Friday, August 2, 2019

'' အ, မနာပ " ( ပုံပြင် )

'' အ, မနာပ "  ( ပုံပြင် )
********************

တစ်ခါက ကျေးလက်တောရွာလေး တစ်ခုမှာ
ပရဟိတလုပ်တဲ့ ဘုန်းတော်ကြီးတစ်ပါးရှိသတဲ့။
ဘုန်းတော်ကြီးက စကားကို အပိုသိပ်မပြောဘူး
ရိုးရိုးဖြောင့်ဖြောင့်ပဲ နေတယ်။

ရွာထဲက ဒေါ်ဘုတ်ဆုံဆိုတဲ့
အမျိုးသမီးကြီးက စကားတုံးတိနဲ့ အပိုမပါ
လိုရင်းကို တည်းဒိုးပြောတတ်တဲ့
ဘုန်းတော်ကြီးရဲ့ အကျင့်ကို သဘောမကျဘူး။
သူက ဖော်ဖော်ရွေရွေဆက်ဆံ စေချင်တယ်။

ဒေါ်ဘုတ်ဆုံက ဘုန်းတော်ကြီးကျောင်းကို
ငွေတွေလာလှူ တယ်။ ငွေလှူတဲ့ အလှုရှင်ဆိုပြီး
မျက်နှာသာပေးတာ၊ ဦးစားပေးတာလိုချင်တယ်၊
သို့ပေမဲ့ ဘုန်းတော်ကြီးကတော့ ပုံမှန်ပါပဲ။

ဒါကို ဒေါ်ဘုတ်ဆုံက မကျေနပ်
ဘုန်းတော်ကြီးကို စိတ်ဆိုးသွားတယ်။

ဒေါ်ဘုတ်ဆုံက ဘုန်းတော်ကြီးကို
မကျေနပ်တော့ ရွာထဲမှာ ဘုန်းတော်ကြီး
မကောင်းသတင်းကို လုပ်ကြံဇာတ်ခင်း၍
အမနာပ ပြောဆိုပါတော့တယ်။

ဒီလုပ်ဇာတ် အတင်း သတင်းတွေကို
သူကိုယ်တိုင်း ကျေးနပ် သဘောကျပြီး
ထပ်ခါထပ်ခါ ချဲ့ကားပြီး ပြောနေတော့တာပေါ့။

ပြောရင်း ပြောရင်း အချိန်ကာလ
တစ်ခုရောက်တော့ သူပြောတာ မမှန်မှန်း
သိလာတယ်။ ဒီတော့ ဘုန်းတော်ကြီးကို
ပြန်လည် ဝန်ချတောင်းပန်မယ်လို့
သူ စဉ်းစားတယ်။

ဒါနဲ့ ဘုန်းတော်ကြီးဆီသွားပြီး
သူ အမနာပ လျှောက်ပြောခဲ့တဲ့
လုပ်ဇာတ်သတင်းတွေ အတွက်
သူ နောင်တရပါပြီး၊ ခွင့်လွှတ်ပေးပါလို့
ဒေါ်ဘုတ်ဆုံက တောင်းပန်တယ်။

ဘုန်းတော်ကြီးကလည်း ခွင့်လွှတ်ပါတယ်။
ဒါပေမဲ့ သူ့ကို တစ်ခုတော့ ပြန်လုပ်ပေးပါလို့
တောင်းဆိုတယ်။

ဒေါ်ဘုတ်ဆုံကလည်း လုပ်ပေးပါမယ်ပေါ့
ဒါနဲ့ ဘုန်းတော်ကြီးက ဒေါ်ဘုတ်ဆုံကို
ရွာဦးကျောင်း တောင်ထိပ်ပေါ်က စေတီလေး
ဆီသွားနှင့်ပါလို့ ခိုင်းတယ်။

ဘုန်းတော်ကြီးက အခန်းထဲဝင်သွားပြီး
ခေါင်းအုံးတစ်လုံးနဲ့ ကက်ကြေးတစ်လက်
ဝင်ယူပြီး တောင်ထိပ်က စေတီလေးပေါ်
တတ်လိုက်လာပါတယ်။

အဲဒီအချိန်မှာ မြောက်လေက
တဟူးဟူးတိုက်နေပြီ ရွာလေးက
တောင်ဘက်မှာ၊ ဘုန်းတော်ကြီးနဲ့
ဒေါ်ဘုတ်ဆုံတို့က စေတီလေးကနေ
ရွာလေးဆီကို ငေးမျှော်ကြည့်နေကြတယ်။

ဘုန်းတော်ကြီးက သူ့လက်ထဲ ကိုင်ယူလာတဲ့
 ခေါင်းအုံးကို ကက်ကြေးနဲ့ ထိုးခွဲ၊ ဆုတ်ဖြဲ
လိုက်ပြီး ဒေါ်ဘုတ်ဆုံ လက်ထဲပေးတယ်။
ခေါင်းအုံးထဲက မှို့တွေ လေထဲ သွန်ချလိုက်ပါ
လို့ခိုင်းတယ်။

ဒေါ်ဘုတ်ဆုံက သွန်ချလိုက်တယ်။
ဒေါ်ဘုတ်ဆုံ သွန်ချလိုက်တဲ့ မှို့တွေကို
လေက နေရာအနှံ့သယ်ဆောင်သွားတာပေါ့။
လယ်ကွင်းတွေ၊ ရွာလယ်လမ်းမတစ်လျှောက်၊
စာသင်ကျောင်းထဲ၊ အိမ်တွေဆီ၊ ဈေးတန်း
ဆိုင်ခန်းတွေ၊ ရွာထိပ်က အဝေးပြေးကားဂိတ်၊
ကားဂိတ်မှာ ရပ်ထားတဲ့ ကားပေါ်တောင်မှ
ပါသွားပြီး မှို့အချို့ က အဝေးရပ်တွေဆီ
ပါသွားတယ်။

ဘုန်းတော်ကြီးနဲ့ ဒေါ်ဘုတ်ဆုံတို့ဟာ
လေနဲ့အတူ လွှင့်ပါနေတဲ့ မှို့တွေကို
အချိန်တော်တော်ကြာတဲ့အထိ တိတ်ဆိတ်စွာ
ငေးကြည့်နေတယ်။ အချိန်အတန်ကြာမှ
ဘုန်းတော်ကြီးက ဒေါ်ဘုတ်ဆုံဘက် လှည့်ပြီး
 ''အခု ဒကာမ လေထဲ သွန်ချလိုက်တဲ့
လဲမှို့တွေအားလုံးကို တစ်ခုမကျန် ပြန်လိုက်
ကောက်ပေးပါလို့ ခိုင်းတယ်။''

ဘုန်းတော်ကြီးရဲ့စကားကို ကြားတော့
ဒေါ်ဘုတ်ဆုံလည်း လန့်ဖျန့်သွားပြီး
''ဟာ…ဒါ…ဒါ…လုံးဝ မဖြစ်နိုင်တော့တဲ့ကိစ္စပဲ ''
ဆိုပြီး ပြန်ပြောပါတယ်။

ဘုန်းတော်ကြီးက
 '' မဖြစ်နိုင်ဘူးဆိုတာ ဘုန်းကြီးသိပါတယ်။''
''အဲဒီ လဲမှို့တွေဟာ ဒကာမ အမနာပ
ပြောလိုက်တဲ့ ဘုန်းကြီးရဲ့အကြောင်း
မကောင်းပြောတာတွေလိုပါပဲ။ '' ဒါတွေကို
ဒကာမက အစပြုပြီး လွှင့်ထုတ်ခဲ့တယ်။
လဲမှို့တွေဟာ ရပ်နေမှာ မဟုတ်ဘူး။
သူရောက်ရာအရပ်ကနေ
ဆက်လွှင့်သွားနေမှာပဲ၊ ဒကာမက
ဒကာမပြောခဲ့တာတွေ မမှန်ပါဘူးလို့
လူဘယ်နှစ်ယောက်လောက်ကို
လိုက်ရှင်းပြနိုင်မှာလဲ…?

ဒေါ်ဘုတ်ဆုံ အဖြေပေးရန် စကားမရှိ၊
ဝမ်းနည်းစွာ သူ့အမှားတွက် ရှိုက်ငိုနေလေရဲ့…

___________________________________
အသိနည်းသော လူမိုက်သည်…
>သူတစ်ပါးတို့၏ အပြစ်ကို မြင်လွယ်၏။
>မိမိ၏ အပြစ်ကိုကား မြင်နိုင်ခဲ၏။
ထိုသူသည် ဖွဲကို လွှင့်သကဲ့သို့ သူတစ်ပါးတို့၏
အပြစ်ကို လွှင့်၏။

စဉ်းလဲ ကောက်ကျစ်သော ငှက်မုဆိုးသည်
မိမိကိုယ်ကို သစ်ရွက် ချုံနွယ်စသည်ဖြင့် ဖုံးကွယ်သကဲ့သို့
မိမိ၏ အပြစ်ကို မုကား ဖုံကွယ်၍ ထား၏။
(ဓမ္မပဒ၊၁၈-မလဝဂ်၊ မဏ္ဋကသေဋ္ဌိဝတ္ထု )

အကြင်သူသည်
>သူတစ်ပါးတို့၏  ကြမ်းတမ်း ဝန်တို မလိုသော
စကားတို့ကို နှလုံးမသွင်းအပ်။
>သူတစ်ပါး၏ ကောင်းသောအမှု၊ မကောင်းသောအမှု
ပြု မပြုကို မကြည့်ရှု မဆင်ခြင်ရာ။

မိမိ၏ ကောင်းသောအမှု၊ မကောင်းသောအမှု ပြု မပြုကိုသာ
လျှင် ကြည့်ရှု ဆင်ခြင်ရာ၏။

(ဓမ္မပဒ)

#Credit    မြို့မ ကြယ်တာရာ
                 *****************
                                  S.G.

ပြန်လည်မျှဝေပေးပါသည်။

No comments:

Post a Comment