Sunday, August 4, 2019

ကတ်ကြေးလို လူမျိုး နဲ့…ချုပ်အပ်လေးလို လူမျိုး

ပုံပြင် တစ်ပုဒ် ပြောပြမယ်နော်… … နားထောင်

တခါက…အိမ်တကာလှည့်ပြီး လက်ခစား အဝတ်ချုပ် တဲ့အလုပ်ကို လုပ်တဲ့ အဝတ်ချုပ်သမား တစ်ယောက် ရှိတယ်။ တနေ့တော့ သူဟာ သူဌေးကြီးတစ်ဦးရဲ့အိမ် မှာ ဝတ်စုံတစ်စုံချုပ်ပေးဖို့ အလုပ်အပ်နှံခြင်း ခံရသတဲ့။

ဒါနဲ့… သူဌေးကြီးထံကနေ သူချုပ်ပေးရမယ့် အဝတ်စ ကို တောင်းယူပြီးတဲ့အခါ၊ ပြောင်လက် တောက်ပပြီး တန်ဖိုးကြီး ပေးရတဲ့ ကတ်ကြေးတစ်လက်နဲ့ အဝတ်စ ကို လိုအပ်သလို ကိုက်ဖြတ် လိုက်တယ်။ပြီးတာနဲ့ အဲဒီ ကတ်ကြေးကိုသူ့ခြေထောက်နားမှာ ချထား လိုက်တယ်တဲ့။

အဲဒီနောက်တော့…အပ်သေးသေးလေးနဲ့ အပ်ချည်ကြိုး အချို့ကို ထုတ်လိုက်ပြီး၊ ခုနက အပိုင်းပိုင်း ဖြတ်ထားတဲ့ အဝတ်စတွေကိုစတင်ချုပ်လုပ်တော့သတဲ့။

အချိန်အတော် ကြာလို့ လှပ သေသပ်တဲ့ ဝတ်စုံကို ချုပ်လုပ်ပြီးတဲ့ အခါမှာတော့… သူဟာ… အဝတ်ချုပ်တဲ့ အပ်လေးကို သူ့ခေါင်းမှာ ဆောင်းထားတဲ့ ဦးထုပ်မှာ တရိုတသေနဲ့ ပြန်ပြီး ထိုးထားလိုက်လေတယ်။

ဒီတော့…သူ့ရဲ့လုပ်ပုံကိုင်ပုံကိုအစအဆုံးစောင့်ကြည့် နေတဲ့သူဌေးကြီးက မနေနိုင်တော့ပဲသူ့ကိုမေးတယ် … …

“မိတ်ဆွေ…တန်ဖိုးကြီးပြီး တောက်ပြောင်လှပတဲ့ ကတ်ကြေးကိုတော့ သင့်ခြေထောက်ရင်းမှာ ထားပြီး၊ ဘာမဟုတ်တဲ့ တန်ဖိုးနည်း အပ်လေး ကိုတော့… ဘာဖြစ်လို့ သင့်ဦးခေါင်းထက်မှာ တရိုတသေထိုးပြီး… သိမ်းဆည်း ရတာပါလဲ”

စက်ချုပ်သမားက သူဌေးကြီးကို ပြုံးပြလိုက်ပြီး ရှင်းပြတယ်… …

“အရှင်သူဌေးမင်း…ကတ်ကြေးဟာတောက်ပြောင် လှပ ပြီး တန်ဖိုးကြီးပေးရတာ မှန်ပါတယ်၊ ဒါပေမယ့် သူက အဝတ်စတွေကို အပိုင်းပိုင်း ကိုက်ဖြတ်တာပဲလုပ်တယ်၊

အပ်ကလေးကတော့ သူနဲ့ဆန့်ကျင်ဘက်ပါ၊သူက… အမြင် မလှမပနဲ့ တန်ဖိုးလည်းနည်းတယ်။ဒါပေမယ့် အပိုင်းပိုင်း ဖြစ်နေတဲ့ အဝတ်စတွေကို ပေါင်းစီးပေးနိုင် ပြီး သေသပ် လှပတဲ့ ဝတ်စုံ တစ်စုံအဖြစ် ဖန်တီး ပေး နိုင်တယ်၊ ကျနော့်အတွက်တော့ အပ်ကလေး ဟာ ကတ်ကြေးထက်ပိုပြီး အလေးအမြတ်ထားရမယ့်ပစ္စည်း တစ်ခု ဖြစ်ပါတယ် သူဌေးမင်း”

ပြီးတော့ အပ်ချုပ်သမားက ဆက်ပြောတယ်… …

“ပစ္စည်းတွေရဲ့တန်ဖိုးကို သတ်မှတ်တဲ့အခါ သူ့ကို… ပေးချေ ရတဲ့ငွေကြေးနဲ့ မပိုင်းဖြတ်ပါဘူး၊ အဲဒီပစ္စည်း… ဟာ လောကကြီးအတွက်၊ ဘယ်လောက်တောင်… အသုံးဝင်သလဲဆိုတဲ့အပေါ် မူတည်ပြီး သတ်မှတ် ရပါတယ်”… တဲ့။

ပုံပြင်လေးးကတော့ ဒီလောက်ပါပဲ…

ကျနော်တို့တွေလည်း လောကအလယ်မှာ ရုန်းကန် လှုပ်ရှားရင်း ဘဝတွေကို ဖြတ်သန်းကြတဲ့အခါ…
လူ နှစ်မျိုး နှစ်စား နဲ့ တွေ့နိုင်ပါတယ်။

ကတ်ကြေးလို လူမျိုး နဲ့…ချုပ်အပ်လေးလို လူမျိုး

စည်းလုံးညီညွတ်မှုတွေကို ဖြိုခွဲဖျက်စီးနိုင်တဲ့၊ အရာရာ ကို ကိုက်ဖြတ်ပိုင်းစုတ်နိုင်တဲ့ ကတ်ကြေးလို လူမျိုးတွေ ကို သတိထားရှောင်းရှားကြရမယ်…
 ….
လောကလူ့ရွာ အတွက် ကောင်းကျိုးပြုပြီး စည်းလုံး ညီညွတ်မှုကို ဆောင်ရွက်နိုင်စွမ်းတဲ့ ချုပ်အပ်လေး လို… လူမျိုးကို ပေါင်းသင်းဆက်ဆံ တန်ဖိုးထား ရမယ်….

စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ပြည့်စုံပါစေ… ….
#Credit_ပုံပြောတဲ့ဖေဖေ

No comments:

Post a Comment