"မှော်"(သို့)တစ်ဖက်က အာဏာရှင်
(စ-ဆုံး)
--
( ၁ )
"ဖြူဖြူကျော်သိန်းရမယ်…လေးဖြူရမယ်…"
ဘယ်နှယ့်မှော်ထဲ အဆိုတော်တွေလာရောင်းနေပါလိမ့်ဟု ကျနော်တွေးမိလိုက်၏…။သီချင်းခွေများလားဆိုပြီး ထလေ့လာကြည့်တော့မှ ဘိန်းဖြူတွေရဲ့ အမည်ဝှက်မှန်းသိလိုက်ရတယ်…။
မှော်ဆိုတာ တကယ်တော့ ကျောက်တူးသမားတွေ ကျောက်တွင်း လုပ်ကွက်တွေရှိတဲ့ နေရာကိုဆိုလိုတာပါ…။မှော်လုပ်ကွက်တွေဟာ ( )လက်နက်ကိုင်အဖွဲ့ ပိုင်နက်ထဲ၌ ရှိနေလေ၏…။ထိုလေးဖြူ ဖြူဖြူကျော်သိန်းရောင်းနေတဲ့သူအား မှော်လုပ်ကွက်များကို အပိုင်စိုးသော ဗိုလ်ကြီးက လှမ်းအော်ပြီ ပြောလိုက်တာကို ကြားလိုက်ရသေး၏…။
"ဟေ့ကောင်…ဒီမှာ ဘာရဲ…ဘာဥပဒေမှ မရှိဘူး…ငါတို့ သဘောပဲ…ပေါ်တင် ဘိန်းဖြူရမယ်လို့ပြော ရောင်းစမ်းပါကွာ…"
--
မူးယစ်ဆေးဝါးကို ရေခဲရေလို အော်ရောင်းခွင့်ရှိသော နေရာအား ကျနော်ရောက်နေခဲ့၏…။ကျောက်တူးသမားလေး ကျောက်ကုန်သည်လေး…ကျနော်ပေါ့လေ…။ဒီနေရာကို ကျနော် စီပွားရှာထွက်ခါနီး မိတ်ဆွေတချို့က တားမြစ်ကြသည်.။ကျနော်ဟာ ဗမာလူမျိုးဖြစ်နေတဲ့ အတွက်ပေါ့…။ဒီနေရာက ဗမာတွေကို အလွန်မုန်း၏…။ကျနော်မမှီလိုက်သော ခေတ်ကြောင့်ထင်သည်…။ဤဖြစ်ရပ်များသည် ဗမာတစ်ယောက်အဖြစ် မွေးဖွားသော ကျနော်နှင့်ဆိုင်မည်မထင်ပါ…။ကိုယ့်ခွန်ကိုယ့်အားကိုယ့်ဥာဏ်စွမ်းရှိသလောက် ကြိုးစားရုန်းပိုင်ခွင့်သည် မြန်မာနိုင်ငံ၏ မည်သည့်နေရာတွင်မဆို မြန်မာနိုင်ငံသား တိုင်းရင်းသားတိုင်း လုပ်ပိုင်ခွင့်ရှိသည်ဟု ကျနော်က ခံယူထားသူဖြစ်သည်…။
ဤနေရာကိုရောက်မှ ကျနော်သိလိုက်ရသည်…။တကယ့် ဖုတ်မြေပင်…။မိမိကိုယ်ကိုယ်ကာကွယ်ဖို့အတွက် သေနတ်မကိုင်နိုင်သော်ငြား ဓါးရှည်တစ်လက်လွယ်ပြီးဆိုင်ကယ်စီးရသည်…။ကျနော်သည် ကျနော့်ကိုယ်ကျနော် ရှေးခေတ်က သူရဲကောင်းတွေအလား ထင်မှားယောင်မှားပင်ဖြစ်နေမိသည်…။လှော်မိတဲ့ လှေရောက်အောင်ကူးမည်ဟူသော စိတ်နှလုံးမျိုးနဲ့ ဤနေရာမှာရပ်တည်ဖို့ ကြိုးစားခဲ့မိ၏…။
"ချစမ်းပါကွာ…"
ရာထူးခပ်ကြီးကြီး လူတစ်ယောက်က ကျနော့်ကို တိုက်တွန်း၏…။ပြန်လမ်းမဲ့ ကျွန်းပေါ် ကျနော်လှော်စရာလိုမည်ဟု မထင်ပါချေ…။ကျနော်လိုချင်သည့် ပန်းတိုင်မှာ လိုချင်တာရှာပြီး ပြန်ဖို့ပင်ဖြစ်သည်…။ထို့ကြောင့် ပေါများကြွယ်ဝလှသော မူးယစ်ဆေးဝါးများကို ကျနော်စိတ်ထိန်း ရှောင်ရှားခဲ့၏…။
"အရက်နဲ့ ဘီယာလောက်ဆို တော်ပါပြီ…ဆရာရယ်…အဲဒါတွေဝါသနာသိပ်မပါဘူး…"
"ဟ ဒါမျိုးတွေ ငါတို့ဆီရောက်မှ လွတ်လွတ်လပ်လပ်ချရတာကွ…မင်း ငတုံးပဲ…"
ကျနော်ငတုံးအဖြစ်ခံပြီး ထိုအရာရှိကြီးကိုသာ ပြုံးပြနေမိ၏…။ဗမာဆိုလျှင် လည်သည် ပတ်သည် ယုတ်မာသည်ဟု အမြင်ရှိကြသောနေရာ၌ ဗမာစစ်စစ်ရုပ်ပေါက်နေသော ဗမာတစ်ယောက်ရပ်တည်ရတာ လွယ်တော့မလွယ်ပေ…။ငထွေးရူးအမှုမထမ်းခင်ကလို လာသည့်ရဲမက်တွေနှင့် တည့်အောင် ရူးတူးတူးပေါတောတော ဆက်ဆံကာ နေရသည်လည်းရှိသည်…။
တစ်ခါတလေ ကျနော်တွေးမိသည်…။ဗမာတွေ လည်သည်ဟုဆိုရလျှင် ဗမာတွေချမ်းသာနေပေမည်…။သို့သော် ကျနော်မြင်ဘူးတဲ့ သူဋ္ဌေးကြီးများကတော့ အဖြူ အမဲနှင့် ဗမာမဟုတ်သူများလေသည်…။ဗမာတွေလည်ကြသည်ဆိုသည်မှာ ၅ကျပ်၁၀လည်ခြင်းမျိုးသာ ဖြစ်ပေမည်…။
ထိုမှော်ထဲ၌ ကိုယ့်အမှားမဖြစ်အောင် ကျနော်သတိထားနေရသည်…။နဂိုတည်းကမှ အမြင်မကြည်သည် မဟုတ်ပါလော…။သူတို့နှင့် ပတ်သတ်၍ အမှားမရှိသော သူကို သူတို့ နောက်ပိုင်း ဆက်ဆံလာသည်…။တချို့ရဲဘော်လေးတွေ ခင်မင်လာကြ၏…။
"ပညာတတ်စရာမလိုဘူး…
အမျိုးသား လွတ်မြောက်ရေး ကောင်းစားရေးအတွက်
သေနတ်ပစ်တတ်ရမယ်…
သေရဲရမယ်…
သတ်ရဲရမယ်…"
ရဲဘော်လေးတို့၏ ခေါင်းထဲ၌ ထိုဝါဒမှိုင်း လူမျိုးရေး မှုန်းတီးမှုမှိုင်းများသာကြီးစိုးနေ၏…။ခင်မင်သည့်ရဲဘော်လေးများကို တီးခေါက်ကြည့်တော့ လစာရယ်လည်း မယ်မယ်ရရ မရပါချေ…။စားဖို့သောက်ဖို့တော့ သိပ်မပူရသလိုပင်…။အဆိုးဆုံးအချက်မှာ ဘိန်းကျွေးပြီး မွေးထားသလို ဖြစ်နေခြင်းပင်…။ထို့ကြောင့် ဘိန်းထိုးနေသည့်ဲရဲဘော်များ လူငယ်လေးများသည် ကျနော့်အတွက် မထူးဆန်းတော့သော မြင်ကွင်းသဖွယ် ဖြစ်၍ လာခဲ့ချေပြီ…။
---
( ၂ )
"နေထက်လင်းနဲ့ ရဲမင်းပိုင်ချရင် ဘယ်သူနိုင်မလဲ…အကို…"
"ဟိုက်"
ကျနော်ကြောင်သွားမိ၏…။FBပေါ်က ပြတ်လုံးမဟုတ်ချေ…။တိုင်းရင်းသားရဲဘော်လေးက ကျနော့်ကို အားကိုးတကြီးလာမေးသော မေးခွန်းကြီးသာဖြစ်သည်…။သူတို့ခြင်း ငြင်းရင်း ကျနော့်ဆီက အဆုံးအဖြတ်ခံယူသည့်သဘောဖြစ်နိုင်သည်…။
အနူတောမှာ လူချောဟူသော စကားအတိုင်း ကျနော်သည် ထိုမှော်ထဲ၌ အနည်းငယ်ဗဟုသုတကြွယ်ဝသူဟုဆိုရမည်…။သူတို့ခေါင်းဆောင်စကားသာ သူတို့ဖတ်စာအုပ်ဖြစ်နေသော လူငယ်တချို့အတွက် ကျနော်သည် အဆန်းတကျယ် သတ္တဝါတစ်ကောင်ကဲ့သို့ရှိနေမည်လား…။သို့သော် တချို့ ကိုယ်ထင်တာ ကိုယ်တတ်တာ ကိုယ်ပြောချင်တာတွေ ကိုယ့်ဝမ်းထဲသာ ထားရသည်မဟုတ်ပါလား…။အငြိအစွန်းဖြစ်မယ့် စကားမျိုးတွေ ကျနော်မဆိုဖို့ နှုတ်ဆိတ်နေခြင်းသာ ကောင်းပေမည်…။
"နေထက်လင်းနဲ့ရဲမင်းပိုင်ချရင်…ဘယ်သူနိုင်မလဲဆိုတာ ဇာတ်ညွန်းရေးဆရာပေါ် မူတည်တယ်ကွာ…"
ကျနော်ရယ်ကျဲကျဲနှင့်ပြန်ဖြေလိုက်၏…။
"အဲဒါဆို ဇာတ်ညွန်းရေးဆရာက ဘယ်သူလဲ…"
"ဗိုလ်ကြီးကွာ…တို့ဗိုလ်ကြီးလေ…ဟဲဟဲ…"
"အော် ဗိုလ်ကြီးနိုင်ခိုင်းတဲ့သူပေါ့…ဟုတ်တယ်…ဗိုလ်ကြီးက ဆရာကြီးပဲလေ…"
ရဲဘော်လေး ကျေနပ်စွာ ခေါင်းတငြိမ့်ငြိမ့်နှင့် ကျနော့်ကို ကျောခိုင်းထွက်ခွာသွားလေ၏…။ကျနော်သည် သူ၏ ကျောပြင်ကို ငေးကြည့်ရင်း ပြုံးရမလို ငိုရမလို ခံစားချက်များ ကျနော့်ခန္ဓာကိုယ်ထဲ စီးဆင်းနေပါတော့သည်…။
"ရိုးသားလွန်းတဲ့ တို့တိုင်းရင်းသားလေးတွေ…"
ထိုမျှလောက်ပဲ ကျနော်ရေရွတ်နိုင်ပါသည်…။ရှေ့ဆက် စကားမထွက်တော့…။
--
မှော်ထဲ၌ အိမ်လေးဆောက်နေလျှင် ၅သောင်းခန့်ပေးရသည်…။တွင်းတူးခွင့် ရောင်းခွင့်ဝယ်ခွင့်အတွက်လည်း သိန်းဂဏန်းအမျိုးမျိုးအခွန်များ ပေးချေရသေးသည်…။phoneအခွံပဲဖြစ်ဖြစ် လိုင်းမိမိ မမိမိ gameဆော့ဖို့ ကိုင်ချင်ရင်တောင် phoneကိုင်ခ တစ်လုံး ၃သိန်းလောက်ပေးဆောင်ရသည်…။
ကောက်ထားပြီးသော ကျောက်များ ဒါမှမဟုတ် တူး၍ရရှိသော ကျောက်များကို ထိုလက်နက်ကိုင်ဆရာကြီးများက ရာဖြတ်ခွန်ကောက်သေးသည်…။ကျောက်များပါသော ပီနံအိတ်ကိုကြည့်ရင် ၅သိန်း ရာသိန်း စသဖြင့် အခွန်ကောက်တတ်သေးသည်…။ထိုသို့ကောက်ပြီးမှ အိတ်ကို ချိတ်ပိတ်ပြီး ခွင့်ပြုသည့်သဘောလေးလုပ်ပေးသည်…။ပြီးတော့ ရောင်းဝယ်ခွင့် လက်မှတ်လိုဟာလေးလည်း မြန်မာစာလုံးပေါင်းမမှန်တမှန်နဲ့ပေးတတ်သေးသည်…။ထိုလက်မှတ်လိုဟာလေးလည်း အဖိုးမနည်းစွာ ဝယ်ရပေသည်…။ပြီးလျှင် သူတို့က မှာတတ်သေးသည်…။ထိုလက်မှတ်လေးအား တပ်မတော်ကမတွေ့စေနှင့် တွေ့လျှင်စစ်ဆေးခံနေရမယ် ဘာဘာညာညာ မှာကြားသေး၏…။
ထို့သို့ ရာဖြတ်ခွန်မဆောင်ဘဲ …ရှောင်ကာ သွားလာမိပါက…မိလျှင် ပစ္စည်းသိမ်းသည် လူလည်းသိမ်းသည်…။
ကျနော်ကတော့ လီဆူးအုပ်စုနှင့် လိုက်ရင်း မှော်ထဲစီးပွားလာရှာခြင်းဖြစ်သည်…။ဟိန္ဒူများလည်း တွေ့ရသေး၏…။ရခိုင်စုလည်းရှိလေ၏…။ကျောက်လာဝယ် တရုတ်ဘက်ပြန်ရောင်းသော ကျောက်ကုန်သည် အလုပ်ကိုလာလုပ်ကြခြင်းဖြစ်သည်…။တချို့ မိုးကုပ်သားလေးများ မန္တလေး စသဖြင့် မြို့မှ သူဋ္ဌေးသားလေးများလည်း လာလုပ်ကြသည်…။
မထိန်းနိုင်သည့် လူငယ်လေးများကတော့ ဘိန်းစားဖြစ်သွားသည်ကို မြင်ရလေ၏…။
တူး၍သော်လည်းကောင်း ဝယ်၍သော်လည်းကောင်း ရသည့်ကျောက်များကို မြစ်ကြီးနားဒါမှမဟုတ် တရုတ်ဘက်သို့ တပတ်မျှနေထိုင်ခွင်လုပ်ကာ သွား၍ ရောင်းချရပေသည်…။
--
ကျနော်စဉ်းစားမိလေသည်…။ထိုလက်နက်ကိုင်အဖွဲ့အစည်းပိုင် ကျောက်တွင်းများလည်းများစွာရှိသည်…။သူတို့လည်း ကျောက်တူးသည်ပေါ့…။ထိုမှရမည့် ဝင်ငွေများစွာ…ဟိုခွန်ဒီခွန်များစွာတို့သည် သူတို့ပြည်နယ်လေး တိုးတက်ဖို့ သူတို့ အမျိုးသားရေးအတွက်ဆိုလျှင် တကယ်သုံး၍ ရနိုင်သည်…။
ထို့အပြင် လက်နက်ဝယ်ရန်အတွက် တောင့်တင်းသော ဘားဂျက်ကြီးသဖွယ် ထိုမှော်များက ပံပိုးပေးနေသည်ဟုလည်း ပြော၍ရချေသည်…။
သို့သော်…ဆေးရုံ ကျောင်းကောင်းကောင်းပင်မရှိပေ…။ထိုပြည်နယ်လေး၌ မထင်ရင် မထင်သလို ထချနေသော စစ်ပွဲများတော့ရှိလေသည်…။မူးယစ်ဆေးဝါးများလည်း သုံးစွဲဖို့ ရေသောက်သလိုလွယ်ကူနေလေသည်…။
အမျိုးသားလွတ်မြောက်ရေး…လူမျိုးစုကောင်းစားရေးမှာ မည်သို့စေတနာနည်း…။NGO.WFP စသည့်အဖွဲ့အစည်းများပင် စားနပ်ရိက္ခာ လှူဒါန်းပေးနေရသေး၏…။
---
( ၃ )
---
ကျနော်တို့နိုင်ငံတွင် အာဏာရှင်ဆိုသည်မှာ တစ်ဦးတစ်ယောက် တစ်ဖွဲ့တည်း မဟုတ်ကြောင်း ကျနော်ရောက်နေသည့် လက်နက်ကိုင်အဖွဲ့အစည်းပိုင် နယ်မြေက ပြောပြနေသယောင်ရှိသည်…။ထိုလက်နက်ကိုင် အဖွဲ့အစည်း၏ ခေါင်းဆောင်များသည် ငြိမ်းချမ်းရေးလိုလားစွာ လက်နက်စွန့်ကြမည် မထင်မိပါ…။အဘယ်ကြောင့်ဆိုသော် အနေအစားချောင်သော ဘဝ…အာဏာချမ်းသာ…ငွေကြေးချမ်းသာသော…ဖက်ခနဲ သေနတ်ပြ ပါဝါပြ တရားဝင် လိုင်စင်ပြ ဓါးပြသဖွယ် ကြီးစိုးမှု စွဲလန်းနေပြီဖြစ်သည်…။
ထိုသူတို့သည် နောက်ထပ်မွေးဖွားလာသော လူငယ်လေးများကိုလည်း လွတ်မြောက်ရေးဟုဆိုကာ ဝါဒမှိုင်းတိုက်ဦးမည်သည်…။မျက်စိနှင့်နားများကို ပိတ်ထားပြီး မူးယစ်ဆေးဝါးနှင့် သူတို့ဘက်ကို ဆွဲခေါ်ထားချေဦးမည်ဖြစ်သည်…။တစ်ချိန်က သမိုင်းဆိုးတစ်ချို့ကို ဟောပြောရင်း ထိုလူငယ်များ၏ ရင်တွင်း၌ လူမျိုးရေးကွဲပြားမှု ဘာသာရေးကွဲပြားမှု အမုန်းတရားများ ထည့်သွင်းကာ ထောက်တိုင်တည်ဆောက်ထားဦးပေမည်…။ထိုသို့တည်ဆောက်ထားသော အပေါ်၌ သူတို့မိန့်မိန့်ကြီး တတ်ထိုင်နေဦးပေမည်…။ထိုသူငယ်များ ပညာကောင်းစွာ မသင်ကြားရသော်လည်း သူတို့သားသမီးများကို ပြည်ပ၌ ကျောင်းထားပေးကြပေမည်…။ထိုလူငယ်များ၏ အနာဂတ်သည် ဂလုပ်ကျွင်းထဲ ခြုံထဲတောထဲတွင် မရေမရာ ပြီးဆုံးသွားမည် ဖြစ်သော်လည်း သူတို့ကတော့ တောင့်တင်းသည့် စီးပွားရေးများကို ပြည်ပ၌သော်လည်းကောင်း…ဆယ်သက်စားမကုန်သည့် ငွေကြေးဥစ္စာများနှင့် သစ်လွင်တောက်ပြောင်နေသော အနာဂတ်များကို ကြည့်၍ ပျော်ရွှင်နေကြဦးချေမည်…။
ကျနော်တို့ နိုင်ငံမှာရှိတဲ့ အာဏာရှင်တိုင်းလိုလို မထူးပင်…။အမျိုးသားရေး မှိုင်းတိုက်ပုံ…အာဏာတည်ဆောက်မှု ကျင့်သုံးပုံတူညီကြသည်…။
--
နောက်ပိုင်း၌ ခပ်ဝဝ အက္ခရာနာမည်ရှိသော လူမျိုးထံမှာ ကျောက်အဝယ်တော် ကိုယ်စားလှယ်တစ်ယောက်လည်းတွေ့ရသည်…။စကားပြောညှက်သည်…စီးပွားရေးသမားပီသသည်…။ထိုလူမျိုးစုလည်း လက်နက်ကိုင်အဖွဲ့အစည်းသာဖြစ်သည်…။ကျနော်ရိပ်မိသည်မှာ သူတို့ချင်း လက်ဝါးရိုက်ထား မိတ်ဆွေဖွဲ့ထားကြသည်… ။
သူတို့ကိုယ်တိုင်တူး တွင်းများမှ ကျောက်များကို တစ်ဖက်နိုင်ငံ သို့ ထိုလူမျိုးထံသို့ အောက်ဈေးဖြင့် ရောင်းချပေးနေသည်ဟု ကျတော်ထင်သည်…။ဒါမှမဟုတ် လက်နက်ဖြင့်လဲလှယ်မည်…။ကျောက်များအပြင် တခြားသံယံဇာတ ပစ္စည်းများကိုလည်း နောက်ဆံမတင်း ခုတ်ထွင်တူးယူရောင်းချပါသေး၏…။သစ်တောများဆိုလျှင် ဦးပြောင်ရှင်းနဖူးသဖွယ် ဖြစ်လာချေပြီ…။ထိုကြောင့် မိုးကျချိန်တွင် တောင်ပြိုခြင်း မြေပြိုခြင်းများ ဖြစ်ပေါ်တက်သည်…။
ထိုအမှုကို ကျူးလွန်သည်မှာ အာဏာရှင် တစ်ဖွဲ့တည်းဟု မဆိုလိုပါ…။အာဏာရှင်လူတန်းစားတိုင်း သူလိုငါလိုသာဖြစ်၏…။ထိုမှ ရလာသော ငွေများကို အမျိုးသာရေး တစာစာအော်ထားသော်လည်း ဖြစ်ဖြစ်မြောက်မြောက်လုပ်ပေးသည်ဟူ၍ မတွေ့ရ…။သူတို့ အာဏာတောင့်တင်းရေးသာ အပြိုင်လုပ်ဆောင်တတ်ပေသည်…။
--
ကျောက်တွင်းလေးတွေ ကောင်းပြီဆို ကျောက်ကျောမိပြီဆို ကျနော်တို့အတွက် ပြဿနာရှိလာသည်…။ထိုလက်နက်ကိုင်အဖွဲ့အစည်းထဲမှ လွတ်ထားသော အရပ်ဝတ်ကျောက်တွင်းစပိုင်တချို့က သူတို့ဆရာကြီးတွေ ပြန်သတင်းပို့၏…။
ပြီးလျှင် နယ်မြေရှင်းလင်းရေး…ဘာဘာညာညာအရေးဟုဆိုကာ ကျနော်တို့ကို မောင်းထုတ်ချေတော့သည်…ကျောင်းတွင်းများကို လက်နက်ကိုင်တို့က ပိတ်လိုက်ကြ၏…။။ထို့နောက် ယင်းကျောက်လုပ်ကွက်များကို သူတို့နှင့် လက်ဝါးရိုက်ထားသူများ…အိမ်နီခြင်း နိုင်ငံမှ ဘောစီများအား လုပ်ခွင့်ပေးလိုက်ချေတော့သည်…။ကျနော်တို့မှာ ဘာမှမတတ်နိုင်…အိမ်ပြန်ရုံသာ ရှိချေမည်…။မပြန်ဘဲ ခိုးတူးသူများလည်းရှိသည်…။မမိရင်တော့ ကောင်း၏…။မိရင်တော့ ဘန်းဘန်း…အသက်ဇီဝိန်ကြွေကျကာ မြေမှာ လဲကျရချေလေသည်…။
ထို့သို့နှင့် မျှော်လင့်ချက်တချို့ အာဏာရှင်တစ်စုအောက်တွင် အရောင်မြိန်ကာ ပြန်ခဲ့ရသော ကျနော့်လိုလူများမနည်းချေ…။
--
(၄)
"သယံဇာတ ကျိန်စာသင့်နေခြင်းလော…"
နိုင်ငံတစ်နိုင်ငံ ဆင်းရဲရသည့် အဓိကအကြောင်းရင်းများတွင်…သံယံဇာတ ပေါကြွယ်မှုဟူသော အချက်ကိုထည့်ထားတုန်းက ကျနော် နားမလည်ခဲ့ပါ…။သယံဇာတ ကြွယ်ဝလျှင် ထိုနိုင်ငံချမ်းသာရမည်ဟုထင်ခဲ့၏…။
ကိုယ့်နိုင်ငံသည် ကုန်းတွင်းပိတ်နိုင်ငံမဟုတ်ခဲ့…။နိုင်ငံရေးပထဝီအနေအထားမှာလည်းတခြားနိုင်ငံများနှင့် မနိမ့်ပေ…။မြေဆီမြေသြဇာ သစ်တောများလည်း တောင့်တင်းခဲ့သည်…။ကုန်းတွင်းပိတ်နိုင်ငံဖြစ်သော အငတ်ဘေးဆိုက်ခဲ့သော အီသီယိုးပီးယားလိုနိုင်ငံပင် အဆင်ပြေနေပြီဖြစ်သည်…။
လူးစွမ်းအားအရင်းအမြစ်လည်း တချိန်က နိမ့်ကျသည်ဟု ဆိုလို့မရချေ…။အကောင်းဆုံး တက္ကသိုလ်ဟု အမည်တွင်ခဲ့သည်…ကုလ၌ အတွင်းရေးမူးရှိခဲ့သည်…။ရိုးသားကြသည် ကိုယ်ကျင့်တရားကောင်းမွန်ခဲ့ကြသည်…။သို့သော် ပြည်တွင်းစစ်နှင့်သယံဇာတက ပူးတွဲပြီး ကျနော်တို့ကို ကျိန်စာရေးထိုးသွားခြင်းဖြစ်သည်…။
ပြည်နယ်အများစု၌ သူ့သယံဇာတနှင့်သူရှိနေသောကြောင့် ပြည်ပမှ လက်နက်ရရန် ဘားဂျက်မပူရချေ…။ထိုသယံဇာတများကို အတ္တကြီးစွာဖြင့် အာဏာရှင် လူတန်းစားများ မက်မောကြရင်း စစ်ပွဲများ အဆုံးမသတ်နိုင်တော့ပေ…။တစ်ယောက်နှင့်တစ်ယောက် နေရာလုကြသည်…။သူ့နယ်မြေ ငါ့မြေဟု ထွင်လာကြသည်…။ဒါငါတို့နိုင်ငံမြေတွေဟူသော စိတ်ဓာတ်ပျောက်ဆုံးကာ လောဘတရားက ကောင်းစွာကခုန်ပေတော့၏…။
တကယ်တန်းထိုဝေဒနာကို ခံစားရသည်မှာ အောက်မှ ပြည်သူများပင်ဖြစ်သည်…။လက်နက်ကိုင်အဖွဲ့အစည်းတို့က နယ်မြေလုံခြုံရေးအတွက် မှိုင်းများချဲ့တွင်ကာ ထောင်လာကြသည်…။ဘူမသိ ကိုးမသိပြည်သူများကနင်း၏…။စစ်ပွဲကြား၌သာ ဗုံးထိကျည်ဆန်ထိသည်မဟုတ်…။လုပ်ရင်းကိုင်ရင်းရှာဖွေရင်းနှင့်ပင် မှိုင်းနင်းမိလို့ သေသူသေ ခြေပြတ်သူပြတ် …။
ကျနော့်မျက်စိနှင့်ပင် မှိုင်းနင်းမိသူများ တွေ့ရသည်…။ခြေထောက်များသည် တခါတည်း ပြတ်ထွက်မသွား…။ကြေမွသွားသည်…။မှိုင်းဒဏ်ရာထက် သွေးထွက်လွန်ကာ သေဆုံးရသည်…။အဘယ်ကြောင့်ဆိုသော် ထမ်းပြေးရင်တောာင် ဆေးရုံဆေးခန်းသို့ရောက်ဖို့ အချိန်များစွာ လိုအပ်သောကြောင့်ဖြစ်၏…။
--
ထိုကျောက်လုပ်ကွက်များမှ မောင်းထုတ်ခံရပြီးနောက် ကျနော်အေးအေးလူလူနေနေခဲ့၏…။ထို့နောက်တစ်နှစ်ကျော်ကြာချိန်လောက်၌ ကျနော့် မိတ်ဆွေတချို့ ကျောက်ပြန်လုပ်ရန်လာခေါ်ကြသည်…။ကျောက်တွင်းများ ပြန်ဖွင့်ပေးပြီဟု သတင်းကြား၍ဖြစ်သည်…။သို့သော် တစ်ခါတော့ လက်နက်ကိုင်ပိုင်နက်အတွင်းသို့ သွား၍ လုပ်ကိုင်မည်ဟု စိတ်မကူးမိတော့ချေ…။
တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့ကြား၌ ရှိသော နယ်မြေ၌ အပေါ်ကျောရှာရန်ဆုံးဖြတ်ခဲ့၏…။ထိုနေရာ၌ ဘိန်းစားကျောက်သူခိုးများလည်းရှိသည်…။သူတို့သည် နေ့ဘက်အချိန်၌ ကျောက်တူးတူရွင်းများကိုင်ရာ ကျောက်တွင်းများကို လိုက်ကြည့်နေတတ်၏…။ညနေ ၅နာရီလောက်တွင် ကျနော်တို့ ဆက်မတူးတော့…။ကျောင်းတွင်းကိုထားကာ နေထိုင်ရာဆီနေရာလေးများသို့ပြန်ကြသည်…။ထိုအချိန်နောက်ပိုင်းမှသာ ဘိန်းစားကျောက်သူခိုးတို့က ညစိုင်းဟုဆိုကာ ကျောက်တွင်းများသို့ ဝင်ရောက်ခိုးယူ တူးကြလေ၏…။
ရယ်စရာပြောရလျှင် ဘိန်းစားချင်ဇောနဲ့မို့လားမသိ ဘိန်းစားများက ကျောက်ပိုရတတ်ချေသည်…။သို့သော် ကျောက်ဝယ်ရောင်းသူများက ဘိန်းစားထံကကျောက်ဆို ဈေးနှိမ်ဝယ်တတ်ကြသည်…။ဘိန်းစားများကလည်း ဘိန်းနှပ်မှန်ရန် သိန်းဂဏန်းတန်ကျောက်များကို သောင်းဂဏန်းလောက်ဖြင့် ရောင်းချတတ်ကြသည်…။ပေါက်ဈေးထက် ၇ဆ ၈ဆလောက် နစ်နာလေသည်…။
ထိုဘိန်းစားများကဲ့သို့ပင်အလား…နိုင်ငံတော်၏ အကြီးစား သူခိုးများကြောင့် နိုင်ငံတော်မှာ များစွာနစ်နာလျှက်ရှိနေပေသည်…။
--
( ၅ )
ပယင်းမှော်လုပ်ကိုင်နေရင်း ကိုက်၃၀၀အကွာလောက်မှာ မှိုင်းနင်းမိသံတွေလည်း ကြားရသည်…။ဘယ်အချိန်များ ငါနင်းမိမလဲဆိုတဲ့ အတွေးတွေက ကျနော့်ကို အနည်းငယ်ခြောက်ခြားစေသည်ကတော့ ဝန်ခံပါသည်…။ထိုနေရာတွင် အပေါ်ကျောရှာသော လူများများပြားလာသောကြောင့်…လက်နက်ကိုင်တွေဘက်က နယ်မြေလုံခြုံရေးဟုဆိုကာ မှိုင်းတွေတိုးချဲ့ထောင်လာကြသည်…။ပထမတော့ မှိုင်းထောင်ထားသည့်နေရာများမှာ သူအမှတ်လေးနဲ့သူရှိသောကြောင့်…ကျနော်တို့မှတ်သားထားကြပြီး ရှောင်ကွင်းသွားလာတတ်သည်…။နောက်ထပ်တိုးမှိုင်းမှာ မည်သို့အမှတ်အသားရှိသည် မသိသောကြောင့် ရင်တထိတ်ထိတ်နှင့်ပင်…။မြေကြီးပေါ်ခြေထောက်ချရမှာ ထိတ်လန့်မိတဲ့ လူတစ်ယောက်ရဲ့ ခံစားချက်က အိပ်ယာဝင်မှုကိုတောင် ကိုက်ခဲစေသည်…။
တစ်ရက်…
"ဒိုင်း…ဒက်…ဒက်…"
"ပြေးဟေ့…တက်ပစ်တယ်ဟ…လိုက်ပစ်နေတယ်…"
လက်နက်ကိုင်တွေဘာစိတ်ရူးထလည်းမသိ…သူတို့ နယ်မြေကနေ ထွက်ကာ ကျနော်တို့ အရပ်သားတွေ ရှိရာကို မဲမဲမြင်ရာ ပစ်ခတ်လေ၏…။
"ခွေးပြေး ဝက်ပြေး ပြေးရတယ်…"ဆိုတဲ့ စကားကို အခုမှ နဖူးတွေ့ ဒူးတွေ့ ကျနော်ကြုံဖူးလေတော့၏…။အသက်နဲ့ကိုယ်အိုးစားမကွဲအောင် လုပြေးရသည်…။ကိုယ့်လိုပဲ ပြေးကြရတဲ့သူတွေအများကြီးလေ…။အုပ်လိုက်ကြီး…။နောက်ပိုင်းပြန်ပြောတော့ အဲဒီတုန်းက အခက်အခဲဟာ ဟာသလိုဖြစ်ပြီး ရယ်မိတတ်၏…။
ချော်လဲ ဒူးပြဲ…ဖုန်တွေထဲလိမ့်…ခြုံတွေငြိနဲ့ပေါ့…။လက်နက်ကိုင်တွေက တောက်လျှောက်လိုက်ပစ်သည်…။
"ဘုရား ဘုရား…မတော်တဆ ကျည်ဆန်လေးများ ငါ့ကို မျက်စိလည်လမ်းမှားပြီး ဘူတာလာစိုက်ခဲ့ရင်…"ဆိုတဲ့ အတွေးနဲ့ ဆူးငြောင့်ခလုတ်တွေကို ဂရုမစိုက်နိုင်ဘဲ ပြေးရလေသည်…။
ကျနော်တို့ ဘယ်ဆီပြေးနေလဲဆိုတော့ တပ်မတော်တပ်ရင်းစွဲထားသော နေရာများဆီသို့ဖြစ်သည်…။လက်နက်ကိုင်များသည် တစ်ခါတခါ ထိုသို့ထထပစ်တတ်ကြောင်း ပြောစကားများအရ သိထားကြသည်…။သို့သော် တပ်မတော်ရဲ့ ပိုက်နက်ထဲထိသို့ သူတို့ လိုက်မပစ်တတ်ပါ…။ပြေးရင်းလွှားရင် စစ်တပ်တပ်ဆွဲထားသော နေရာလေးများလှမ်းမြင်ရလာသည်…။သေနတ်များတိတ်ဆိတ်သွား၏…။သို့သော် ကျနော်တို့ကိုယ် ကျနော်တို့ လုံခြုံသည်ဟု မခံစားရသေး…။တပ်မတော် ယူနီဖောင်းဝတ်ထားသော စစ်သားများနားသို့ရောက်မှသာ ဒုန်းခနဲ ပစ်လှဲပြီး သက်ပြင်းချနိုင်သည်…။ငါလုံခြုံသွားပြီဟု ခံစားလိုက်ရသည်…။
သို့သော် ဗမာအကျင့်ဟုပြောရမည်လား…အသက်ဘေးကြားက ဟာသတွေအလားပါပဲ…။တပ်မတော် ပိုင်နက်ထဲရောက်မှ…လက်နက်ကိုင်တွေဘက်ကို ထဆဲသူဆဲ…ပုဆိုးလှန်ပြသူလှန်ပြ…ခုမှ
"လာခဲ့လေ…လာပစ်စမ်းဘာ…ယီးတောင်မကြောက်ဘူး…"ဟု စိန်ထခေါ်သည့်လူကခေါ် လုပ်ကြသေး၏…။သူတို့ကိုကြည့်ရင်း ကျနော် ငိုရမလိုလို ရယ်ရမလိုလိုပင် ဖြစ်မိပါသေးသည်…။
သို့သော် ကျနော်တို့ အမှတ်မရှိသေးပါ…။လောဘဇောနှင့် မှော်များဆီသို့ ပြန်သွားကြပါသေး၏…။ဒီလိုပဲ လိုက်ပစ်ခံရပြန်သည်…။ဒီလိုပဲ နိုင်ငံတပ်မတော်ရှိရာဆီသို့သာ ကျနော်တို့ ပြန်ပြေးခဲ့ရပြန်သည်…။စစ်တပ်ရှိနေခြင်းကို တစ်ခါမှကျေးဇူးမတင်ဘူးသော ကျနော်သည် စစ်တပ်ကို ပထမဦးဆုံး ကျေးဇူးမိလောက်တဲ့အထိ ဤနေရာက သင်ကြားပေးလိုက်ပါသည်…။
တပ်မတော်ကို မုန်းသည်မဟုတ်…နိုင်ငံရေးကစားကွက်များထက် နိုင်ငံလုံခြုံရေးံ နိုင်ငံသား လုံခြုံရေးများကို ပိုအာရုံစိုက်သင့်သည်ဟု ထင်မြင်မိလာသေး၏…။ဤသို့ နယ်ကျော်လိုက်လံပစ်ခတ်မှု အခြေအနေများကြောင့်…တိုင်ပွဲများ ထပ်မံဖြစ်ပေါ်ဖို့ အလားအလာရှိသည်ဟု ထိုစဉ်ကတည်းက ကျနော်ခန့်မှန်းမိပါသေး၏…။
ထို့နောက် ကျနော်သည် မှော်တွင်းများကို စွန့်ခွာကာ နေရပ်သို့ ပြန်လာခဲ့မိပါတော့သည်…။
-
( ၆ )
အဲဒီနောက်ပိုင်း ရန်ကုန်ကို ကျနော် အလည်တစ်ခေါက်ရောက်ခဲ့၏…။ဆန္ဒပြပွဲများလည်း ရန်ကုန်၌ တွေ့မြင်ခဲ့ရပါသည်…။ဒါပေမယ့်…
"စစ်ပွဲတွေရပ်…"ဟု အော်နေတဲ့ ဆန္ဒပြပွဲကိုတော့ ကျနော်သဘောမကျပေ…။အဘယ်ကြောင့်ဆိုသော်
"တချို့ စစ်ပွဲတွေက
စစ်ပွဲဖြစ်အောင် ဖန်တီးနေတဲ့သူတွေကို
စစ်တိုက်ပြီး စစ်ပွဲဆင်နွဲကာ…
အမြစ်ပြတ်ချေမှုန်းပစ်လိုက်မှ ရပ်သွားတာမျိုး မဟုတ်လား…"
ယခုပဲ ကြည့်လေ…။တပ်မတော်ကို မကျေနပ်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ တပ်မတော်ကို မပြောဘဲ…မတိုက်ဘဲ…ရပ်ထဲ ရွာထဲ မြို့ထဲ ရမ်းကားတိုက်ခိုက်နေပြီမဟုတ်ပါလား…။
တပ်မတော်ဟာ တချိန်က အာဏာဆုပ်ကိုင်ခဲ့တဲ့ အတိတ်သမိုင်းတွေကို တပိုင်းထား…လွတ်တော်ထဲရောက်နေတဲ့ အစိတ်သားကို တပိုင်းထား…ပါဦး…။ဒီလို လက်နက်ကိုင်တွေကြောင့် ဖြစ်လာတာ တပ်မတော်ကြောင့်လို့ဆိုတာတွေ တပိုင်းထားပါဦး…။ကျနော်လည်း အဲဒီအချင်းအရာတွေကို မနှစ်မြို့ ထောက်ခံခြင်းမရှိသူတစ်ယောက်ပါ…။
ဒါပေမယ့် စစ်ပွဲတွေရပ်ဖို့ဆိုရာမှာတော့ တပ်မတော်ကိုချည်း တစ်ဖက်သတ်ဖိအားပေးလို့မရပါဘူးလို့မြင်မိ၏…။လက်နက်ကိုင်အဖွဲ့အစည်းဆိုတာတွေဟာ ယခုအခါမှာ တော်လှန်ရေးသမားမဆန်ဘဲ သောင်းကျန်းသူ သူပုန်ဆန်တဲ့ လုပ်ရပ်တွေ လုပ်နေပြီမဟုတ်ပါလော…။ဒီလိုလူတွေကြီးစိုးတဲ့ နယ်မြေမှာ နိုင်ငံတပ်မတော် တပ်ဆွဲထားတွေ ဖယ်ပေးရမယ်…တပ်မတော်ဟာ ထိုးစစ်မဆင်ရဘူးဆိုရင် …အဘယ်ကဲ့သို့ရှိလာမည်နည်း…။အဲဒီနယ်ပယ်မှာနေထိုင်တဲ့ ပြည်သူတွေ ကူရာမဲ့ဖြစ်ကုန်ပေမည်…။ဒါကြောင့် တပ်မတော်ဟာ အဲဒီအပိုင်းတွေမှာ အလျော့ပေးလို့ မရပေ…။
အာဏာနဲ့ လက်နက်သာ အမူးပြုတဲ့သူတွေရဲ့ လုပ်ရပ်တချို့ဟာ ပြည်သူတွေ ရင်နင့်အောင် ခံစားနေရပြီမဟုတ်ပါလား…။
မြို့တွေ ရွာတွေဝင်ရောက်သောင်းကျန်းသညါ်…။အိမ်တွေမီးလောင်ကုန်၏်…။ပြည်သူတွေ ထွက်ပြေးနေရသည်…။စီပွားရေးလည်း ကောင်းကောင်းမလုပ်နိုင် ဒုက္ခသည်ဘဝသာ စိုက်ရောက်ကုန်သည်…။အဲဒီ ဒုက္ခသည်ထဲက ကလေးတွေ ပညာသင်ဖို့ဆိုတာ စာအုပ်ဖတ်နိုင်ဖို့ဆိုတာတွေထက် အသက်လုပြေးနေရတာ…။အဲ့ကလေးတွေကြီးလာရင် အနာဂတ်အရေးဟာလည်း အဘယ်ကဲ့သို့ရှိမည်နည်း…။လက်နက်ကိုင်တွေကိုပဲအားကျသွားမလာ…။စိတ်ထွက်ပေါက်ရရာ မူးယစ်ဆေးဝါးသားကောင်တွေပဲဖြစ်သွားမည်လား…။ရှေ့ဆက်မျိုးဆက်အတွက်လည်း အလားအလာ မကောင်းနိုင်ပါချေ…။
တပ်မတော်ဆိုတာ ယူနီဖောင်းနဲ့ အရပ်သားသတ်ခွင့်မရှိစည်းကမ်းတွေနဲ့ ဟော့ဟော့ရမ်းရမ်းလုပ်မရပါ…။လက်နက်ကိုင်တွေကတော့ လွတ်လပ်သလိုရှိ၏…။နောက်ဆုံးမြင်ရာပစ်ပြေးသွားလို့ရသည်…။ထို့ကြောင့် လက်နက်ကိုင်တို့ဘက်မှ တပန်းသာသလိုရှိနေသေးသည်…။သို့သော် တပ်မတော်က အင်းအားသုံးချေမှုန်းလျှင် အမြစ်ပြတ် တိုက်ခိုက်နိုင်မည်ဟု ထင်မြင်မိပါသည်…။
---
အဲဒီလို လက်နက်ကိုင်တွေကို ကျနော့်အတွေ့အကြုံအရ စစ်ပွဲမဖြစ်ချင်လို့ ရှောင်ရှားပေးနေမည်ဆိုလျှင် ကျနော်တို့ နိုင်ငံရဲ့ အနာဂတ်ရေးဟာ မည်သို့ရှိမည်နည်း…။
တပ်မတော်က တကယ်တိုက်ပြီဆိုတော့လည်း အပစ်အခတ်ရပ်ဆဲရေးဟု ထအော်ပြန်၏…။စိတ်ထဲအရှိတိုင်းပြောရရင်
"ဒီကောင်တွေလည်း သူတို့လူတစ်စု ကောင်းစားဖို့ ကလိမ်ဥာဏ်ဆင်နေတာပါပဲ…"
ကျနော့်အမြင် ကျနော့်အတွေ့အကြုံအရဆိုလျှင် ဒင်းတို့ကို တိုက်ဖို့ဆိုလျှင်ထောက်ခံမည်ဖြစ်သည်…။တိုက်လျှင်လည်း ပြည်သူတွေကို ထိုနယ်မြေများမှ ရှောင်ခိုင်းပြီး ၁နှစ်ဖြစ်ဖြစ် ပစ်မှတ်ထားကာ အမြစ်ပြတ်ချေမှုန်းစေလိုသည်…။
တဆစ်ဆစ်နာနေတဲ့ ရောဂါကို တစ်ဘဝလုံးခံစားနေရမယ့်တူတူ တစ်ခါတည်း ခွဲစိတ်ထုတ်ပစ်လိုက်လာတာ ပိုကောင်းမည်ဟု မြင်မိ၏…။
--
နိုင်ငံတော်ဟာ အမှားများခဲ့ပြီးပြီ…။အရပ်သားအစိုးရယ် တပ်မတော်ရယ်လို့ ရန်ငြိုးတွေကို ရပ်သင့်ပြီဖြစ်သည်…။သွေးစည်းသင့်ပြီ…။စည်းလုံးညီညွတ်စွာ တိုင်းပြည်ရဲ့ အန္တရာယ်တွေကို ဖယ်ရှားဖို့ လိုအပ်နေပြီဖြစ်သည်…။တပ်မတော်ဟာ သီးသန့်လူကြမ်းတစ်ယောက်လို သရုပ်ဆောင်နေတာတွေလည်း ရပ်တန့်သင့်ချေပြီ…။သူ့လူနေရာရတယ် ငါ့လူနေရတယ် မကြည့်ဘဲ …တကယ်လုပ်နိုင်တဲ့သူကိုတွေ နေရာပေးရမည်ဟု သဘေားထားရတော့မည်ဖြစ်သည်…။ထိုမှသာ အချိန်မီတယ်ဆိုရုံလောက်လေး ပြုပြင်ပြောင်းလဲနိုင်မည်ဖြစ်သည်…။
ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်မျိုးရှိနေတဲ့အချိန်…စစ်ပွဲဆင်နွဲမည်ဆိုလျှင် နိုင်ငံတကာက ဖိအားသက်ရောက်မှုလည်း အရမ်းတင်မာမည်မဟုတ်ဟု ထင်မြင်မိသည်…။အမေစုနှင့်ညှိနှိုင်းတိုင်ပင်၍ အမြင်ကောင်းအောင် ဥာဏ်ကစားကာ အမြစ်ဖြတ်သင့်ခြေပြီ…။
အရင်ဆုံးတော့…စားပွဲပေါ်မှာ စာရွက်တွေနဲ့ ငြိမ်းချမ်းရေးလုပ်စေချင်သည်…။
မရတော့သည့်အဆုံးရောက်လျှင်…
"ပညာရှိတဲ့သူနှစ်ယောက်ဟာ ပညာနဲ့ဖြေရှင်းလို့ရပေမယ့်…
လက်နက်အားကိုးတဲ့သူတွေကို တိုက်ပွဲနဲ့ဖြေရှင်းမှသာ ရမည်"ဟုသာ နှလုံးသွင်းပြီး အမြစ်ပြတ်တိုက်ရန်သာရှိတော့ပေမည်…။
စစ်ပွဲတွေရှိနေသေးသ၍ တိုင်းပြည်တိုးတက်ရေးနှောင့်နှေးမည်ဖြစ်သည်….။မတိုက်ချင်လည်း တိုက်ရတော့မယ့်အနေအထား တစ်ရပ်၌
"စစ်ပွဲတွေရပ်…""ဟုပြောနေခြင်းသည် အလုပ်ပိုရှုပ်အောင် အော်နေတာနှင့် အတူတူပင်ဖြစ်သည်ဟုထင်မြင်မိပါသည်…။
---
€&D
"စစ်ပွဲတွေ ရပ် …
ဆန္ဒရှိသင့်တယ်…ဆန္ဒပြုသင့်တယ်…ဒါပေမယ့် …
စစ်ပွဲဖန်တီးနေတဲ့ သူတွေကို
စစ်တိုက်ချလိုက်မှ စစ်ပွဲတွေရပ်သွားတာမျိုးလည်းရှိတယ်…
စစ်ပွဲဖန်တီးတဲ့ သူတွေကို
စစ်တိုက်ရတဲ့ အတွက် စစ်ပွဲဖြစ်တယ် …
စစ်ပွဲဆိုတာ အဲ့လိုစစ်ပွဲပဲဖြစ်သင့်တယ်…
စစ်သားဆိုတာလည်း အဲလို စစ်သားပဲဖြစ်သင့်တယ်…
အာဏာရူးဖို့အတွက်
ဖြစ်နေတာမျိုး မဖြစ်သင့်ဘူး…"
--
အထက်ပါစာပိုဒ်နှင့်ပတ်သတ်၍ ဆွေးနွေးရင်း
ရရှိလာသော…
ဖြစ်ရပ်မှန် ဇာတ်ကြောင်း ပြန်လည်ပြောပြမှုအား အခြေတည်၍ ရေးဖွဲ့ထားပါသည်…။
မှတ်စုကြမ်း
#zeroneo
No comments:
Post a Comment