Saturday, March 18, 2017

သူ့ကုသိုလ်

သူ့ကုသိုလ် (မစန္ဒာ)
-----------------------

သူတို့မှာ မောင်နှမ ငါးယောက် ရှိသည်။

ပြောရမှာတော့ သိပ်မကောင်း။

ကိုယ့်ပေါင် ကိုယ်လှန် ထောင်းသည်သို့ ရှိမည်ကို သိသော်လည်း ခပ်သာသာ ခပ်ဖွဖွလေးတော့ ထောင်းချင်သေးသည်။ အဲ ... ပြောချင်သေးသည်။

တစ်အူထုံ့ဆင်း မောင်နှမအရင်း ခေါက်ခေါက်တွေ ဖြစ်သော်လည်း အသက်တွေ ကြီးလာတော့ တစိမ်းတွေကလည်း အသီးသီး ဖက်လာကြပြီ မဟုတ်လား။

* * *

မောင်နှမ ငါးယောက်တွင် သူက အလယ်တည့်တည့် နံပါတ်သုံး ဖြစ်လေသည်။

သူ့အထက်တွင် အစ်ကိုတစ်ယောက်၊ အစ်မတစ်ယောက်၊ သူ့အောက်တွင် ညီတစ်ယောက်၊ ညီမတစ်ယောက် စုပေါင်းတော့ ငါးယောက်။ ထိုငါးယောက်၏ ယောက်ျားတွေ မိန်းမတွေကို ထည့်တွက်လိုက်တော့ ဆယ့်တစ်ယောက် ဖြစ်သည်။ တကယ့် တကယ်က ဆယ်ယောက်သာ ဖြစ်သင့်သော်လည်း သူ့ညီက မိန်းမ နှစ်ယောက်ကို တစ်ပြိုင်နက်တည်း ယူထားသောကြောင့် တစ်ယောက် ထပ်တိုးပြီး ဆယ့်တစ်ယောက် ဖြစ်သွားခြင်း ဖြစ်သည်။

ထို ဆယ့်တစ်ယောက်က ပါးစပ် ဆယ့်တစ်ပေါက် ရှိလေတော့ လေသံ ဆယ့်တစ်မျိုး ထွက်လေသည်။ မယားညီအစ်ကိုချင်း၊ လင်ညီအစ်မချင်း၊ ယောက်ဖချင်း၊ ယောက်မချင်း စကားပြော အဆင်မပြေတာလေးတွေ ရှိသည်မှအစ တစ်ခါတစ်ရံတော့ မောင်နှမချင်းပင် ခပ်တန်းတန်း ဖြစ်ချင်သည်။

သူကတော့ မောင်နှမ ငါးယောက်တွင် အလယ်နေရာ ရထားသူမို့ အကြီး နှစ်ယောက်နှင့်လည်း သိပ်မတွဲဖြစ်၊ အငယ် နှစ်ယောက်နှင့်လည်း သိပ်မတွဲဖြစ်ဘဲ ကြားတွင် ချောင်နေလေသည်။ စီးပွားရေးအားဖြင့်လည်း သူက မပြေလည်ဆုံး ဆိုတော့ ကိုယ့်အားငယ်စိတ်နှင့် ကိုယ် ခပ်အေးအေး နေတာလည်း ပါမည် ထင်သည်။ မိန်းမချင်း ယှဉ်လိုက်လျှင်လည်း သူ့မိန်းမက အရိုးသားဆုံး အအေးဆုံး ဖြစ်မည် ထင်သည်။

စကားလှအောင် ရိုးသည်၊ အေးသည်ဟု ပြောရသော်လည်း အသည်၊ နသည်ဟု ပြောရလျှင် ပိုပြီး မှန်လိမ့်မည် ထင်သည်။ အစ်ကိုကြီး၏ မိန်းမက အလယ်တန်းပြ ဆရာမ ဖြစ်သည်။

ညီငယ်၏ မိန်းမကြီးကတော့ ကြုံလျှင် ကြုံသလို ပွဲစားလုပ်သည်။ စိန်ပွဲစား၊ ရွှေပွဲစား၊ ကားပွဲစား၊ အိမ်ပွဲစား၊ မြေပွဲစား၊  ဘာပစ္စည်း ရောင်းမည် ကြားကြား သူက နားစွင့်ထားတတ်သည်။ ဘာပစ္စည်း လိုချင်သည် ပြောပြော သူက ဆက်သွယ်ပေးတတ်သည်။

ဒါကလည်း တကယ့်ပညာ တစ်မျိုးပင်။ ဒီလို ပညာမျိုးကို ဘယ်တက္ကသိုလ်ကမှ သင်ပြီး ဘွဲ့ပေးလိုက်သည် မဟုတ်။ သူ့ပါရမီနှင့် သူမှ လုပ်ကိုင်တတ်ခြင်း ဖြစ်သည်။

မိန်းမအငယ်ကတော့ ငွေမရှာတတ်သော်လည်း အထိန်းအသိမ်း၊ အချက်အပြုတ် ကောင်းသည်။ ကြက်တစ်မယ်တည်းကို ဆီပြန်ဟင်းရော၊ အစိမ်းကြော်ရော၊ ဆယ့်နှစ်မျိုးဟင်းချိုရော ရအောင် ချက်တတ်သည်။ ကိုယ့်အင်္ကျီ ကိုယ် ချုပ်ဝတ်သည်။ လင်လုဖက်ချင်း ဆိုတော့ အကြီးနဲ့ အငယ် တစ်ခါတစ်ရံ သတ်ကြ၊ ပုတ်ကြသော်လည်း တစ်ခါတစ်ရံတော့ အကြီးအတွက် အင်္ကျီကို အငယ်က ကော်ကပ်ပြီး အကျအန ချုပ်ပေးတတ်သည်။ အကြီးကလည်း "ငါ့ညီမချုပ်တဲ့ အင်္ကျီက သိပ်ပြီး ပုံကျတာ" ဟု လေချိုလေးနှင့် ခိုင်းတတ်သည်။

"မိန်းမကိုက ရှစ်စပ်က လည်နေတာ" ဟု အစ်ကိုကြီး၏ မိန်းမက ကွယ်ရာမှာ မှတ်ချက်ချဖူးသည်။ ဆရာမ မပီသဘူးပဲ ဆိုဆို၊ ရှစ်စပ်ကလည်သည် ဆိုဆို သူတို့က ဝင်ငွေ အသီးသီး ရှာတတ်ကြတော့ ဝတ်သား တစ်ပိဿာ သုံးဆယ်ဈေး၊ ဆီတစ်ပိဿာ လေးဆယ်ဈေး၊ ဆန်တစ်တင်း တစ်ရာဈေးတွေကို ရင်ဆိုင် နိုင်ကြသည်ကတော့ အမှန်ပင်။

ခက်သည်က အိမ်ကမိန်းမ ဖြစ်သည်။ အစ်ကိုကြီး မိန်းမလို ဘွဲ့ရပညာတတ်လည်း မဟုတ်။ ညီငယ် မိန်းမအကြီးလို လည်လည်ဝယ်ဝယ်လည်း မဟုတ်။ အငယ်လို အချက်အပြုတ်၊ အချုပ်အလုပ်လည်း မကောင်း။ အိမ်မှာ ကုန်စုံဆိုင်လေး ဖွင့်ထားတုန်းကလည်း မှန်မှန်ကန်ကန် တွက်ချက်ပြီး ငွေမအမ်းတတ်။ ဝယ်သူများကလည်း လိုလျှင်သာ လာပြန်တောင်းသည်။ ပိုသွားတော့ ဆယ်ယောက်လျှင် တစ်ယောက်ပင် လာပြန်ပေးသည် မဟုတ်။ သည်လိုနှင့်ပင် တစ်နေ့ တစ်နေ့ ငွေလေးငါးခြောက်ကျပ် ပျောက်ကာ အရင်းပြုတ်ခဲ့ရသည်။

သူ့လခ ရှိနေသော်လည်း သားသမီးက သုံးယောက် သူတို့က နှစ်ယောက် ဆိုတော့ မိန်းမက အပျိုဘဝက ကြက်သား ဝက်သား ချက်တတ်ခဲ့ရင်တောင် မေ့ပြီထင်ပ။ အပိုဝင်ငွေ မရှိပါဘဲလျှက် ကြက်သားမှ ချက်ချင်သော မိန်းမနဲ့ ရလျှင်လည်း အခက်ပင်။ ဒီတော့ မိန်းမ မချက်တတ်တာကိုပင် ကြံဖန်ပြီး ကိုယ့်ဘဝကိုယ် ကျေနပ်နေရ လေသည်။

သူ့မိန်းမက ပညာ မတတ်သော်လည်း အပိုစကား သိပ်မပြောတတ်၊ မညည်းညူတတ်။ ပါးစပ်ကလေး တစ်ပေါက်ထဲနှင့်ပင် တော်လေးဝ ဝင်နေပြီဟု သူကကြံဖန်ပြီး ဂုဏ်ယူချင်သည်။

ဒီလို အရည်ချင်းမျိုးက မိန်းမတစ်ရာလျှင် တစ်ယောက်ရှိလျှင် ကံကောင်း။ ဒီလို မညည်းညူ တတ်သော ပါးစပ်က ညည်းလာပြီ ဆိုလျှင်တော့ အတော်လေး အခြေအနေ ဆိုးနေပြီကို သိသာနိုင်သည်။

"အိမ်မှာတော့ အကုန် ပြတ်နေပြီ အစ်ကို၊ ဆီစာအုပ် ပေါင်ရအောင်ကလဲ နောက်လကျရင် သကြားလေး၊ ဆပ်ပြာလေး၊ ရေနံဆီလေးများ ရနေရင် နှမြောစရာ"

နံနက်တုန်းကတော့ မြင်းခွါရွက်များကို ပါးပါးလှီးနေရင်း ခပ်တိမ်တိမ် ပြောသည်။ "မြင်းခွါရွက်သုပ်ကို ဆီချက်ကလေး များများထည့် သုပ်စမ်းပါကွာ" ဟု ပြောမလို့ ပြင်ထားသော ပါးစပ်ပင် အလိုလို ပိတ်သွားသည်။ အသည်ဟု ဆိုရသော်လည်း မိန်းမက ပြည်သူ့ဆိုင်မှ ရံဖန်ရံခါ ရတတ်သော ဒူးယား၊ နို့ဆီ၊ သကြား၊ ရေနံဆီ စသည်များကို အမြတ်နှင့် ပြန်ပြီး ရောင်းစားတတ်သည်။

ဒါကလည်း ထူးထူးခြားခြား ကြိုးပမ်းစရာ မလိုပေ။ ဆိုင်ရှေ့တွင်ပင် အမြတ်ပေး ကောက်သူများက အဆင်သင့် ရောက်နေတော့ သူတို့လက်ထဲ ပစ္စည်းထည့်ပြီး သူတို့ ပေးသောငွေ ယူလာရုံသာမို့ တပင်တပန်း လာစောင့်နေသူများကို "ကျေးဇူးတင်စရာ ကောင်းလိုက်တာ အစ်ကိုရယ်" ဟု တစိမ့်စိမ့် ကျေးဇူးတင်နေတတ်သူ ဖြစ်လေသည်။

"သမီးဖိနပ်လဲ ပြတ်ခါနီးပြီ အဖေ"
"နင်ကလဲ ပြတ်လိုက်ရတဲ့ ဖိနပ်၊ ကျောင်းမှာ ဆာတိုင်း မီးဖုတ် စားနေတာလား"

သားအငယ်က ဝင်ပြောသည်။

"အမယ်လေးဟဲ့၊ ဖိနပ်မီးဖုတ်များ တော်ရုံတန်ရုံ ချမ်းသာရုံနဲ့ စားနိုင်မယ် ထင်လို့လား၊ ဖိနပ်တစ်ရန် တစ်ဆယ်၊ ဆယ့်ငါးကျပ် အောက်ထစ် ပေးနေရတာ၊ မီးဖုတ်ပြီး စားရက်ပါ့မလား၊ ပါးစပ်သနလို့ မဟုတ်ဘူး၊ ဖိနပ်ကို နှမြောလို့"
"နင်ကတော့ လုပ်ပြီ"
"ဟုတ်တယ်၊ ဖိနပ်တွေကလဲ တမင်များ မခိုင်အောင် လုပ်ထားသလား မသိပါဘူး၊ တဖတ်ဖတ် ပြတ်ထွက်နေတာပဲ၊ ခိုင်တဲ့ ဖိနပ်တွေကျတော့ ဈေးက ခေါင်ခိုက်၊ ဇီးဘရားဆို ငါးဆယ်ကျော်၊ ဝိတ်တာ ဆိုရင် တစ်ရာကျော်"
"အင်း ... မီးဖုတ်ပြီး စားလိုက်ရရင်တော့ တော်တော် မြိန်မယ်"
"အေး ... ငါ သူဌေးဖြစ်မှ ကျွေးမယ်"

မောင်နှမ နှစ်ယောက် စကားနိုင် လုနေချိန်ဝယ် သူက အပျိုအရွယ် သမီးငယ်ကို ငေးကြည့်နေမိသည်။ မိန်းကလေး တစ်ဦးအတွက် ဆံပင်မှ ခြေထောက်အထိ ခေတ်နှင့်အညီ ဝတ်ဆင်နိုင်ရင် ဘယ်နှစ်ရာများ ကုန်လေမည်နည်းဟု စဉ်းစားကြည့်မိတော့ ခေါင်းကိုက်ချင် သလိုလို ဖြစ်လာသည်။

"ထောပတ်ကလေးပါ သုတ်ကျွေးဟာ"
"အေး ... ထောပတ် တစ်ပေါင် တစ်ရာ မဖစ်ြသေးရင်တော့ သုတ်ပေးမယ်"

သူတို့ မောင်နှမတွေလည်း ငယ်ငယ်တုန်းကတော့ အခုလို ချစ်ချစ်ခင်ခင်ပင် ဖြစ်သည်။ အသက်တွေ ကြီးလာတော့လည်း ကိုယ့်အလုပ်နှင့်ကိုယ် ကိုယ့်အိမ်ထောင်နှင့်ကိုယ် ဖြစ်ပြီး အနေတွေ ဝေးပြီး စိမ်းကုန်သည်။

"အင်း ... လူဆိုတာ အသက် ငယ်တုန်းတော့ သဘောကြီးပြီး အသက်တွေလဲ ကြီးလာရော စိတ်သဘောတွေလဲ တစ်နေ့တခြား နုလာကုန်ရော ထင်ပါရဲ့"

သူကတွေးရင်း စိတ်မကောင်း ဖြစ်မိသည်။ သူတို့ ညီအစ်ကို သုံးယောက်သည် ငယ်ငယ်တုန်းက ထွေးလုံးရစ်ပတ်၊ သတ်ပုတ် ဆော့ကစားပြီး ဖက်လဲတကင်း နေခဲ့သော်လည်း အခုတော့ ကိစ္စ အထွေအထူး မရှိလျှင်တော့ တစ်ဦးနှင့်တစ်ဦး မတွေ့ဖြစ်ကြတော့ပေ။ 

အစ်ကိုကြီးကလည်း ညီငယ်ကို ခပ်တည်တည် နေသည်။ သူ့မိန်းမကို "အသပြာ ဆရာမ" ဟု ပြောသောကြောင့် ဖြစ်သည်။ ညီငယ်ကလည်း "ကျွန်တော့ဟာ ကျွန်တော် မိန်းမ ဘယ်နှယောက် ယူယူပေါ့ဗျာ၊ ကိုယ့်ဇာတ် ကိုယ်နိုင်လို့ ကတာပဲဟာ၊ ခုတော့ အိမ်လာရင် ဟို ပညာတတ် မိန်းမကြီးက 'နင်မို့လို့  ဒီလို အဖြစ်ခံတယ်၊ ငါသာဆိုရင် မယားငယ်မ ပါးချပြီး အိမ်ပေါ်က ဆွဲချမယ်' လို့ အကြီးမကို သွားပြီးပြော၊ အငယ်ကို ကျပြန်တော့လဲ 'ဟိုက ဆွဲထားတော့ ဆွဲကြိုးအတုတ်၊ နင့်လည်ပင်းကျတော့ ပါးပါးမှုန်မှုန်လေး ပါလားဟဲ့' လို့ ပြောလိုပြော၊ တယ်ပြီး ဇာတ်ရှုပ်စေချင်တယ်" ဟု မကျေမနပ် ပြောပြီး အစ်ကိုကြီးနဲ့ ခပ်တန်းတန်း နေလေသည်။

သူကလည်း သူ့မိန်းမ မလည်လို့ တကယ် အေးသည်မှာ မှန်သော်လည်း"ဒီမိန်းမကတော့ ခပ်နုံနုံ ခပ်ဖျင်းဖျင်းပါကွာ" ဟူသော မှတ်ချက်ကို ကြားနေရတော့ မခံချိ မခံသာ ဖြစ်မိသည်မှာ အမှန်ပင်။ ဒါကြောင့်လည်း သိပ်အဝင်အထွက် မလုပ်တော့ပဲ ခပ်အေးအေး ခပ်စိမ်းစိမ်းပင် နေမိတော့သည်။ ခု ငွေလိုပြန်တော့ အစ်မကြီးဆီပဲ သွားရဦးမယ် ထင်ပါတယ်။

"ငွေက တစ်ရာ့ငါးဆယ်လောက်တော့ လိုမယ် ထင်တယ်၊ ရုံးမှာ ချေးလို့ ရဦးမလား"
"မလွယ်တော့ဘူးကွ"
"ဒီလိုဆို ဆီစာအုပ်ပဲ ပေါင်ရဦးတော့မလား မသိပါဘူး"
"နက်ဖြနကျရင် အစ်မကြီးဆီ သွားကြည့်လိုက်ဦးမယ်လေ"

သူက လေသံ ပျော့ပျော့နှင့် ပြောသည်။ အစ်မကြီးက ကပ်စေးနှဲ သော်လည်း မောင်တွေ၊ ညီမတွေ အကူအညီ လာတောင်းလျှင် ကြောင်တောင်ကြည့် နိုင်သူတော့ မဟုတ်ပေ။ တစ်ရာတောင်းလျှင် ငါးဆယ်လောက်တော့ ညည်းညည်းညူညူနှင့် ထွက်လာတတ်သည်။

သူက ညည်းညူလွန်းတော့ ယူရသူမှာ မျက်နှာလည်းပူ၊ စိတ်လည်း ညစ်မို့  ကျေးဇူးတင်ရမည်ကို မေ့သွားတတ်သည်။ ပြီးခဲ့သော နှစ်က အကြီးကောင် အသားဝါ ရောဂါ ဖြစ်တုန်းက အစ်မကြီးဆီကပင် ငွေနှစ်ရာ သွားချေးခဲ့ရသည်။ ချေးသည်ဟု စကားလှအောင် သုံးသော်လည်း ပြန်မဆပ်သော ချေးခြင်းမျိုး ဖြစ်ကြောင်းကို အစ်မကြီးရော၊ သူရော နားလည်ပြီးသားတော့ ဖြစ်သည်။

အစ်မကြီးက သူတောင်းသော ငွေနှစ်ရာကို ပေးသော်လည်း ထုံးစံအတိုင်း ညည်းလေသည်။ သူက ငွေနှစ်ရာကို အိတ်ထဲထည့်ရင်း "နောက်များဆိုရင် ဘာဖြစ်ဖြစ် လာမတောင်းတော့ဘူးကွာ" ဟု ဆုံးဖြတ်ချက် ချမိသည်။

"အင်း ... ဆုံးဖြတ်တုန်းကတော့ ဆုံးဖြတ်တာပဲ၊ ဒါပေမယ့် အရေးဟဲ့၊ အကြောင်းဟဲ့ ဆိုရင် ငါ့မှာ ဒီအစ်မကြီးက လွဲလို့ တောင်းစရာမှ မရှိတာဘဲ"

သူကတွေးရင်း သက်ပြင်းချမိသည်။ အစ်ကိုနျင့် ညီက သူ့ထက် ချောင်ချောင်လည်လည် ရှိသော်လည်း တောင်းဖို့ စိတ်ကူးထဲပင် သိပ်မထည့်ရဲ။ သူတို့မိန်းမတွေ မသိဘဲလည်း သူတို့က ပေးလိမ့်မည် မထင်။ ညီမကတော့ သူ့ယောက်ျားကို သူ အတော် ကြောက်ရသည်။ နောက်ပြီး သူတို့မှာလည်း ကလေးက လေးယောက်နှင့်မို့ စားမလောက်။

ဒီကြားထဲ သူ့သားကြီးက ဆယ့်ခုနစ်နှစ်သားနှင့် မိန်းမခိုးပြီး အဖေ အမေ အိမ်တွင် သောင်တင်နေတော့ ညီမသည် သူတို့ မောင်နှမ လေး(ငါး?)ယောက်တွင် အငယ်ဆုံး ဖြစ်သော်လည်း အရင်ဆုံး မြေးထိန်းရသူ ဖြစ်သည်။ နဂိုကမှ ကျပ်တည်းရသည့်အထဲ ချွေးမရော၊ မြေးပါ ပိုလာတော့ သူ့ယောက်ျားခမျာ ညဘက်ထွက်ပြီး သုံးဘီး မောင်းရသေးသည်။

ဒီကြားထဲ သူက သွားတောင်းလျှင် ယောက်ျားအပေါ် မျက်နှာငယ်ရုံသာ ရှိမည်။ ပေးချင်စိတ် ရှိလျှင်တောင် ပေးနိုင်ဖို့တော့ သိပ်မလွယ်ပေ၊ ဒီတော့လည်း ဘာမှ မတတ်နိုင်။ ယခင်က ဆုံးဖြတ်ထားသော ဆုံးဖြတ်ချက်ကလေးကို လေထဲသို့ လွှင့်ပစ်လိုက်ပြီး အစ်မကြီးဆီ သွားတောင်းဖို့ပင် ရှိတော့သည်။

* * *

"ရေချိုးနေတယ် ဦးလေး"

အစ်မကြီးဆီ ရောက်တော့ ဧည့်ခန်းထဲတွင် ဂစ်တာ တီးနေသော သားအကြီးဆုံးက ဆီးပြောသည်။

"အေးကွာ ... ချိုးပါစေ၊ အေးအေးဆေးဆေးပေါ့"

သူက ဧည့်ခန်းထောင့်မှ ကြိမ်ကုလားထိုင်တွင် ထိုင်ပြီး စားပွဲပေါ်တွင် တွေ့သော သတင်းစာကို ကောက်ကာ အပြန်ပြန် အလှန်လှန် ဖတ်နေလိုက်သည်။ ဖတ်သည် ဆိုသော်လည်း မျက်စိကသာ ကျော်ကာ၊ လွှားကာ ဖတ်နေခြင်း ဖြစ်သည်။ ဦးနှောက်ထဲကို ရောက်သည်တော့ မဟုတ်ပေ။ အစ်မကြီး အကြောင်းကို တွေးနေမိသောကြောင့် ဖြစ်သည်။

အစ်မကြီး၏ ခင်ပွန်းသည် ဆုံးသွားသည်မှာ သုံးနှစ်ကျော်ပြီ ဖြစ်သော်လည်း မဆုံးမီက အရှိန်အဝါအရ အပေါင်းအသင်း များပြီး အရှာအဖွေ ကောင်းသူဆိုတော့ အတော်ကလေး သုံးနိုင်စွဲနိုင်၊ စုဆောင်းနိုင်ခဲ့လေသည်။

အင်းလျားလမ်းတွင် တစ်ထပ်တိုက်ကလေး တစ်လုံး ရှိသည့်အပြင် ပါရမီတွင်လည်း ခပ်ချောင်ချောင် ရလိုက်သော မြေတစ်ကွက် ရှိသေးသည်။ ခင်ပွန်းဖြစ်သူ ရုတ်တရက် ဆုံးသွားတော့ အစ်မကြီးသည် ရင်ကို စုံထုကာ လူးလဲငိုခဲ့သော်လည်း ကြာရှည်တော့ ငိုမနေပေ။ တစ်လလောက် နေတော့ မျက်ရည် သုတ်ခဲ့သည်။

နေမည်ဟု စိတ်မကူးခဲ့သော အတိုင်း ပါရမီက မြေကလေးတွင် ပျဉ်ထောင်အိမ် သင့်သင့်လေးတစ်လုံး အမြန် ဆောက်ခဲ့သည်။ အိမ်ပြီးသည်နှင့် နေလက်စ အင်းလျားလမ်းက အိမ်ကို ပြန်လည် ပြုပြင်ပြီး သံရုံးငှားရန် စီစဉ်ကာ ပါရမီသို့ သားအမိ လေးဦး ပြောင်းလာခဲ့ကြလေသည်။ လုပ်သင့်လုပ်ထိုက်သည်များကို အကွက်စေ့စေ့လေး လုပ်ခဲ့သဖြင့် တိုက်လခ တစ်လသုံးထောင်နှင့် ချောင်ချောင်လည်လည်လေး နေနိုင်ခဲ့သည်။

သူတို့အိမ်ကို ကြည့်။ ရေခဲသေတ္တာနှင့်၊ ရုပ်မြင်သံကြားနှင့်၊ တယ်လီဖုန်းနှင့်၊ ဇာခန်းဆီးနှင့် သပ်သပ်ရပ်ရပ် လျလှပပ ရှိသည်။ အိမ်ပြောင်းရသည့် နေ့က အစ်မကြီး၏ သမီး သူ့တူမငယ်က "ကျွန်မတို့ ဆင်းရဲသွားပြီ ဦးလေးရဲ့" ဟု ဝမ်းနည်းပန်းနည်း ပြောပြီး မျက်ရည်ကျတာ မြင်တော့ သူက "ငါသာ နင်တို့ ဆင်းရဲသလောက် ချမ်းသာရရင် ဘယ်လောက် ကောင်းလိုက်မလဲ" ဟု ပြောချင်လိုက်သည်မှာ ပါးစပ်ပင် ယားနေသည်။

ခဏနေတော့ အစ်မကြီး ထွက်လာသည်။ "ပေါ်မလာတာ ကြာပါရော့လား၊ တစ်အိမ်လုံး နေကောင်းကြရဲ့လား" ဟု မေးတော့ "ဟိုတစ်ခါ သား နေမကောင်းလို့ ငွေယူဖူးတာကို သတိပေးပြီး ပြောတယ် ထင်ပါရဲ့" ဟု မလုံမလဲ တွေးမိသေးသည်။ သူကသာ စိတ်မလုံသော်လည်း အစ်မကြီးက ရိုးရိုးပြောသူမို့ "ထမင်းစားပြီးမှ ပြန်နော်" ဟု တစ်ဆက်တည်း ပြောသည်။

"ဆင်းရဲပါပြီ" ဟု ညည်းနေသော်လည်း အစ်မကြီးတို့က ဆိတ်သား၊ ကြက်သား၊ ငါးမြင်း၊ ငါးကြင်း၊ အစိမ်းကြော်၊ ယိုးဒယားဟင်းချို၊ တညင်းသီးပြုတ် တို့စရာ စသည်တို့ကို နေ့စဉ် မထပ်အောင် အမျိုးမျိုး စားလေတော့ သူက ပွဲတော်တိုးသကဲ့သို့ ထမင်း မြိန်လှသည်။

တူတွေ၊ တူမတွေ စားပြီးသွားကြပြီး အစ်မကြီးနှင့် နှစ်ဦးတည်း ကျန်ခဲ့သော အခါမှ "အရေးတကြီး လိုနေလို့ ငွေတစ်ရာ့ငါးဆယ်လောက် လှည့်ပါဦးဗျာ" ဟု ခပ်တိုးတိုး ကျိတ်ပြီး ပြောရသည်။ သူ ရောက်လာကတည်းက "ငွေလိုပြန်ပြီ ထင်ပါရဲ့" ဟု တွေးမိပြီး ဖြစ်သောကြောင့် အစ်မကြီးက သက်ပြင်းလေး မသိမသာ ချသည်။ "အင်း" ဟူ၍ ခေါင်းညိတ်သော်လည်း မျက်နှာက ခပ်ပျက်ပျက်ဟု သူ ထင်သည်။

"နင်တို့ အားလုံးက ငါ့ကို သူဌေးလို့ ထင်နေကြတယ်၊ ငါ့မှာဖြင့် တစ်လ တစ်လ အလျဉ်မီအောင် မနည်း သုံးနေရတာ၊ အိမ်စရိတ်က သေးတာ မဟုတ်ဘူး"

အစ်မကြီးက စ၍ ညည်းလေသည်။

"နင့်တူ အကြီးကောင်က စတီရီယို အဆိုတော် ဖြစ်ချင်လို့တဲ့လေ၊ စီးရီး ထုတ်ချင်လို့ ငွေသုံးသောင်းလောက် ထုတ်ပေးပါတဲ့၊ အရေးဆိုနေတယ်"
"အင်း"
"အငယ်ကောင်ကျတော့ တစ်မျိုး၊ စူပါကတ် စီးချင်လို့တဲ့"
"ဟုတ်လား"
"သမီးလေးကျတော့ ပညာ အေးအေးဆေးဆေး သင်၊ ဘွဲ့လေးတစ်လုံး အေးအေးဆေးဆေး ရလို့ လိမ္မာပါရဲ့၊ ဒါပေမယ့် သူကြိုက်နေတဲ့ ကောင်လေးရဲ့ အဖေက ရာထူးလက်ရှိ မဟုတ်လားကွယ်၊ ဟိုအရင်တုန်းကတော့ သူတို့ရဲ့ သားနဲ့ သမီးကို သဘောတူလိုက်တာ ဖျပ်ဖျပ်ကို လူးလို့၊ ဒါပေမယ့် သမီးတို့ အဖေဆုံးသွားတော့ ထွေလီကာလီတွေ ပြောလာတာပေါ့ဟယ်၊ သတင်းစာထဲ ထည့်ပြီး မစေ့စပ်ရသေးပေမယ့် လူတိုင်းသိပြီး ကိစ္စဆိုတော့ ဒီလိုကိစ္စ ပျက်သွားရင် မိန်းကလေးပဲ နာမှာပေါ့၊ ဟုတ်ဖူးလား၊ ဒီတော့ လက်ထပ်ရင်တောင် အစ်မကြီးတို့ မိန်းကလေးဘက်ကပဲ အကုန်အကျ ခံရတော့မယ့် သဘောမျိုး ဖြစ်နေတယ်"
"ဒါတော့ ဘယ်ဟုတ်ဦးမလဲဗျာ"
"မဟုတ်ပေမယ့် ဟုတ်နေတာပဲ ငါ့မောင်ရေ၊ သားသမီး သုံးယောက် ရှိတော့ ကုန်စရာက သုံးမျိုး၊ ငါ့မှာလဲ ဝင်ငွေနဲ့ ထွက်ငွေ မျှတာ မဟုတ်ဘူး" 

အစ်မကြီးက ညည်းညည်းညူညူနှင့် ပိုက်ဆံ ထုတ်ပေးသည်။ သူ့မှာလည်း အစ်မကြီးလိုပင် သားနှစ်ယောက် ရှိသော်လည်း စတီရီယိုရောဂါ၊ စူပါကတ်ရောဂါတွေ ကူးဆက် မလာ၍ တော်တော့သည်။ သို့သော် သည်ရောဂါကလည်း မျက်နှာကြီး ရောဂါမို့ သူတို့လို ခပ်မွဲမွဲကောင်ဆီကို လာဖို့လည်း စိတ်ကူးဟန် မတူပေ။

"မနေ့တုန်းကတောင် မိမျိုး လာသေးတယ်"
"ဟုတ်လား"

မိမျိုးသည် သူတို့ ညီမ အငယ်ဆုံး ဖြစ်သည်။

"သူ့ယောက်ျား သုံးဘီးမောင်းရင်း တိုက်မိလို့တဲ့"
"ဟောဗျာ၊ လူထိသွားသေးလား"
"လူတော့ မထိပါဘူး ဒါပေမယ့် အုံနာကို ကားပြန်ပြင်ပေး ရမှာပေါ့၊ အဲဒါ ပြင်ဖို့ ဆင်ဖို့ ငွေခြောက်ရာတဲ့"
"ပေးလိုက်ရရောလား"
"မပေးလို့ ဘယ့်နှယ် လုပ်မလဲဟဲ့၊ ပေးရတာပေါ့၊ ချေးတာပါ၊ ပြန်ပေးမယ်လို့တော့ ပြောတာပဲ"

အစ်မကြီး ခမျာလည်း ကံမကောင်းရှာ၊ မောင်တွေ၊ ညီမတွေ အရေးဟဲ့၊ အကြောင်းဟဲ့ ဆိုလျှင် သူ့အပြင် ကူညီမယ့်သူလည်း ရှိသည် မဟုတ်။ နောက်ပြီး အကောင်းလည်း အပြောမခံရပေ။ သူ အပါအဝင် ကျန်မောင်နှမများက "ကပ်စေးနှဲ" "ကော်တရာကြီး" "သူ့ပစ္စည်းတွေ သေရင် ယူသွားနိုင်တာ ကျနေတာပဲ၊ ဘာပဲ၊ ညာပဲ" နှင့် ကျိတ်ပြီး စကားတင်း ဆိုကြသေးသည်။

"ကိုတိုး မိန်းမလဲ ခဏခဏ လာတယ်ဟ"
"အကြီးမလား"
"အင်း ... သူပဲပေါ့၊ ဆွမ်းကျွေးရှိလို့၊ မင်္ဂလာဆောင် ရှိလို့နဲ့ ဟိုဟာလာငှား၊ ဒီဟာလာငှား၊ ပြောရင်လဲ မကောင်းဘူး၊ ထဘီ ငှားသွားရင်လဲ ချဉ်ရည်ဟင်း ဖိတ်လိုဖိတ်၊ ဆီစွန်းလိုစွန်းနဲ့၊ အဖိတ်ဖိတ် အစဉ်စဉ်၊ အစွန်းစွန်း အထင်းထင်း ပြန်ပေးတာ၊ ပုလဲပုတီး ငှားသွားတော့ ပြတ်လာတယ်၊ ရင်ထိုး ငှားသွားတော့ ကျိုးလာတယ်၊ ကိုယ်က ပြောပြန်ရင်လဲ အသေးအဖွဲလေးတွေ လိုက်ပြောတယ် ဆိုပြီး ဖြစ်ဦးမယ်၊ ငတိုးက သူ့မိန်းမ ရှေ့ကနေ လက်သီးလက်မောင်း တန်းဦးမယ်"
"ကျွန်တော်တို့ကိုလဲ လူရည် မလည်ဘူး အသလေး၊ နသလေး ပြောမသွားဘူးလား"
"အို ... စိတ်ဆိုး မနေနဲ့ သူတို့ ဝသီ ပဲဟာ"

စိတ်ဆိုး မနေနှင့် ပြောကာမှ စိတ်ဆိုးချင်လာသည်။ အိမ်ကို ပြန်ခဲ့တော့ ငွေတစ်ရာ့ငါးဆယ်နှင့် အတူ ဒေါသမီး အဆွယ်အပွါးလေးလည်း လောင်မြိုက်ပြီး ပါလာလေသည်။ မောင်နှမတွေ စုမိ ဆုံမိလျှင် သူတို့ လင်မယားကို "မိန်းမရော၊ ယောက်ျားရော ခပ်ညံ့ညံ့ပါ" ဟု ပြောဆိုကြမည်ကို စိတ်ကူးနှင့် သိနှင့်နေသောကြောင့် ဖြစ်လေသည်။

"အစ်ကိုတို့ မောင်နှမတွေဟာလေ။ အသက် လေးဆယ်ကျော် ငါးဆယ်ကျော် ဖြစ်နေကြပြီ၊ ဒီအရွယ်မှာ ပိုပြီး ချစ်ချစ်ခင်ခင် နေသင့်တာပေါ့"

သူ့မိန်းမ ပြောတော့ သူ စိတ်မကောင်း ဖြစ်ရသည်။ သူ့မိန်းမမှာလည်း မောင်နှမ အများသားပင်။ သူတို့ထက် တစ်ယောက်ပိုပြီး ခြောက်ယောက် ရှိသည်။ မသင့်မမြတ်၊ မကျေမနပ် စကားများကို မကြားရပေ။ ချစ်ချစ်ခင်ခင် ရှိကြလေသည်။ 

"တစ်နေ့ တစ်နေ့နဲ့ အချိန်တွေ ကုန်တာ သိပ်မြန်တာ အစ်ကိုရဲ့၊ ဘာလိုလိုနဲ့ ကျွန်မတို့ အသက်တွေပဲ လေးဆယ်ကျော်ပြီး ငါးဆယ်နား ကပ်နေပြီ မဟုတ်လား"
"အင်း"
"ဥပုသ်မစောင့်၊ တရားမထိုင် နိုင်သေးရင်တောင် ဒေါသစိတ်ကလေးတွေ ကိုတော့ နည်းနည်း လျော့သွားဖို့ ကောင်းပြီ၊ မေတ္တာစိတ်ကလေးတွေ ပွါးဖို့ ကောင်းပြီနော်၊ သေမင်းဆိုတာ အချိန်မရွေး ရောက်လာတတ်တာ"

မိန်းမ စကားကို ကြားတော့ သူတို့ ငယ်ငယ်တုန်းက အဘိုးတို့၊ အဘွားတို့ လူကြီးတွေ တရား ဆွေးနွေးကြတာကို သတိရမိလေသည်။ "နေ့စဉ်နေ့တိုင်း ရုံးသွားဖို့ပြင်၊ ဈေးသွားဖို့ပြင်၊ ကျောင်းသွားဖို့ ပြင်နဲ့ ပြင်လိုက် ဆင်လိုက်ကြတဲ့ လူတွေလေ၊ သေမင်းနိုင်ငံ သွားဖို့တော့ မပြင်ကြဘူး၊ ရုံးသွားဖို့ ကားလိုသလို၊ သေဖို့တော့ တရားလိုသဗျ၊ ကားပျက်တော့ ပြင်ဖို့ သတိရတယ်၊ တရားပျက်တော့ ပြင်ဖို့ သတိမရဘူး၊ သေမင်း လာခေါ်တော့ တရားအပျက်ကြီး ရင်မှာ ပိုက်ပြီး ကတိုက်ကရိုက် လိုက်သွားလိုက်ကြတာ၊ တစ်ယောက်မှ အဆင်သင့် မဖြစ်ဘူး" ဟူသော စကားကို ပြက်ပြက်ထင်ထင် ပြန်ပြီး ကြားယောင်မိသည်။

သူ ရုတ်တရက် တွေးမိပြီး ချွေးပြန်လာသည်။ အသက်သာ ငါးဆယ်နား နီးလာသော်လည်း ဘာကုသိုလ်မှ မှတ်မှတ်ရရ မလုပ်ခဲ့ဘူးပေ။ အခါကြီး ရက်ကြီး ရုံးပိတ်လျှင်လည်း ဥပုသ်စောင့်ဖို့ သတိမရနိုင်။ ခေါင်မိုးပေါက် တက်ဖာရ၊ အိမ်သာတံခါးပျက် ပြင်ရနှင့် အားရသည်ပင် မရှိ။ လမ်းထိပ်က ဘုန်းကြီး တရားပွဲကိုတော့ ဝါသနာ မပါလွန်း၍ကို မသွားခြင်း ဖြစ်လေသည်။ အလှူအတန်းကျတော့ မီးဖိုချောင် ငဲ့ငဲ့ကြည့်နေရသည်နျင့် တွန့်ဆုတ်မိသည်မှာ အမှန်ပင်။ ရုံးမှာ မထည့်မနေရ ဝါဆိုသင်္ကန်းကပ်ပွဲ ထည့်ရလျှင်ပင် အလှူစာရင်းကို ကြည့်ပြီး အနည်းဆုံး ထည့်ဝင်သူနှင့် တန်းတူ ထည့်ခဲ့မိသည်တော့ နှစ်စဉ်ပင် ဖြစ်လေသည်။

"အသက်တွေပဲ ကြီးကုန်ပြီကိုး၊ မောင်နှမ အရင်းချင်း ချစ်စရာ၊ ခင်စရာပဲ တွေးပြီး စည်းစည်းလုံးလုံး နေကြပါလား"

သူ့မိန်းမကို အဖျင်းအနုံဟု စကားတင်း ဆိုကြသော်လည်း ဒီလို အဖိုးတန်စကားကိုတော့ သူ့မိန်းမက လွဲပြီး ထိုမိန်းမတွေ ပြောတတ်လိမ့်မည် မထင်။

"အေးကွာ၊ ငါ ကြိုးစားကြည့်ဦးမယ်"
"ကြိုးစားဆို မြန်မြန်ကြိုးစား၊ အသက်တွေပဲ ကြီးလှပြီ"
"ငါမသေခင်တော့ ဒီမောင်နှမတွေ စည်းလုံးရမှာပေါ့၊ ဟုတ်ဖူးလား"
"ကုသိုလ် ရပါတယ် အစ်ကိုရယ်၊ ဒါမျိုးဆိုတာ ယူတတ်ရင် ကုသိုလ်ချည်းပဲ"
"အေး ... ဟုတ်တယ်၊ ငါ့မှာလဲ ဒီပြင် ကုသိုလ် မရှိတာနဲ့ အတော်ပဲ၊ ဒီကုသိုလ်ကိုပဲ နောင်ဘဝ သယ်သွားရမယ်"

သူက အပြောင်အပြက် ပြောရင်း ရယ်မိသည်။ သူတို့ကသာ သေမင်းကို မေ့ထားသော်လည်း သေမင်းက မမေ့သည်ကို သိသားပင်။ ဆန့်သောလက် မကွေးမီ၊ ကွေးသောလက် မဆန့်မီ ဟူသော ဘုရားဟော စကားကိုလည်း သိသားပင်။ သိသော်လည်း သိသိပင်။ ထိုစကားများက သူများအတွက် ဖြစ်ပြီး သူနှင့် မဆိုင်သလို ထင်ခဲ့မိသည်။

သို့သော် ထိုစကားသည် သူ့ကို တိုက်ရိုက် ဆိုခဲ့သလိုပင် ဖြစ်ကြောင်း သူတွေးရုံကလေးပင် မတွေးလိုက်နိုင်ခဲ့ချေ။

နံနက်တုန်းက အိမ်က ထွက်လာတော့ ခေါင်းထဲတွင် မူးနောက်နောက်နှင့် မကြည်လင်လှချေ။ သူ့မိန်းမကပင် "အစ်ကို မူးနောက်နောက် ဖြစ်နေရင် သွေးဆေးလေးနဲ့၊ သကြားလေးနဲ့ လျက်လိုက်ပါလား၊ သွေးပေါင်ချိန်လေး ဘာလေးလဲ ချိန်ကြည့်ပါဦး" ဟု ပြောလိုက်သေးသည်။ သို့သော် သူက ဆေးခန်း မသွားဖြစ်။ ပိုက်ဆံလည်း ကုန်ဦးမည်။ ရုံးလည်း နောက်ကျဦးမည်မို့ ရုံးသို့သာ လာခဲ့သည်။ ကားကျပ်ပြီး ချွေးထွက်တော့ ပိုပြီး မူးလာသလိုလို ရှိသည်။ ရုံးရောက်တော့ ပန်ကာအောက်က စားပွဲတွင် ထိုင်ရင်း ချွေးတိတ်အောင် အအေးခံမိသည်။ ထို့နောက် နေရာမှ ထပြီး နံပါတ် အမြင့်ဆုံး တင်ထားသော ပန်ကာခလုတ်ကို ပြန်လျှော့ချမည်ဟု လက်လှမ်းလိုက်စဉ် မျက်လုံးတွေ ပြာလာကာ မိုက်ခနဲ မူးလဲသွားလေသည်။

ဆန့်သောလက်ပင် မကွေးမိသေးချေ။ 

* * *

"ဘာပြောတယ်"
"ဟယ်"

အစ်ကိုကြီးသည် သူ့လက်ထဲမှ တယ်လီဖုန်းခွက်ကို နားမှခွာရင်း မယုံနိုင်သလို စိုက်ကြည့်နေသည်။ တစ်စုံတစ်ယောက်က အကြောင်းကြားခြင်း မဟုတ်ဘဲ တယ်လီဖုန်းခွက်ကြီးကသာ မဟုတ်တရုတ် ထပြောခြင်း  ဖြစ်သည်ဟု ရုတ်တရက်ပင် ထင်မှတ်သွားသည်။

"ဘာဖြစ်လို့လဲ မောင်"

သူ့မိန်းမက မေးသည်ကို ချက်ချင်း မဖြေမိ အတန်ကြာသောအခါ တုန်ယင်အက်ကွဲသော အသံနှင့် သူ့ကိုယ်သူ ပြန်ပြောနေသလို ပြောသည်။

"ကိုစိုး ဆုံးပြီတဲ့"
"ဟောတော့"

ရုတ်တရက် ချက်ချင်းပင် သူ၏ ဒူးများက မခိုင်တော့သလို ဖြစ်လာ၍ ကြမ်းပေါ်သို့ ထိုင်ချကာ နံရံကို မှီထားလိုက်သည်။

"ဟဲ့ ... နင်တို့ အဖေဖို့ ဂလူးကို့စ်လေး ဖျော်ခဲ့စမ်း"

မိန်းမ၏ အသံကို ကြားရသည်။ သူ့လက်မောင်းကို ဆုပ်ကိုင်ကာ "မောင် သတိထား၊ သတိထား" ဟု ပြောသည်။ သူ မူးသွားမည်ကို စိုးရိမ်ဟန် ရှိသည်။

သူ့မိန်းမက မူးမှာ စိုးရိမ်သော အခါမှ ခေါင်းထဲတွင် တရိပ်ရိပ် မူးလာသလို ရှိသည်။ ကိုစိုးနှင့် မတွေ့ဖြစ်သည်မှာ တစ်လနီးပါး ရှိနေပြီကို သတိရသည်။ နောက်ဆုံး တွေ့သည်က သူတို့ သူငယ်ချင်း တစ်ဦး၏သား ရှင်ပြုအလှူတွင် ဖြစ်မည် ထင်သည်။ အလှူရှင်က သူတို့ ညီအစ်ကိုတွေ အားလုံးနှင့် ခင်မင်သူမို့ ညီအစ်ကို နှစ်ဦးလည်း အလှူတွင် ဆုံမိကြသည်။ ကိုစိုး ဝတ်ထားသော တိုက်ပုံအင်္ကျီ တော်တော်လေး နွမ်းသည်ကို သတိထားလိုက်မိသည်။ "အင်း သူလဲ တိုက်ပုံကောင်းကောင်း မရှိဘူးထင်တယ်၊ ငါ့မှာ နည်းနည်း ကျပ်နေတဲ့ တက်ထရက်အညို တိုက်ပုံဆိုရင် သူနဲ့ တော်မယ်ထင်တယ်" ဟု စိတ်ကူးမိသည်။ ကိုစိုးက သူ့ထက် ငယ်သော်လည်း ငယ်ငယ်တုန်းကတော့ သူ့ထက် ဝလေသည်။ သူက ခပ်ပိန်ပိန် လှီလှီ ဖြစ်သည်။ အခုတော့ သူက ကုပ်တက်၊ ဗိုက်ထွက်ကာ ဝလာပြီး ကိုစိုးက ပိန်ကျသွားလေသည်။ "အင်း ... ယောက်ျားကလဲ လခအပြင် အကြံအဖန် မတတ်၊ မိန်းမကလဲ မရှာတတ်၊ မဖွေတတ်နဲ့ ဆိုတော့ ပဲသီး သုပ်စားလိုက်၊ ကြောင်လျှာသီး သုပ်စားလိုက်ပဲ လုပ်နေရတယ် ထင်ပါရဲ့" ဟု ခပ်ဖိဖိလေး တွေးခဲ့မိသည်။ 

အိမ်ရောက်တော့ ဗီရိုထဲက တိုက်ပုံလေးအင်္ကျီလေး ထုတ်ကာ "ဒီအင်္ကျီက မောင်နဲ့ ကျပ်နေပြီ၊ ကိုစိုး တိုက်ပုံကလဲ နွမ်းလိုက်တာ၊ ခင် သတိထားမိလား" ဟု စကားစကြည့်သည်။ မိန်းမက ခေါင်းလေးညိတ်ကာ "ဒီအင်္ကျီကတော့ အဟောင်းကြီး မောင်ရယ်၊ နောက်ပြီး မောင့်သားကြီးနဲ့ ခဏနေရင် တော်လာတော့မှာ၊ သားက တအား ထွားလာနေတာ မောင်မြင်သားနဲ့ ကိုစိုးကို ပေးချင်ရင် အစအသစ် ဝယ်ပေးလိုက်ပါလား" ဟု ပြောသည်။ သူကလည်း "အေး ... အေး" ဟု ခေါင်းညိတ်ခဲ့သည်။ ဒီလိုနှင့် အဟောင်းလည်း မပေးဖြစ် အသစ်လည်း မပေးဖြစ်။ အခုတော့ သူပေးချင်လွန်း၍ သွားပေးလို့ပင် ကိုစိုးက ယူနိုင်တော့မည် မထင်။ ဪ ... ငါ့ညီလေးသေပီတဲ့။

"မောင်ရေ၊ သတိထားနော်"

သူ့မိန်းမ၏ အသံချိုချိုက နားထဲ ဝင်လာပြန်သည်။ "အလကားမိန်းမ၊ ချိုချိုလေးနဲ့ ငါ့ကို ကြိုးဆွဲနေတာ" ဟု ဒေါသနှင့် တွေးလိုက်မိသည်။

"ကိုစိုးရေ ငါ့ညီ၊ မင်းက ငါ့မိန်းမကို ပညာတတ် မိန်းမကြီး ဆိုတော့ ခင်ဗျားကို ကြိုးဆွဲနိုင်တာပေါ့ အစ်ကိုရလို့ ပြောတုန်းက ငါ မင်းကို စိတ်ဆိုးပြီး သုံးလလောက် မခေါ်မပြောနဲ့ နေခဲ့တယ်နော်၊ အခုတော့ ငါခေါ်လို့တောင် မင်းက ထူးနိုင်ဦးမှာလား ဟင်"

ကြေကွဲစိတ်က လည်ချောင်းဝတွင် စုပြုံပြီး ဆို့ကျပ်လာသည်။ မျက်လုံးကို စုံမှိတ်ထားသော်လည်း မျက်ရည်အိမ်တွင်းမှာ မျက်ရည်များက ဝေ့ပြီး လျှံတက်လာသည်။ ပါးပေါ်သို့ တလိမ့်လိမ့် စီးကျသွားသည်။

* * *

"ဟယ် ... အစ်မကြီး"

အိမ်ရှေ့ကပြင်တွင် ထိုင်ပြီး မြေးကလေးအား ထမင်းခွံ့နေသော ညီမသည် အငှားကားထဲမှ ဆင်းလာသော အစ်မကြီးကို မြင်တော့ အံ့ဩသွားသည်။ အစ်မကြီး မျက်နှာက မကောင်း။

"မိမျိုး"

အိမ်ရှေ့ လှေကားထစ်က လက်ရန်းကို ကိုင်ကာ ငိုသံကြီးနှင့် ခေါ်သည်။

"ဟင် ... အစ်မကြီး၊ ဘာဖြစ်"
"ကိုစိုး၊ ကိုစိုး သေပြီတဲ့"
"ဟာ"

ညီမ၏ လက်ထဲမှ ထမင်းဇလုံကလေး လွတ်ကျသွားသည်။ တုန်တုန်ယင်ယင်နှင့် တက်လာသော အစ်မကြီး၏ လက်မောင်းကို ထမင်းတွေ၊ ဟင်းတွေ ပေကျံနေသော လက်နှင့် ဆီးပြီး ဆုပ်ကိုင်လိုက်သည်။

"မနေ့ ... မနေ့တုန်းကတောင် အိမ်ကို လာသေးတယ် မိမျိုးရဲ့၊ နင့်အစ်ကို  လူရိုးကြီး၊ လူနုံကြီးလေ၊ ခု မနက်တော့ ရုံးမှာ မူးလဲပြီး ဆေးရုံတောင် မရောက်ဘူး၊ အသက်ပျောက်သွား ပါလေရောလား"

အစ်မကြီးကို "ဟုတ်မှ ဟုတ်ရဲ့လား" ဟု မေးချင်သော်လည်း မမေးဖြစ်တော့။ အစ်ကိုစိုး သေပြီ ဟူသော အသိက လျှပ်စစ်ဓာတ် လိုက်သလို သူ့တစ်ကိုယ်လုံး အရိုးအသားထဲသို့ စိမ့်ဝင်ဖြတ်ဆင်း သွားသည်။

"အမလေး အစ်ကိုစိုးရဲ့"

ညီမက ရုတ်တရက် အော်ငိုလိုက်တော့ အဘွားမျက်နှာကို မော့ကြည့်နေသော မြေးငယ်ကပါ "ဝါး"ခနဲ ထငိုလေသည်။ အစ်မကြီးလည်း ကြမ်းပေါ်သို့ ပုံ့ပုံ့ကြီး ထိုင်ချရင်း သူတို့နှင့်အတူ ရောငိုသည်။ 

"မနေ့တုန်းက မျက်နှာလေးက ညှိုးလို့၊ ပြန်ခါနီးတော့ ကျေးဇူးပါပဲ အစ်မကြီးရာ၊ ဒီငွေ မရရင် ကျွန်တော်တို့ ဆီစာအုပ် ပေါင်ရတော့မှာပဲတဲ့၊ အဲဒါကို ငါက အေးအေးဆေးဆေး ငွေမပေးဘဲ သူ စိတ်မချမ်းသာအောင် ညည်းညူပြလိုက် မိသေးတယ်၊ ဆိတ်သားဟင်းလေးနဲ့ သူ ထမင်းစား ကောင်းလိုက်တာတဲ့၊ သူ့ပန်းကန်ထဲမှာ ဟင်းနည်းနေတာ မြင်ရက်သားနဲ့ ညနေစာ မလောက်မှာ စိုးလို့ ငါက ထပ်ထည့် မပေးမိဘူး၊ သူကလဲ ထပ်ပြီး မနှိုက်တော့ဘဲ ဒီအတိုင်း ပြီးလိုက်တယ်၊ ငစိုးရယ် ... ငါ မိုက်လိုက်တာဟဲ့၊ အခုနေ ငါကျွေးတော့ နင် စားနိုင်ပါဦးမလား"

အစ်မကြီးက တစိမ့်စိမ့် တွေးမိသည်။

"အစ်ကိုနဲ့ မတွေ့ရတာ ကြာပြီ၊ အိမ်လာပြန်တော့လဲ ငါ့ယောက်ျားက အမြဲပင်ပန်းပြီး အမြဲစိတ်တိုနေတာ ဆိုတော့ အပေါက်ပလမ်းက တည့်တာမှ မဟုတ်တာ၊ ငါ့မှာ ယောက်ျားမျက်နှာ ကြည့်ရ၊ အစ်ကို့မျက်နှာ ကြည့်ရနဲ့ သူမလာတော့လဲ အေးတာပေါ့၊ ခပ်ကောင်းကောင်းလို့တောင် ထင်ခဲ့မိတယ်၊ ယောက်ျားမျက်နှာ ကြည့်နေရတဲ့ ဘဝကိုဟဲ့၊ နောက်ဆုံး တွေ့လိုက်တာတောင် တစ်လ ကျော်နေပြီ ထင်ပါရဲ့၊ နင့်အိမ်လဲ ငါ မလာချင်ဘူး၊ နင့်ယောက်ျားက အပေါက်ဆိုး မှုတ်တတ်ပါဘိသနဲ့၊ သိပ် စကားမပြောချင်ဘူးတဲ့၊ ငါက ယောက်ျားဘက်က လိုက်ပြီး 'မလာလဲ နေပေါ့' လို့တောင် ဘောက်ပြောမိသေးတယ်၊ မျက်စောင်းထိုးမိသေးတယ်၊ အမလေး ... အဲဒါ နောက်ဆုံး တွေ့တာပဲ"

ညီမက တွေးရင်း အပူလုံး ဆို့တက်လာသည်။ သူငယ်ငယ် ကျောင်းနေစတုန်းက ကိုယ့်အတန်းထဲတွင် ကိုယ်မနေဘဲ အစ်ကိုစိုး၏ အတန်းထဲသို့ သွားသွား ငိုနေတတ်သည်ကို ချက်ချင်း သတိရသည်။ အစ်ကိုစိုးက သူ့ကို မနိုင်မနင်း ပွေ့ချီရင်း ချော့ချော့မော့မော့နှင့် ပြန်၍ ပို့တတ်သည်။ အမေက လိမ္မော်သီး တစ်လုံးစီ အညီအမျှ ပေးလိုက်လျှင် အစ်ကိုစိုးက တစ်ဝက်သာ စားပြီး မုန့်စားကျောင်း လွှတ်လျှင် ကျန်တစ်ဝက်ကို သူ့ဆီ လာပေးတတ်သည်။ တစ်ခါတစ်ရံလည်း နို့အေးချောင်း လာကျွေးတတ်သည်။ သူ့ကို ဒီလို ချစ်ခင် ကြင်နာခဲ့သော အစ်ကိုသည် ယခုတော့ လူ့ပြည်တွင် မရှိချေပြီ။ သူ့အစ်ကိုအား သူ နောက်ဆုံး ပြောခဲ့သော စကားသည် "မလာလဲ နေပေါ့" တဲ့။

သူက အစ်မကြီးအား တအားဖက်ကာ ကြူကြူပါအောင် ငိုမိတော့သည်။

"အစ်ကိုရဲ့၊ တို့မောင်နှမတွေ ချစ်ချစ်ခင်ခင် နေရအောင် မသေပါနဲ့ဦးလား အစ်ကိုရဲ့"

* * *

သေခြင်းတရား၏ မြန်ဆန်ပုံကို ပြက်ပြက်ထင်ထင် မြင်လိုက်ရတော့ ကိုတိုး တုန်လှုပ်ချောက်ချား နေသည်။

အစ်ကိုစိုးကို ကြည့်ရသည်မှာ ပူပူနွေးနွေး ခွေခွေပျော့ပျော့ပင် ရှိသေးသည်။ အိပ်ရာပေါ်မှာ တစောင်းလေး အသာ သိပ်ထားလျှင် အိပ်နေသည်သာ ထင်မိမည် ဖြစ်သည်။ "ဟေ့ ... အစ်ကိုစိုး မထတော့ဘူးလား" ဟု သွားနှိုးချင် နှိုးမိမည်။ သို့သော် ထိုခန္ဓာထဲတွင် အသက်ဟု လူတွေခေါ်နေသော နာမ်တရားလေး မရှိတော့ဘူးဟု ဆိုတော့ မကြာမီပင် အေးစက်တောင့်တင်း လာမည်။ ဖောယောင် ပွယောင်း လာတော့မည်။

"ဘုရား ... ဘုရား" 

သူက ဘုရားတရင်း မျက်လုံးကို စုံမှိတ်ထားမိသည်။ မျက်စိနှင့် မြင်နေရသော်လည်း မယုံနိုင်သလို ဖြစ်နေသည်။ "ငါတို့ အသက်တွေလဲ ငယ်တော့တာ မဟုတ်ဘူး ငတိုးရ၊ ဒါပေမယ့် လူဆိုတာ အသက်ကြီးလာရင် စိတ်က နုလာတတ်တယ် ထင်ပါရဲ့ကွာ၊ အဟေး ... ဟေး အသက်ကသာ ကြာလေကြီးလေ၊ သဘောထားတွေကတော့ ကြာလေ နုလေပဲကွနော်" ဟု ရယ်သွမ်းသွေးရင်း ပြောခဲ့သော စကားသံကို ကြားယောင်မိသည်။ လွန်ခဲ့သော တစ်ပတ်လောက်ကတည်းက သူတို့ ငယ်စဉ်က ခုန်ပေါက်ပြေးလွှား ကစားခဲ့သည်များကို သတိရနေသည်။ သရက်ပင်ပေါ် ခုန်ချ၍ ပုလင်းကွဲ တည့်တည့်ကျကာ ခြေဖဝါး အလယ်ကောင် ဟက်တက်ပြဲစဉ်က အစ်ကိုကြီးနှင့် အစ်ကိုစိုးတို့ သူ့ကို တစ်လှည့်စီ ကျောပိုးကာ အိမ်ပြန်ခဲ့ကြသည်ကို တွေးမိတော့ ရင်ထဲတွင် နွေးသွားသည်။ "သူ့မိန်းမက အရည်အချင်း မရှိဘဲ၊ ဒီလောက်တောင် စားစရိတ် သောက်စရိတ် ဈေးကြီးနေတာ၊ တစ်ယောက်တည်း ရှာစာကို တစ်အိမ်လုံး ထိုင်စားလို့ ရတဲ့ခေတ် မဟုတ်ဘူးဆိုတာ သိရမှာပေါ့၊ အခုတော့ စက္ကူအိတ် ကပ်တာနဲ့၊ ဆီးငန်စေ့ ထုပ်တာလောက်သာ လုပ်တတ်မယ့် မိန်းမ" ဟု သူ၏ နံပါတ်တစ်က ထုံးစံအတိုင်း နှိမ်ချစကား ပြောတော့လည်း လိုက်ပြီး ပြုံးချင်စိတ် မရှိ။ "အင်း ... အစ်ကိုစိုးခမျာ ချောင်ချောင်လည်လည် မရှိရှာဘူး၊ ငါကလဲ ငယ်ငယ်တုန်းကသာ သူ့မုန့်ဖိုး ကပ်စားခဲ့တာ၊ ခုလို အချိန်မှာ ဘာမှလဲ ပြန်ပြီး ကြည့်ရှုနိုင်တာ မဟုတ်၊ ဒီနှစ် သီတင်းကျွတ်တော့ အစ်ကိုတွေ၊ အစ်မတွေကို တတ်နိုင်သမျှ ဝယ်ခြမ်းပြီး ကန်တော့ဦးမယ်၊ တစ်သက်လုံး ဘယ်တုန်းကမှ မကန်တော့ဘဲ အခုမှ လာကန်တော့လို့ ရယ်စရာများ ဖြစ်လာမလားဘဲ" ဟု တွေးမိတော့ တစ်ဦးတည်း ပြုံးခဲ့မိသေးသည်။

"အခုတော့ ငါ လာကန်တော့ရင်တောင် မင်းက ဘယ်လိုလုပ်ပြီး သိတော့မှာလဲ ကိုစိုးရယ်"

သူက ဘာတစ်ခုမှ ကူညီ မလုပ်နိုင်ပဲ အစ်ကိုစိုးအား သယ်ကြ၊ ပိုးကြ၊ ပြောင်းကြ၊ ရွှေ့ကြ လုပ်နေသည်ကိုပင် ငိုင်ပြီး ကြည့်နေမိသည်။

"အစ်ကိုရယ်၊ ငါ့မှာ ဘာကုသိုလ်မှ မရှိဘူးဆို၊ အခုနေ ငါသေသွားရင် ဒုက္ခပဲဆို၊ ငါ မသေခင် ငါ့မောင်နှမတွေကို စည်းလုံးအောင် လုပ်မယ်ဆို၊ အဲဒါ ကုသိုလ်ပဲဆို အစ်ကိုရဲ့၊ အဲဒီ ကုသိုလ်ကြီး ယူမသွားတော့ဘူးလား"

အစ်ကိုစိုး၏ မိန်းမ မချိတင်ကဲ ပြောကာ ငိုသည်။ "ငါမသေခင် ငါတို့ မောင်နှမတွေကို စည်းလုံးအောင် လုပ်မယ်ဆို" ဟူသော စကားက ကိုတိုး၏ နှလုံးသားကို ဒိန်းခနဲ ဝင်ဆောင့်ပြီး ရုတ်တရက် အသက်ရှူ မရဘဲ အောင့်သွားသည်။ ခေတ္တခဏမျှ ငြိမ်နေပြီး အသက်ကို "ဟင်း" ခနဲ ရှူထုတ်လိုက်သည်။ အဆုတ်တွင်းမှ လေနှင့်အတူ မျက်ရည်များ ရောပါသွားသည်။

မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ ခုတင်ပေါ် ရောက်နေပြီဖြစ်သော အစ်ကိုစိုးကို တွေ့ရသည်။ လက်နှစ်ဘက်ကို အသာပူး၍ ကြိုးနှင့် ချည်နေသည်ကို တွေ့ရသည်။ "ခြေမကို မချည်ပါနဲ့ကွာ၊ ခြေကျင်းဝတ်က ချည်တော့ လုံချည်စနဲ့ အသာအုပ်ထားလို့ ရတယ်၊ ခြေမကြီး ပူးချည်ထားတာ မကောင်းဘူးကွ" ဟု သူတို့ချင်းချင်း ပြောနေသံကို ကြားရသည်။ "ဪ ... အစ်ကိုစိုး၊ မင်း ဘာမှ မသိတော့ပါလား"

မျက်ရည်ပူများ အန်ကျလာပြန်သည်။ မျက်စိနှစ်လုံး စုံပိတ်ထားသော အစ်ကိုစိုး၏ မျက်နှာသည် ဝေဝါးသွားပြန်သည်။ ဒီတစ်ခါတော့ ယောက်ျားတန်မဲ့ ရှိုက်၍ ငိုမိလေသည်။ ထာဝရကွဲကွာပြီ ဟူသော အသိက သူ့ရင်ကို ဖျပ်ဖျပ်ခါနေစေသည်။

"အစ်ကိုစိုးရေ၊ ကျွန်မအိမ်ကို မလာချင်ဘူးဆို၊ အခု ကျွန်မ လာပြီလေ၊ ထကြည့်ပါဦး အစ်ကိုစိုးရဲ့"

ဟစ်၍ ငိုလိုက်သော အသံကို ကြားရသည်။ ညီမက အိမ်ပေါ် တက်လာပြီး အစ်ကိုစိုး၏ ခြေအစုံကို ဝင်ဖက်သည်။ ကတုန်ကယင် ဖြစ်နေသော အစ်မကြီးအား လမ်းထဲမှ လူငယ်များက ဆီး၍ တွဲကြသည်။

ခဏနေတော့ အစ်ကိုကြီး ရောက်လာပြန်သည်။ "မောင်ရေ၊ သတိထားနော်" ဟု တဖွဖွ သတိပေးနေသော ဇနီးသည်ကို လုံးဝ ဂရုထားမိဟန်ပင် မတူ။ အလောင်းစင်ဘေးတွင် တွေတွေကြီးရပ်ရင်း ကိုစိုး၏ မျက်နှာအား စိုက်ကြည့်နေသသည်။

"နင့် ညီလေးလေ၊ ကြည့်ပါဦးလား ငမိုးရဲ့၊ တကယ် သေရှာပြီဟဲ့"

အစ်မကြီး၏ ငိုသံ ကြားတော့မှ အစ်မကြီး၏ ပုခုံးအား ဆီး၍ ဖက်မိလေသည်။

"မိမျိုးရယ် ... ထတော့၊ သူတို့တွေ ပြင်ကြ ဆင်ကြတုန်းပဲ ရှိသေးတာ"

ကိုတိုးကလည်း ညီမငယ်အား ဆွဲထူသည်။ မောင်နှမလေးဦး မျက်ရည် တွေတွေကျရင်း သူ့ဘေးတွင် ရပ်နေကြလေပြီ။ ငယ်ငယ်တုန်းကလိုပင် တစ်ဦးနှင့်တစ်ဦး လက်ချင်း တွဲထားကြလေပြီ။ သူတို့ ဒီလို လက်ချင်း မတွဲမိသည်မှာ ကြာလှပေပြီ။ အခု ပြန်ပြီး လက်တွဲမိတော့ ကြမ်းတမ်း တင်းမာနေသော နှလုံးသားများသည် အတန်ငယ် ပျော့ပြီး ပူနွေးလာသယောင် ရှိသည်။ ရင်ထဲမှ ကြေကွဲစိတ်က လျှံတက်လာသောအခါ ပိုပြီး တင်းတင်း ဆုပ်ကိုင်မိကြသည်။

"ကုသိုလ် ရပါတယ် အစ်ကိုရဲ့၊ အစ်ကို လိုချင်တဲ့ ကုသိုလ်ကို အစ်ကို ရပါတယ်"

သူ့ဘေးတွင် ဝန်းရံပြီး ရပ်နေသော ကျန်မောင်နှမ လေးဦးကို ကြည့်ကာ သူ့မိန်းမက မချိတင်ကဲ ငိုလေသည်။

--------
မစန္ဒာ
(မနက်ဖြန်နှင့် နဝရတ်ကိုးသွယ်၊ မတ်၊ ၁၉၈၅။)
(ဖန်တီးသူအကြိုက် လက်ရွေးစင် ဝတ္ထုတိုများ)

No comments:

Post a Comment