ဘုရင်ကြီး နဲ့ မိဖုရားများ
တစ်ခါက တအားကို ချမ်းသာတဲ့ ဘုရင်ကြီး တစ်ပါး ရှိတယ်။ သူမှာ မိဖုရား လေးယောက်တောင် ရှိသတဲ့။ သူက လေးယောက်မြောက် မိဖုရားကို အချစ်ဆုံးနဲ့ တန်ဖိုး အထားဆုံးပါတဲ့။ သူ့ကို အဖိုးတန်ဆုံး ဆိုတာတွေ ကို ၀တ်စေပြီး အရသာအရှိဆုံး ဆိုတာတွေ ကို ကျွေးပါသတဲ့။ သူ့ကို အကောင်းဆုံး ဆိုတာတွေ ချည်း လုပ်ပေးခဲ့တယ်။
သူ့ရဲ့ တတိယမိဖုရားကို လည်း သူ တော်တော်လေး ချစ်ပါတယ်။ သူ့ကိုတော့ အိမ်နီးနားချင်း တိုင်းပြည်တွေဆီ အလည်အပတ်သွားတဲ့အခါ အမြဲပဲ ခေါ်ဆောင်သွားပါသတဲ့။ ဒါပေမယ့် အဲ့ဒီမိဖုရား တနေ့နေ့မှာ သူ့ကို ထားသွားမှာ သူ သိပ်ကို ကြောက် ပါတယ်။
ဒုတိယ မိဖုရားကိုလည်း သူချစ်တာပါပဲ။ သိပ်လည်း ယုံကြည်ပါတယ်။ ဒုတိယမိဖုရားဟာ ကြင်နာတတ်တယ်။ ပြီးတော့ သူ့အတွက်ပဲ စဉ်းစားပေးတဲ့သူဖြစ်တဲ့အပြင် သူ့အပေါ် တအားကို စိတ်ရှည်ပါသတဲ့။ ဘုရင်ကြီး က သူ့မှာ ဘယ်လို ပြသနာပဲ ရှိရှိ ဒုတိယမိဖုရားနဲ့ တိုင်ပင်ပါတယ်။ သူ့ရဲ့ ခက်ခဲတဲ့ အချိန်တွေမှာ မိဖုရားက သူ့ကို အမြဲပဲ ကူညီပေးခဲ့ပါတယ်တဲ့။
မိဖုရားခေါင်ကြီးကတော့ သိပ်ကို သစ္စာရှိတဲ့ ဘ၀ အဖော်ပါ။ သူ့ကို ခုလို ကြီးမြတ်အောင် ၊ တိုင်းပြည်ကြီး စည်ပင်ဝပြောအောင် လုပ်ဆောင်ပေးခဲ့တဲ့ သူဆိုရင်လည်း မမှားပါဘူး။ ဒါပေမယ့် သူက မိဖုရားခေါင်ကြီးကို မချစ်ပါဘူးတဲ့။ သူ့ကို လေးလေးနက်နက် ချစ်ခဲ့တာတောင်မှ မိဖုရားကြီးကို အသိအမှတ်ပြုပေးဖို့ အင်မတန်မှ ၀န်လေးပါသတဲ့။ တစ်နေ့မှာတော့ ဘုရင်ကြီးက နေမကောင်းဖြစ်ပြီး သူဘယ်လောက်မှ မနေရတော့ဘူး ဆိုတာ သိလာရပါသတဲ့။ အဲ့ဒီ့အခါ သူ့ရဲ့ ပြည့်စုံကုံလုံတဲ့ ဘ၀ကြီးအကြောင်းကို တွေးရင်း " ခု ငါ့မှာ မိဖုရားလေးယောက်ရှိပေမယ့် ငါသေတဲ့အချိန်မှာ တစ်ကိုယ်တည်း ဖြစ်နေတော့မှာပဲ" လို့ ရေရွတ်လိုက်မိတယ်။
ဒီလိုနဲ့ သူအချစ်ဆုံး စတုတ္ထမိဖုရားကို ခေါ်ပြီး ပြောတယ်။ " မင်းကိုငါ အချစ်ဆုံးပဲ။ ကောင်းပေ့ ဆိုတဲ့ အ၀တ်အစားတွေ ဆင်ပေးခဲ့တယ်။ မင်းကို ငါ တအားဂရုစိုက်ခဲ့တာ မင်းလည်း အသိပါ။ ခု ငါ သေရတော့မယ် ၊ မင်းငါနဲ့ လိုက်ခဲ့နိုင်မလားဟင် " လို့ မေးလိုက်တယ်။ အဲ့အခါမှာ မိဖုရားက လုံးဝ မဖြစ်နိုင်ဘူး လို့ ဖြေလိုက်ပြီး တခြားဘာ စကားတစ်ခွန်းမှ မပြောဘဲ ထွက်သွားပါတော့တယ်။ မိဖုရားရဲ့ အဖြေက သူ့ နှလုံးသားကို ဓားနဲ့ မွှမ်းလိုက်သလို ခံစားရပါတယ်။
ဒီလိုနဲ့ စိတ်ထိခိုက်နေတဲ့ ဘုရင်ကြီးဟာ တတိယမိဖုရားကို ခေါ်ပြီး ပြောပြန်သတဲ့။ " မင်းကို ငါ့ဘ၀တလျှောက်လုံးချစ်ခဲ့တယ်။ ခု ငါ သေရတော့မယ် ။ မင်း ငါနဲ့ တူတူ လိုက်နိုင်မလားဟင် " လို့ မေးပြန်သတဲ့။ "မဖြစ်နိုင်ဘူး။ ခုလိုကောင်းမွန်တဲ့ဘ၀ကို ဘာလို စွန့်လွှတ်ရမှာလဲ။ မင်းကြီး သေသွားတဲ့အခါ ကျွန်မ နောက်တစ်ကြိမ် ထပ်ပြီး လက်ထပ်မှာပေါ့" လို့ ဖြေပြန်တယ်။ ဘုရင်ကြီးလည်း နှလုံးသားတစ်ခုလုံး နစ်မွန်းပြီး အေးခဲသွားမတတ် ခံစားလိုက်ရတယ်။
ဒါနဲ့ သူ့ရဲ့ ဒုတိယ မိဖုရားကို မေးပြန်တယ်။ " ငါ အကူအညီလိုတဲ့အခါတိုင်း အမြဲတမ်း မင်းငါ့အနားမှာ ရှိခဲ့တယ်။ ငါသေတဲ့အခါကျရင်ကော ငါနဲ့ တူတူ လိုက်ခဲ့နိုင်မလားဟင်" " တောင်းပန်ပါတယ် မင်းကြီးရယ်။ ဒီတစ်ခါတော့ ကျွန်မ မကူညီနိုင်တော့ဘူး။ ဒါပေမယ့် မင်းကြီးရဲ့ ဈာပနပြီးဆုံးသည်အထိ ကျွန်မရှိနေမှာပါ" လို့ ပြန်ဖြေလိုက်တယ်။ ဒုတိယ မိဖုရားရဲ့ အဖြေလည်း ကြားရော ဘုရင်ကြီးခမျာ မိုးကြိုးပစ်ခံလိုက်ရသလိုပဲ အကြီးအကျယ်ကို စိတ်ထိခိုက်သွားပါတော့တယ်။
အဲ့အချိန်မှာပဲ အသံတစ်သံကို သူကြားလိုက်ရတယ်။ " ကျွန်မ မင်းကြီးနဲ့တူတူ ထွက်ခွာသွားမယ်။ ရှင်ဘယ်ပဲ သွားသွား ကျွန်မ လိုက်ခဲ့မှာပါ " အဲ့လို အသံကြားလို့ ဘုရင်ကြီးက မော့ကြည့်လိုက်တဲ့အခါ သူ့ရဲ့ မိဖုရားခေါင်ကြီးကို တွေ့သွားပါတော့တယ်။ မိဖုရားကြီးကို ကြည့်ရတာလည်း သူ လျစ်လျှူရှုခဲ့တဲ့ရက်တွေမှာ တအားကို ဖျော့တော့ ပိန်ချုံးပြီး အာဟာရချို့တဲ့ခဲ့ပုံပါပဲ။ ဘုရင်ကြီးလည်း နောင်တတွေ တပွေ့တပိုက်နဲ့ ငါ မင်းကို ပိုပြီး ဂရုစိုက်ခဲ့သင့်တယ် လို့ ၀မ်းပန်းတနည်း ပြောလိုက်တယ်။
တကယ့်လက်တွေ့မှာတော့ မိဖုရားလေးပါး ဆိုတာရဲ့ သရုပ်မှန်က ဒီလိုပါ။
#စတုတ္ထမြောက်မိဖုရား ဆိုတာ သင့်ရဲ့ ရုပ်ခန္ဓာပါ။ သင်ဘယ်လောက်ပဲ ကြည့်ကောင်းအောင် လှပအောင် ပြင်ဆင်မွမ်းမံမွမ်းမံ သင်သေသွားတဲ့အခါ သင် ထားခဲ့ရမယ့်အရာပါ။
#တတိယမိဖုရား ကတော့ သင်ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာရတနာတွေပါ။ သင်သေသွားတဲ့အခါ တခြားသူတွေ ခံစားစံစားရမှာ။
#ဒုတိယမိဖုရား ဆိုတာကတော့ သင့်မိသားစု နဲ့ မိတ်ဆွေ အပေါင်းအသင်းတွေကို ရည်ညွှန်းတာပါ။ သင်မရှိတော့တဲ့နောက် သူတို့က သင့်ဈာပန အခမ်းအနားထိ သင့်နားမှာရှိနေမှာပါ။ ငိုကြွေးပူဆွေးပေးကြမှာပါ။
#မိဖုရားခေါင်ကြီး ဆိုတာက သင့်ရဲ့ မသိစိတ် ၀ိညာဉ်ပါ။ သင်က ကြွယ်ဝချမ်းသာမှု၊ အခွင့်အာဏာ၊ စိတ်ဖျော်ဖြေမှုတွေ ကို ဂရုစိုက်ရင်း သင်လုပ်သင့်လုပ်ထိုက်တဲ့ ကောင်းမှုတွေကို မေ့ကောင်းမေ့နေပါလိမ့်မယ်။ ဒါပေမယ့် သင်ပြုခဲ့သမျှ အရာတွေက သင်နောက်ကို ထပ်ကြပ်မခွာ လိုက်လာမှာပါ။
#From_TrendMyanmar
No comments:
Post a Comment