိုး ဒေါသထွက်နေလေ့ ရှိသတဲ့။

အသက်ကြီးလာလေလေ... အဖိုးအိုဟာ ပိုဆိုးလာလေလေ... ပိုပြီး ရိုင်းစိုင်းစွာ ဆဲဆို အော်ဟစ်နေလေလေမို့ တစ်ရွာလုံးက အဖိုးအို နားသွားရမှာ စိတ်ပျက်လာကြတဲ့ အထိပဲ။

တစ်နေ့... သူ့အသက် ၈၀ တင်းတင်းပြည့်တဲ့ နေ့မှာတော့ ရွာထဲမှာ ကောလာဟလ တစ်ခုကို ကြားလာရတယ်။

"အဖိုးကြီး ဒီကနေ့ ထူးထူးဆန်းဆန်း ပြုံးနေတယ်!" ဆိုပဲ။

မယုံလို့ ရွာသားတွေက သွားကြည့်တဲ့အခါ တကယ်ကို အဖိုးအို ပြုံးနေတာ မြင်လိုက်ရတယ်။ အဖိုးအိုဟာ ဘာပြဿနာမှ မရှာတော့ဘူး။ သူ့အနားရောက်လာသမျှ လူတိုင်းကို အပြုံးနဲ့ ဆီးကြိုနေတာကို တွေ့လိုက်ရတယ်။

"အဖိုးကြီး... အရင်လို မဟုတ်ပဲ ဒီကနေ့ကျမှ ဘယ်ကနေ ဘယ်လို ပြုံးနေရတာတုန်း?!"

ရွာသားတွေက အကျိုးအကြောင်းမေးတဲ့အခါ အဖိုးအိုက ဖြေတယ်။

"အော်... ထွေထွေထူးထူး လည်း မဟုတ်ပါဘူးကွာ...။ ငါ့ဘဝမှာ ပျော်ရွှင်မှုကို လိုက်ရှာနေခဲ့တာ နှစ်ပေါင်း ၈၀ ရှိနေပြီလေ။ ဒီလောက် ရှာတာတောင် ဘာမှ ထူးခြားမလာတာမို့ တော်ပြီ။ ပျော်ရွှင်မှုကို မရှာတော့ဘူးလို့။ ချက်ချင်းကို ပေါ့ပါးပြီး ပျော်လာတာပဲ"

😊

ပုံပြင်၏ သင်ခန်းစာ - သောကတွေ ငြိမ်းဖို့အတွက် အသောကကို လိုက်ရှာစရာမလို။ သောကတွေပဲ ငြိမ်းသွားဖို့ လိုပါတယ်။ 😊

#kyawnge
Credit

No comments:

Post a Comment