Monday, August 5, 2019

မပြုံးရဲရင် ရှုံးရမယ့် gameတစ်ခုဟာ ဘဝလို့ အမည်ရပါတယ်…

_________________

အဆိုးတွေကို ကြုံရတဲ့အခါ
ဘုရားသခင်အလိုတော်အရရယ်လို့
ဖြေသိမ့်ကြတယ်…

လူတချို့က ဘုရားသခင်ကို အပြစ်တင်ချိန်မှာ
ငါက ဘုရားသခင်ကိုနားလည်ပေးတယ်…
အသက် ၂၀သက်တမ်းရှိမယ့်
လူတစ်ယောက်ကို ဘုရားသခင်က
ဖန်ဆင်းတော်မူတဲ့အခါ…
သူ့သက်တမ်းဟာ နှစ်နှစ်ဆယ်အကြာမှာ
အဆုံးသတ်မယ်…
မည်သည့်နည်းနဲ့ ဖြစ်ဖြစ်ပေါ့လေ…

ကစဥ့်ကလျားလောကကြီးမှာ
အရာရာတိုင်း တန်းတူညီမျှမဖြစ်နိုင်ဘူး
ဝေခဲ့တုန်းက ပျော်ခဲ့ဖူးရင်
ကြွေတဲ့အခါလည်း လက်ခံရဲရမယ်…

ငါ့အိမ်ထဲမှာ ငါငြိမ်းချမ်းစွာ နေထိုင်ပါတယ်
အို ဧည့်သည်…
သင့်ကိုငါစောင့်ကြိုမနေပေမယ့်
သင်ရောက်လောက်တဲ့အခါ
ငါနွေးထွေးစွာ ဆီးကြိုနေပါမယ်…

အိုဧည့်သည်…
သင့်ကို နှုတ်ဆက်ဖို့
 စောင့်ဆိုင်းနေတာမဟုတ်ပေမယ့်
သင်ထွက်သွားတဲ့အခါ
ငါနှုတ်ဆက်ဖို့အသင့်ရှိတယ်…

ကမ္ဘာတစ်ခြမ်းမှာ လူသားတွေ
ဆာလောင်မွတ်သိပ်နေတာ ငါ့ကိစ္စမဟုတ်ဘူး…
ငါ့ရှေ့မှာ လူတစ်ယောက်
မွတ်သိပ်ဆာလောင်နေရင်
ငါဝတ္တရားရယ်လို့
ငါကခံယူတယ်…

ငါသည်လည်း သူလိုကိုယ်လို
လောကဓံပင်လယ်ထဲက
လှေငယ်တစ်စင်းရယ်ပါ
ဘယ်တော့မှ ကမ်းမကပ်တော့မယ့်
လှေတစ်စင်းပေါ့….။
ငါကူးခပ်နေသ၍
ငါမမှောက်သေးသ၍
ရုန်းကန် ရှင်သန်မယ်
ပင်လယ်ရဲ့အလှတရားကို
သိမ်မွေ့ခံစားမယ်…
ငါတွန်းလှန်ခွင့်မရှိတဲ့
မရဏမုန်တိုင်းကြားမှာ
လည်စင်းရယ်ဟားနေမယ်။

သေခြင်းဟာ မလိုချင်လည်း
ရကိုရမယ့် လက်ဆောင်ပဲကွယ်
ဘာလို့လက်မခံရဲရမှာလဲ….
မကြောက်တတ်လို့
တစ်ကြိမ်ပဲ သေချင်တယ်…။

နာဇီစနစ်ကြောင့် ဂျာမန်တိုင်း
မကောင်းစားခဲ့ဘူး
ဖက်ဆစ်စနစ်မှာ
ဂျပန်တိုင်း မပြည့်စုံခဲ့ဘူး
ကိုလိုနီစနစ်မှာ
အင်္ဂလိပ်တိုင်း သခင်မဖြစ်ခဲ့ဘူး
အာဏာရှင်စနစ်မှာ စစ်သားတိုင်း
မကြွယ်ဝခဲ့ပါဘူး…

လူယုတ်မာဆိုတာ လူတစ်စုရယ်ပါ
လူသားတိုင်းမှ မဟုတ်တာ…
ဒါကြောင့် လူများစုကို သင်မချစ်ရဲဘူးလား

မယုံကြည်မှုတွေနဲ့
တံတိုင်းတွေကာထားမယ့်အစား
ယုံကြည်မှုတွေနဲ့ တံတားတွေခင်းကြမယ်

မရဏဘူတာသို့ ခုတ်မောင်းနေတဲ့
ဘဝရထားပေါ်မှာ
ငါရောမင်းရော လိုက်ပါလာကြတာပဲ
ထိတ်လန့်သွေးပျက်နေမယ့်အစား
လောကရှုခင်းကို မြတ်နိုးခံစားပါလား
မပြုံးရင် ရှုံးရမယ့် gameတစ်ခုဟာ
ဘဝလို့ အမည်ရပါတယ်…

ယုံကြည်ပါ
မပြုံးရဲရင် ရှုံးရမယ့် gameတစ်ခုဟာ
ဘဝလို့ အမည်ရပါတယ်…

#Error
27.10.2018
.
Credit

No comments:

Post a Comment