Saturday, March 18, 2017

သမီးကြီး

သမီးကြီး (စံဝင့်ထည်)
-------------------------

“ကျွန်မ သမီးကြီးက ချမ်းသာမယ့် ကလေး၊ မိန်းမမြတ်လေးရှင့်။ ကြားဖူးတယ် မဟုတ်လား၊ ယောက်ျား ဝါဆို မိန်းမ ပြာသို တဲ့”

အိမ်ရှေ့ခန်းက အမေ့စကားသံ များကို အခန်းထဲမှာ မီးပူတိုက်နေသည့် သဇင် အတိုင်းသား ကြားနေရသည်။

“အဟင်း ... သမီးကို နှင်းတွေ ဝေအောင် ကျနေတဲ့ ပြာသိုလရဲ့ လဆန်းရက်မှာ မွေးခဲ့တာလေ။ အဲ့ဒီတုန်းက ကျွန်မဖြင့် သမီးအတွက် ဝမ်းသာ လိုက်ရတာရှင်။ ကံကောင်းမယ့် ကလေးလို့။ အနေကလဲ ဘာအေးသလဲ မမေးနဲ့။ နို့ဆာတာတောင် တစ်ချက်မငိုဘူး၊ ဂျီမကျဘူး။ အဲ့ အဲ့ နဲ့ အသံကလေး ပေးရုံလောက်ပဲ။ ညီမဝမ်းကွဲ တစ်ယောက် သူ့ကိုထိန်းရင်း ဝတ္ထုဖတ်တာ စာတစ်အုပ်သာ ဆုံးသွားတယ် ငြိမ်နေတုန်းပဲလေ”

အမေ ပြောသမျှကို နားထောင်နေသော ဧည့်သည်ကတော့ ဘယ်လိုနေမည် မသိ။ ကြွားနေကြ အမေ့ စကားစုများကို သဇင်ကတော့ ရိုးအီစွာ တစ်ချက် ပြုံးမိသည်။

မိန်းမမြတ် ဖြစ်မလား၊ သူဋ္ဌေး ဖြစ်မလားတော့ မသေချာ။ သေချာသည်က အိမ်မှုကိစ္စများ၊ ကျောင်းစာများနှင့် နပန်းလုံးရင်း မောင်ငယ် နှစ်ယောက်ကိုပါ ထိန်း၍ ပတ်ခြာ လည်နေရခြင်း။

ဆူစရာရှိလည်း သမီးကြီး၊ ခိုင်းစရာရှိလည်း သမီးကြီး၊ အလိုရှိသမျှ သမီးကြီး။ လုပ်လက်စ အလုပ်လည်း ဖြောင့်ဖြောင့် မလုပ်ရ၊ နောက်တစ်လုပ်ကို ပြေးလုပ်နှင့် သဇင် တစ်ယောက်တည်း ကြိုးငြိနေသော ဂျင်ကလေးပမာ။

“သမီးကြီးရေ ...”

ဟော ... ခေါ်ပြီ။

“လာပြီ အမေ”

မီးပူကို အခင်းပေါ် ထောင်လိုက်ရင်း အမြန် ထူးရသည်။ တစ်ဆက်တည်း ထရပ်၍ လုံချည်ကို သပ်ရပ်အောင် ပြင်ဆင်လိုက်ပြီး လိုက်ကာလှပ်ကာ အခန်းပြင် ထွက်လိုက်သည်နှင့်

“သမီးကြီးလေ မမ၊ ချောတယ် မဟုတ်လား”

ဟူး ... အမေကတော့ လုပ်ပြီ။ အခန်းကျဉ်းထဲ မီးပူ တိုက်နေရသဖြင့် စို့ထွက်နေသော နဖူးမှ ချွေးများကို ခပ်သာသာ သုတ်ရင်း ဧည့်သည် အဒေါ်ကြီးကို ပြုံးပြလိုက်ရသည်။

“ချောပရှင် ချောပ။ ကလေးက အေးသာနဲ့ တူမှတော့ အချောပေါ့”
“ပြောတော့မယ် မမက။ ဟင်း ... ဟင်း”

ရှက်မျက်နှာ စပ်ဖြီးဖြီးကြီးနှင့် သဘောကျနေသော အမေ့ကြောင့် ရယ်ချင်လှသည်။ သူ့ခမျာလည်း တစ်အိမ်လုံးမှာ ကြွားစရာဆိုလို့ သဇင် တစ်ယောက်ပဲ ရှိရှာတာကိုး။

“ဒါနဲ့ အငယ်လေးတွေရော၊ မမြင်ပါလား အေးသာ”
“အငယ်လေးကို ဆေးတိုက်ထားလို့ အိပ်နေတယ် မမရယ်၊ သားလတ်ကတော့ မူကြိုမှာ”
“အငယ်လေးက ဖျားတာလား”
“မဟုတ်ဘူး မမ။ မွေးတည်းက ပန်းနာရင်ကျပ်ရောဂါ ပါလာတာ။ ခမျာလဲ သနားစရာ။ အိမ်သားတွေလဲ ပင်ပန်းလှပြီ””
“ဪ သတ္တဝါတစ်ခု ကံတစ်ခု ဆိုတော့ ဒီလိုပေါ့ အေးသာရယ်၊ ရာသီက အေးလာပြီ ကလေးကို ဂရုစိုက်နော်”
“ဟုတ်ကဲ့ မမ ဂရုစိုက်ပါတယ်။ ကိုယ် အပင်ပန်းခံမှ ကလေးတွေ သက်သာရမယ်လေ”
“အဟွတ်”

ရယ်ချင်စိတ်ကို ပါးစပ်ပိတ် ချုပ်တည်းလိုက်သဖြင့် သဇင့် လည်ချောင်းမှ ထွက်သွားမိသော အသံ။

“အမေ သမီး မီးပူ ဆက်တိုက် လိုက်ဦးမယ်နော်”
“ဪ ... နေပါဦး သမီးကြီးရယ်။ မီးပူက အရေးမကြီးပါဘူး။ ကော်ဖီမစ်လေး ဖျော်ပေးစမ်း၊ ကြောင်အိမ်ထဲမှာ ကိတ်မုန့်ရှိတယ်။ ညည်း ဒေါ်ဒေါ်အတွက် ယူလာခဲ့”
“ဟုတ်ကဲ့ အမေ”

အိပ်ခန်းထဲ ပြန်ဝင်ပြီး မီးပူပလပ်ကို ဖြုတ်၍ အခန်းထောင့်တွင် တစ်ခါတည်း ထောင်ထားလိုက်သည်။

မီးဖိုခန်း ရောက်တော့ အဆင်ပြေရာ ဖန်ခွက်လေးထဲ ကော်ဖီမစ်ထုပ်ကို ဖောက်ထည့်လိုက်သည်။ အမေကတော့ ထုံးစံအတိုင်း အလုပ်ကို ကော်ဖီမစ်တွေမှာ ရေးထားသလိုပဲ 2 Plus 1 တို့ 3 Plus 1 တို့ ခိုင်းတာပါပဲ။

“ဒါနဲ့များ ကလေးတွေကို သက်သာအောင် ထားတယ်တဲ့။ ဟီ ဟိ”

ပါးစပ်ကပြော၊ လက်ကဖျော်။ ခပ်သွက်သွက် လှုပ်ရှားရင်း ကြောင်အိမ်ထဲက ကိတ်မုန့်ကို ရှာဖွေလိုက်သည်။

ဟော ... တွေ့ပါပြီ ကိတ်မုန့်။ သို့သော် ...

“ကိတ်မုန့်က ဖဲ့လက်စကြီး ပါလား”

ကိုယ်တောင် ခုမှသိသည့် ကိတ်မုန့်ကို ဘယ်သူများ စားထားပါလိမ့်။ အမေလား။ မဖြစ်နိုင်။ အမေက ဘာစားစား အဖေ့ကို အရင်ကျွေးသည်။ ထိုအခါ အဖေက မျိုမကျစွာ သားသမီးများကို ခေါ်ကျွေးမြဲ။

“ဟင် ...။ မသိတော့ပါဘူး”

ကိတ်မုန့် သုံးချပ်လှီးပြီး ပန်းကန်ပြားထဲ သေသေသပ်သပ် ထည့်လိုက်သည်။ ကော်ဖီခွက်ကို အချို ပန်းကန်ပြားပေါ် တင်အပြီးမှာ ...

“သမီးကြီးရေ။ မပြီးသေးဘူးလား”

အင်း ...။ အမေနဲ့တော့ ခက်ရချည့်။

“ပြီးပြီ အမေ။ လာပါပြီ”

ကော်ဖီခွက်ကို မဖိတ်မစင်အောင် သေချာကိုင်၍ အမည်မသိ အဒေါ်ကြီး ရှေ့တွင် မုန့်နှင့်အတူ စားပွဲပုလေးပေါ် တင်ပေးလိုက်သည်။

“ဒေါ်ဒေါ် သုံးဆောင်ပါဦးရှင်”
“မမ စားပါနော်”

သဇင်နှင့် အမေ ပြိုင်တူ ဧည့်ခံလိုက်တော့ အဒေါ်ကြီးက သဇင့်ကို စူးစိုက်စွာ ကြည့်ရင်း အပြုံးဖြင့် ပြန်ပြောသည်။

“သမီးကြီးက လိမ်မာလိုက်တာ။ စားမှာ စားမှာ စိတ်ချ”

အနီးကပ် ကြည့်မိကာမှ သူ့အပြုံးက စိတ်ကြိုက် ပစ္စည်းကို တွေ့သွားသော ဈေးဝယ်သူ အပြုံးမျိုး။ အသားဖြူဖြူ ဝဝဖိုင့်ဖိုင့်နှင့် အဒေါ်ကြီးသည် ထိုင်နေသောအခါ ဗိုက်အိုးက ရှေ့တွင် အပုံလိုက် ထွက်နေသည်။ ဆေးဆိုးထားသဖြင့် နက်မှောင်နေသော ဆံပင်များကို ကောက်ထားပြီး နောက်ဘက်တွင် ရွှေဆံညှပ်ဖြင့် စည်းနှောင်ထားသည်။ ဘေးတွင် ချထားသော လက်ပွေ့အိတ်က နာမည်ကြီးတံဆိပ် ဖြစ်၍ သားရေရောင် ပြောင်လက်နေသည်။ ဝတ်ဆင်ထားသော အပွင့်ကြီးကြီး ပါတိတ် ဝမ်းဆက်ကလည်း အရောင် တောက်နေသေး သဖြင့် သူ့နားမှာ ထိုင်နေရှာသော မွဲခြောက်ခြောက် ဆံပင်နှင့် ပိန်ကုပ်ကုပ် အမေ့ အသွင်က ပို၍ နွမ်းနယ်နေသယောင်။

“သမီးကြီး”

စူးစမ်းမိသော မျက်ဝန်းတို့သည် အမေ့ခေါ်သံကြောင့် အမေ့ထံ ပြန်ရောက်ရသည်။

“အငယ်လေးကို တစ်ချက်လွှဲပြီး သားလတ်ကို သွားကြိုလိုက်တော့။ နှစ်နာရီ ထိုးနေပြီ။ ဆင်းတော့မှာ”
“ဟုတ်ကဲ့ အမေ။ သမီး သွားလိုက်မယ်။ အငယ်လေးအတွက် ဆေးတစ်ခါတည်း ဝင်ဝယ်ခဲ့ရမလား။ ညနေကျရင် လေးနွယ် လာမှာမို့ အမေ”
“ဆေးက တစ်ခါတည်း ဝယ်ခဲ့၊ စပ်နေကြ ဆေးလို့ ဆိုင်ကို ပြောနော်။ ပိုက်ဆံက ခေါင်းရင်း တန်းပေါ်မှာ ပိုက်ဆံအိတ် ရှိတယ်။ နှိုက်သွားလိုက်။ ညည်း လေးနွယ် လာလဲ အဲ့ဒါက အရေးမကြီးတော့ဘူး။ လာလာ မလာလာ”
“ရှင် ...။ ဘာဖြစ်လို့လဲ အမေ”
“သွားပါ သမီးကြီးရယ်။ ညနေကျ အမေ ပြောမယ်။ ဆေးဝယ်ရင်း လမ်းထိပ်မှာ ညည်းအဖေကို ဒီနေ့ ဆိုက်ကား စောစောသိမ်းခဲ့ ဧည့်သည် ရောက်နေတယ်လို့ ဝင်ပြောခဲ့ဦး။ မမေ့နဲ့နော်”
“ဟုတ်ကဲ့ အမေ”

အခန်းထဲဝင် အငယ်လေး အိပ်နေသော ပုခက်ကို သာသာ လွှဲလိုက်ပြီး အမေ့ ပိုက်ဆံအိတ်ထဲမှ ငါးရာတန် ခပ်နွမ်းနွမ်းလေး တစ်ရွက် ယူလိုက်သည်။ တံခါးရွက် ပေါ်တွင် ချိတ်ထားသော ထီးကောက်ကို လှမ်းယူပြီး မူကြိုဆီသို့ ထွက်ခဲ့ရသော်လည်း စိတ်ထဲမှာ တွေးနေမိသည်က

“လေးနွယ် လာရင် တက္ကသိုလ်တက်ဖို့ တိုင်ပင်ကြမယ့်ဟာကို အမေက ဘာလို့ အရေးမကြီးဘူး ပြောတာပါလိမ့်”

* * *

မူကြိုရောက်တော့ “လတ်မင်းဇေယျာ” အမည် ထိုးထားသော ခရမ်းရောင် အင်္ကျီလေးနှင့် သားလတ်က အပေါက်ဝမှာ စောင့်နေပြီ။ နေ့ချိုင်း ညချိုင်းများနှင့် အလုပ် ရှုပ်နေတတ်သော အမေက အကွက်စေ့အောင် ခိုင်းတတ်သလို အမည်ပေးလည်း တော်သည်။ သားလတ်မို့ “လတ်မင်းဇေယျာ”၊ အငယ်လေးက သနားစရာ အသဲညှာလေးမို့ “ဖြိုးမင်းညှာ” တဲ့။ သဇင့်ကိုကျတော့ ခွာညိုတွေ၊ သဇင်တွေ ပွင့်သော ဆောင်းလပြာသိုမှာ မွေးလို့ “တော်ဝင်သဇင်” တဲ့လေ။ တတ်လဲ တတ်နိုင်တဲ့ အမေ။

“သားလတ်ရေ ပြန်ကြစို့”

ပြောအပြီး လက်ကမ်း လိုက်တာနဲ့ သားလတ် လက်ကလေး တစ်ဘက်က သဇင့် လက်ဖဝါးထဲ နွေးထွေးစွာ ရောက်လာသည်။ ကျောပိုး အိတ်ကလေးကို ချွတ်ယူလွယ်ပေးလိုက်တော့ ပေါ့ပါးသွားသည့် သားလတ်က ခုန်ဆွခုန်ဆွနှင့် ဘေးက လိုက်ပါလာသည်။

“ညီညီ့အတွက် ဆေးသွားဝယ်မလို့လား မမ”
“ဟုတ်တယ် သားလတ်၊ အဖေ့ကိုလဲ အိမ်စောစော ပြန်ခဲ့ဖို့ မှာရဦးမယ်၊ အိမ်မှာ ဧည့်သည် ရောက်နေတယ်”

ခုန်ဆွဆွ သွားနေသော သားလတ် ရပ်တန့်သွားပြီး မျက်ဝန်း ပြူးပြူးလေးဖြင့် မော့ကြည့်လာသည်။

“ဘာလဲ သားလတ်”

မျက်ဝန်းလေးများကို ငုံ့မိုးကြည့်ရင်း သဇင် မေးမိသည်။

“ဧည့်သည် လာတယ်ဆိုတော့ မုန့်ကျွေးလား မမ”
“ဪ ကျွေးတာပေါ့ဟဲ့၊ ကိတ်မုန့်နဲ့ ကော်ဖီတိုက်ခဲ့တယ်”
“ဟာ”
“ဘာလဲ အလန့်တကြား”

မေးရင်းနှင့် သဇင့် မျက်ဝန်းထဲမှာ ကိတ်မုန့်အပဲ့ကို မြင်ယောင်မိသည်။ ဒင်းလေး လက်ချက်ပဲ ဖြစ်မည်။ အသက်လေးနှစ်နှင့် မမျှအောင် လည်လွန်းပြီး မျောက်ရှုံးအောင် ဆော့တတ်သော သားလတ်၊ အစားအသောက်ဆို တစ်အိမ်လုံး ဘယ်နေရာ ဝှက်ထားထား အနံ့ခံ ကောင်းလှသည့် သားလတ်လေ။

“ပြောစမ်း သားလတ်၊ ကြောင်အိမ်ထဲက ကိတ်မုန့် မင်းစားတာလား”
“ဟာ ... မမကလဲ၊ အမေ့ကို မပြောနဲ့နော် ခိခိ”

ငြင်းမလို လုပ်ပြီးမှ တိုင်မပြောရန် လာညှိပြီး ရယ်နေသည်။ ဒင်းကလေးတော့လေ။ သနားစိတ်ကြောင့် ဆူလည်း မဆူရက်။ ကလေးဆိုတော့ မုန့်မြင်လျှင် စားချင်ပေမပေါ့။ နောင်ဆိုလျှင်တော့ မိဦးဖဦး မစားရန် ဆုံးမရပေဦးမည်။ မောင်နှမ နှစ်ယောက် ဆေးဝယ်ပြီးမှ အဖေ့ဆိုက်ကားကို တွေ့သည်။

“အဖေ ဧည့်သည် ရောက်နေလို့ ဒီနေ့ စောစော သိမ်းခဲ့ပါတဲ့ အမေက”

သဇင့် စကားကြောင့် အဖေ့မျက်နှာ ရိပ်ကနဲ ညိုသွားပြီးမှ

“အေး အေး သမီး ပြန်ခဲ့မယ် ပြောလိုက်”

လက်ထဲမှ ဆေးလိပ်ကို ဆက်ဖွာနေသည့်အဖေ့ကြောင့် အိမ်ပြန်ခဲ့ကြသည်။

ဪ ... စဉ်းစားရ ခက်လှပါဘိ။

* * *

သားလတ်ကို သနပ်ခါး လူးပေးနေတုန်း အငယ်လေး နိုးသံ ကြားရသည်။ အင်္ကျီအမြန် ဝတ်ပေးလိုက်ပြီး အငယ်လေးကို အမေ့ လက်ထဲမှ ပြောင်းယူရသည်။ သဇင် မမြန်ရင် အမေက ခေါ်တော့မှာလေ။

ဧည့်သည်နှင့်မို့ ညနေစာကို ဘယ်လို ချက်မှာလဲ၊ အဖေ လမ်းထိပ်က ဝယ်လာမှာလား၊ အမေ မပြောသေးတော့ သဇင် မသိပါ။ ခဏနေတော့ အဖေ ပြန်ရောက်လာသည်။ ခေါက်ဆွဲကြော်တွေ ဝယ်လာ၍ ပြင်ဆင်ပြီး အိမ်ရှေ့မှာ တည်ခင်းပေးရ ပြန်သည်။

အမေ့ အပြုံးက လန်းရွှင်နေသလောက် အဖေ့ အပြုံးက ခပ်ယဲ့ယဲ့။ စပ်စုလိုသော်လည်း ဧည့်သည်ပြန်ရင် သိရမှာပဲမို့ အငယ်လေးကိုသာ ထိန်းနေမိသည်။ သားလတ်ကတော့ ပါးစပ်ပြင်နေ၍ ငေါက်ထားရသည်။

ဧည့်သည် ပြန်ကာနီးတော့ အမေက ခေါ်ပြန်သည်။

“သမီးကြီးရေ သမီးဒေါ်ဒေါ် ပြန်တော့မယ်။ လာနှုတ်ဆက်ပါဦး”
“ဟုတ်ကဲ့ အမေ”
“ပြန်တော့မလား ဒေါ်ဒေါ်”

အမေ့ကို အသံပြုရင်း အငယ်လေးကို ချီပိုးထားသည့် အတိုင်း ထွက်နှုတ်ဆက်တော့

“သွားပြီ သမီးရေ နောက်ရက် ထပ်တွေ့မယ် သိလား”
“ဟုတ်ကဲ့ ဒေါ်ဒေါ်”

လက်တပြပြနှင့် အိပဲ့ပဲ့ ထွက်ခွာသွားသော ကိုယ်လုံးကြီးကို အမေတို့နှင့်အတူ ငေးနေမိတုန်း

“ဂလုံ”
“ဟောတော့”
“ဟဲ့ ဘာတုန်း”

မီးဖိုခန်းက အသံကြောင့် ပြေးဝင်ကြည့်ကြတော့ သားလတ်က ခေါက်ဆွဲတွေ စားနေပြီ။ ခေါက်ဆွဲမျှင်များအား ဝါးရင်း ရယ်ပြနေပုံကြောင့် စိတ်ရှုပ်သည့်ကြားမှ ရယ်မိရပြန်သည်။

အဖေ ရေချိုးပြီးမှ အတူလက်ဆုံစားသည့် ထမင်းဝိုင်းက မကြုံစဖူး တိတ်ဆိတ်စွာ။ အသံမဲ့ခြင်းကြောင့် လေးလံလာသည့် စိတ်များကြားမှ လေးနွယ်ကို သတိရလိုက်မိသည်။ မိုးတောင် ချုပ်တော့မည်။ လေးနွယ် မလာဘူးလား။

“အမေ လေးနွယ် မလာဘူးလား”

သဇင့် အမေးကြောင့် ထမင်းငုံ့စားနေသည့် အမေက တစ်ချက် မော့ကြည့်ပြီး

“လာတယ် သမီးကြီး၊ အမေ ပြန်လွှတ်လိုက်တာ”
“ရှင် သမီးကိုလဲ မပြောဘူး အမေရယ်၊ ဧည့်သည် ရှိနေလို့ ဆိုရင်လဲ သမီးတို့ နောက်ဖေးမှာ စကားပြောလို့ ရတာပဲကို။ ဆယ်တန်း အောင်မှတ်တွေက ဘယ်မေဂျာ လျှောက်လို့ ရမလဲ တိုင်ပင်မလို့ ပါဆို”

စားလက်စကို ရပ်ပြီး စိတ်မကောင်းစွာ သဇင် ပြောမိတော့

“သမီးကြီး ...”

တစ်ခုခု ပြောရန် အမေ ပြင်သည်။

“အေးသာ သမီးကြီး ထမင်းစားလို့ ပြီးပါစေဦး”

သားအမိ နှစ်ယောက်ကြား အဖေက ဝင်ဟန့်သည်။ ဘာအကြောင်းတွေများ ရှိနေကြတာလဲ သဇင် ခေါင်းရှုပ်လှသည်။

“သမီး ပြီးပါပြီ အဖေ။ အဖေတို့ ပြီးရင် ပန်းကန်တွေ သိမ်းဖို့ စောင့်နေတာ”
“ဒါဆို အဖေ့ပန်းကန် သိမ်းလိုက်တော့ သမီး”
“ကျွန်မလဲ ပြီးပါပြီတော်၊ ပန်းကန်တွေ နိုင်သလောက်ပဲ သယ်သွား သမီးကြီး၊ ကျန်တာ အမေ ယူလာမယ်”

ဗုဒ္ဓေါ။ အရင်ဆို စားပြီးတာနဲ့ လက်ဆေးဖို့သာ ထသွားတတ်သော အမေပါ။ ထူးဆန်းလှသည့် အမေ့ စကားကြောင့် ကိုယ်ကိုကိုင်းပြီး ပန်းကန် လှမ်းယူနေရင်းမှ ခါးကိုတောင် ပြန်မမတ်နိုင်ဘဲ အံ့ဩစွာ ကြည့်လိုက်မိသည်။ အဖေသည်လဲ သဇင့်နှယ်။

“နောင်လဲ ကျွန်မပဲ သိမ်းရတော့မယ့်ဟာ”

သဇင်က ဘယ်ရောက်သွားမှာ မို့လို့လဲ တွေးမရ။ အမေကတော့ ပန်းကန်တချို့ ယူပြီး ရေကပြင်သို့ သွားနှင့်ပြီ။

ဆေးရင်းကြောရင်း စိတ်ရှုပ်နေတော့ ပန်းကန်တွေတောင် လွတ်ကျတော့မလို။

* * *

“သမီးကြီး ပြီးရင် အိမ်ရှေ့လာခဲ့ဦးနော်”
“ဟုတ်ကဲ့ အဖေ”

အဖေ့ကို ပြန်ထူးရင်း စိုနေသော လက်ကို တိုင်တွင် ချိတ်ထားသော လက်သုတ်ပုဝါနှင့် သုတ်ပြီး အိမ်ရှေ့ ထွက်လာခဲ့သည်။

ရောက်ပြန်တော့လဲ အဖေနဲ့ အမေက ကြမ်းပြင်ပေါ်မှာ မတုန်မလှုပ်။

“သမီးကို ဘာပြောမလို့လဲ အဖေ”

အဖေ့ မျက်နှာကို တစ်ချက် လှမ်းကြည့်ပြီးမှ အမေက

“သမီးကြီးကို အမေတို့ အိမ်ထောင် ချပေးမလို့”
“ရှင် အမေ”

အမေ့ အသံက နားနားကပ်ပြီး ကျယ်လောင်စွာ ပြောလိုက်သလို ခံစားရသည်။ ကိုယ့်နားကိုယ်ပင် မယုံနိုင်စရာ။

“အမေ ဘယ်လို ပြောလိုက်တယ်။ သမီးကို အိမ်ထောင် ချပေးမလို့ ဟုတ်လား။ သမီးက ခုမှ ဆယ်တန်း အောင်တာလေ။ တက္ကသိုလ်တောင် မတက်ရသေးဘူး။ ဘာတွေ လျှောက်ပြော နေတာလဲ”
“ခုမှ ဆယ်တန်းအောင်တာ ညည်းက ကျကျ နေတာကိုးအေ့။ အသက်က ဆယ့်ခြောက်နှစ်မှ မကတော့တာ”

သဇင့် အငြင်းစကားကို အမေက ခွန်းတုံ့ပြန်သည်။

“အေးသာရယ် သမီးကြီးကို နားဝင်အောင် ကောင်းကောင်း ပြောပါ။ စာမေးပွဲကျတာ သမီးကြီးက မကြိုးစားလို့ ကျတာမှ မဟုတ်ဘဲ။ ငါတို့ အိမ်အခြေအနေ အရ သူက အလုပ် ထွက်ထွက် လုပ်နေရတာကိုး။ အရေးထဲ ငါတို့ကလဲ အသက်ကြီးမှ ကံ ပေါ်ပေါ်နေတော့ မရည်ရွယ်ဘဲ ထပ်ရတဲ့ ကလေးတွေနဲ့ မင်းကိုလဲ တစ်ဘက်က ပြုစုနေရတော့ ဆက် မဖြေဖြစ်တာလဲ ပါတယ်လေကွာ။ မင်းမလဲ”

အဖေ ဝင်ပြောတော့ အမေ့ မျက်စောင်းက အဖေ့ထံ ရောက်သွားသည်။

“ဒါတော့ ကျုပ် တစ်ယောက်တည်း အပြစ်လား။ တော်ရော မပါလို့လား”
“ဟာကွာ ... ကလေးရှေ့မှာ။ ငါပြောလိုက်ရ ...။ ဆေးသောက်ဖို့ မေ့တဲ့နေ့တွေအတွက် ဆေးကို အလုံးကျော်ကျော်ပြီး ဘာလို့ သောက်တုန်း။ တယ် ...”
“အိုတော် ဆေးကို မညာချင်လို့ပေါ့တော့။ ကျုပ် မညာတတ်တာ ရှင် အသိပဲ”
“ကဲပါ အဖေနဲ့ အမေရယ် ရန်မဖြစ်ကြပါနဲ့။ သမီး တောင်းပန်ပါတယ်”

ထိုကိစ္စကို သဇင်လည်း သေချာနားမလည်။ နားလည်သည့်တိုင် အတန်းပညာလည်း မရှိ၊ ကျန်းမာရေး ဗဟုသုတလည်း နည်းပါးလွန်းသော အမေ့ကို ရှင်းပြလို့လည်း ရမယ် မထင်ပါ။

“အေး ဒါတွေကြောင့် ညည်း ကျောင်းဆက်တက်ဖို့ မဖြစ်နိုင်တော့ဘူး။ ယောက်ျားယူမှ ဖြစ်မယ် သမီးကြီး”
“ဘာဆိုင်လို့လဲ အမေရယ်”

ကိုယ့်ဖက်ကို မြားဦး ပြန်လှည့်လာသည့် အမေ့စကားကြောင့် အထွန့်တက်လိုက်ရင်း အဖေ့ကို စစ်ကူရမလား လှမ်းကြည့် မိသည်။ သဇင့် မျက်ဝန်းများကြောင့် အဖေက ဟိုသည်ကြည့်ရင်း မျက်နှာ လွှဲသွားသည်။

“ညည်းအဖေလဲ မကယ်နိုင်ဘူး သမီးကြီးရေ၊ ကြည့်မနေနဲ့။ အမေ ပြောတာပဲ နားထောင်။ ညနေက ပြန်သွားတဲ့ မိန်းမက အမေတို့အိမ်ကို အပေါင်ခံထားတဲ့ သူပဲ။ သူ့ယောက်ျားကတော့ သွေးတိုးရောဂါနဲ့ ဆုံးတာ ကြာပြီ။ သူ့မှာ သားနှစ်ယောက်၊ သမီးတစ်ယောက် ရှိတယ်။ သမီးလတ်က နိုင်ငံခြားမှာ အလုပ်လုပ်တယ် ဆိုပဲ။ သား အငယ်ကလဲ သူ့အစ်မဆီမှာ ကျောင်းသွားတက် နေတယ်တဲ့။ သားအကြီးပဲ ဒီကလုပ်ငန်းတွေကို ဦးစီးရင်း သူနဲ့ အတူနေတာ”

မစားရ ဝခမန်း ပြောနေသည့် အမေ့စကားများကို စိတ်ညစ်စွာ နားထောင်နေရသည်။

“ဟိုတစ်လောလေးက ဒီလမ်းထဲမှာ သားအမိ နှစ်ယောက် အတိုး လာကောက်ကြရင်း သမီးကိုမြင်တော့ သူ့သားက သဘောကျ သွားတယ်တဲ့။ အမေ ပြောပေးပါ ဆိုလို့ ဟိုတစ်ရက်ထဲက လာပြောတာပဲ။ အိမ်မှုကိစ္စ နိုင်နိုင်နင်းနင်း ရှိတဲ့ သမီးအကြောင်းလည်း သူတို့ သိနေတယ်”

ပြောရင်းနှင့် အမေက ရေတစ်ခွက် ထသောက်ပြီးမှ ပြန်ထိုင်၍

“သမီး အဖေလဲ အသက်ကြီးပြီ။ ဟိုတုန်းက မိုးဒဏ် နေဒဏ် ခံခဲ့တာတွေ အခုမှ ရောဂါတွေက ထကုန်ပြီလေ။ ဆိုက်ကား သိပ်မနင်းနိုင်တော့ အကြွေးတွေက ပူနေတယ်။ အမေကလဲ ကလေးနှစ်ယောက် တာဝန်နဲ့ ဆိုတော့ အလုပ် ထွက်လုပ်လို့ မရ။ အငယ်လေးရဲ့ မမာစားရိတ် ကလဲ ရှိသေးတယ်။ ဒီအိမ်ကလဲ ဆုံးတော့မယ် သမီး။ အမေတို့ မိသားစု ခွေးမောင်းသလို အမောင်းမခံရဖို့၊ နေစရာ အရိပ်ရှိဖို့ သမီးကြီး ကယ်မှ ဖြစ်မယ်။ ငါ့သမီး ချမ်းချမ်းသာသာ နေရမှာပါ။ မိဘကို သိတတ်တဲ့ သားသမီး ဘယ်တော့မှ မဆင်းရဲဘူး”

တတွတ်တွတ် ပြောနေသော အမေ့စကားသံတွေက ခေါင်းပေါ် ဝန်ထုပ်ကြီး ပိကျလာသကဲ့သို့။ တာဝန်နှင့် သိတတ်ခြင်းက ချောင်ပိတ်ပြီး အလဲထိုးသဖြင့် သဇင့်အဖြစ်က ထွက်ပေါက်မဲ့စွာ။

တလိမ့်လိမ့် စီးဆင်းလာသော မျက်ရည်များ ကြားမှ အားတင်းရင်း

“ယောက်ျားတော့ မယူပါရစေနဲ့ အမေရယ်။ ကျောင်းမတက်နဲ့ဆို မတက်တော့ပါဘူး။ သမီး အလုပ် လုပ်ကျွေးပါ့မယ် နော် အမေ”
“အိုအေ ... ငြင်းလို့ ဘယ်ဖြစ်တော့မလဲ။ ညည်းအဖေနဲ့ငါ ညနေက လက်ခံလိုက်ပြီ။ ဒါမှမဟုတ်ရင် ရှေ့လဆို ဒီအိမ်က ဆင်းပေးရတော့မှာ။ ငါတို့ ဘယ်မှာ သွားနေမလဲ ပြော။ အိမ်လခလဲ မတတ်နိုင်ပါဘူး။ ဒီခြံနဲ့ ဒီတဲတောင် ညည်းအဖိုး ငါ့အဖေ ပေးခဲ့လို့သာပေါ့”

သက်ပြင်း တစ်ချက်ကို ခပ်လေးလေး ချရင်း အဖေက အိမ်ရှေ့ ကွပ်ပျစ်ဆီ ထထွက်သွားသည်။ အမေ ပြောသမျှ နာခံပေရော့ ဆိုသည့် သဘော။ ဝမ်းနည်းစွာ ခေါင်းငိုက်စိုက် ချမိတော့ မျက်ရည်များက ကြမ်းပေါ် ခုန်ချကုန်သည်။

“နော် သမီးကြီး။ မနက်ဖြန်ကို လက်မှတ်ထိုးဖို့ သူတို့သားအမိ လူကြီးတွေနဲ့ လာကြလိမ့်မယ်။ အမေတို့ စိတ်ဆင်းရဲအောင် မလုပ်ပါနဲ့။ နောက်ဆို တိုက်ကြီးပေါ်နေ၊ ကားကြီးစီးပြီး သမီး ပျော်ရမှာပါ။  အမေတို့လဲ အတိုးမပေးရဘဲ ဒီအိမ်လေး အပိုင်ပြန်ရမှာ။ ဘယ်လောက် ကောင်းလိုက်လဲ။ ငွေရှိရင် ပညာတတ်ဖို့ မလိုပါဘူး သမီးရယ်။ နော် ကြားလား။ ငိုမနေနဲ့ တိတ်တော့။ မနက်ဖြန်အတွက် အမေ ညည်းအဖေနဲ့ စကားပြောရဦးမယ်။ သွားအိပ်ချေတော့ သွား  ...”

ပညာတန်ဖိုး မသိရှာသော အမေ့စကားများက တစ်ဆိတ်တော့ ပြင်းထန်လွန်းလှသည်။ ခွင့်ပြုချက်ရသည်နှင့် အိပ်ခန်းထဲ တန်းဝင်၍ ငိုရှိုက်မိသည်။ မည်သူ့ကိုမှ အဆိုတင်သွင်းခွင့် မရှိဘဲ ကံပြုသမျှ နုရတော့မည်။

လေးနွယ်ရေ ... သဇင်တော့ ကျောင်းတော်ကြီးနဲ့ ဝေးရပြီ။

* * *

တစ်ညလုံး ငိုရှိုက်ထားသောကြောင့် မို့အစ်နေသော မျက်ခွံများနှင့် မိုးလင်းခဲ့ရသည်။

စိတ်ညစ်သော်လည်း ဧည့်သည်များ လာမည်မို့ အမေခိုင်းသမျှ စက်ရုပ် တစ်ရုပ်လို လုပ်နေမိသည်။ စာချုပ် တစ်စောင်နှင့် အပိုင်သိမ်းသွားမည့် အကျဉ်းရုံး လက်ထပ်ပွဲကို အမေက သဇင့်ထက် ရင်ပိုခုန်နေသည်။ အဖျား ချွန်ကျနေသော မွဲတဲတဲ ဆံပင်များကို ဆီအရွှဲသား လိမ်း၊ ပြောင်အောင် ဖြီးပြီး ဆံထုံးများပင် ထုံးထားသေးသည်။ တိုက်ပုံ ဝတ်ထားသော အဖေကတော့ ဆေးလိပ် တစ်လိပ်နှင့် ငြိမ်သက်စွာ။ မောင်နှစ်ယောက်ကို ဘေးအိမ်ရှိ အကြီးသိန်းထံတွင် သွားအပ်ထားကြသည်။

ဆန္ဒ မပါသည့် ရုပ်ပြပွဲကို အပြုံးတုဖြင့် ဖေါ်ကျူးရဦးမည်။
အမေ့ အလိုကျ မိတ်ကပ်ပါးပါး လိမ်း၍ နှုတ်ခမ်း နီဖျော့ဖျော့ ဆိုးရသေးသည်။ နက်မှောင် ရှည်လျားသည့် သဇင့် ဆံပင်များကို အမေက ကျစ်ဆံမြီး လာကျစ်ပေးသည်။ ကိုယ့်အတွေးနှင့် ကိုယ်မို့ မည်သူမျှ စကားမဆိုဖြစ်ကြ။

အမေ့သေတ္တာထဲမှ ထုတ်ပေးသော ပိုးသားအောက်ခံ ပန်းရောင် ဇာဝတ်စုံကို ဝတ်ဆင်လိုက်ခြင်းဖြင့် အလှပြင်ခြင်း ပြီးဆုံးသည်။

“မှန်ကြည့်ပါဦး သမီးရဲ့ ၊ အမယ်လေး ... ငါ့သမီးလေးက လှလိုက်တာ။ သမီးကို သူတို့ချစ်မှာပါ”

ဪ ... အမေရယ်။ တကယ် ချစ်ကြမှာလား။ ခဏလေး ချစ်ကြမှာလား။ ငွေဝယ်ကျွန်လို ပေးဆပ်ရမှာလား။ လမ်းထိပ် ကုန်စုံဆိုင်က မမြသိန်း ယောက်ျားလို အချိန်တန် အိမ်ပြန်လာပြီး အပြင်မှာတော့ ပွေရှုပ်ဦးမှာလား။

မသိနိုင်ပါဘူး အမေရယ် ...။

စိတ်ထဲကသာ ပြောနေရင်း နှုတ်ကတော့ မဟလိုတော့ပါ။ ရုပ်သေးနှင့် မခြားသည့် ဘဝမှာ ထဆိုထ၊ ကဆိုကလိုက် ပါတော့မည်။ တာဝန်သိလျှင် တာဝန်ရှိ၍ သဇင့်ဘဝကို မိသားစုအတွက် စတေးလိုက်ပါတော့မည်။

အမေတို့တွေ လုံခြုံပါစေတော့ ...။

* * *

အိမ်ရှေ့မှ ကားရပ်သံ၊ နှုတ်ဆက် ခရီးဦး ကြိုနေသော အမေ့ အသံများကြောင့် ကျလုလု မျက်ရည်များကို ထိန်းလိုက်ရသည်။ ပျောက်ကွယ်နေသော အဖေ့ အသံကို တမ်းတမိသည်။ ဝမ်းမနည်းပါနဲ့ အဖေ။ သမီး ပြုံးပြီး လိုက်သွားပါ့မယ်။

ရင်ခုန်သံဆိုတာတောင် မသိသေးတဲ့ ဘဝကို အနှောင်အဖွဲ့ တစ်ခုထဲ သွတ်သွင်းလိုက်ပါ့မယ်။

သမီး ဘယ်ဘဝရောက်ရောက် အဖေတို့ လုံခြုံစေဖို့ ထာဝရ လိုက်သွားမှာပါ။ တန်ဖိုးထားရ ကောင်းမှန်း မသိတဲ့လူမို့ လက်မှတ်ထိုးမယ့် နေ့မှ ရောက်လာတဲ့ သတို့သားပဲလေ။ သမီးကြီး တစ်ယောက် အနေနဲ့ မနိုင်တဲ့ တာဝန်ကို ဘဝနဲ့ရင်းပြီး ထမ်းရတာလဲ မင်္ဂလာတစ်ပါးပါပဲ အဖေ။ လွင့်ပျံလာသည့် စကားသံများ ကြားမှာ အဖေတို့ကို ဆိုက်ကား တစ်စီးကြီးများတောင် ဝယ်ပေးဦးမည် ဆိုပါလား ...။

* * *

“သမီးကြီး ... အိမ်ရှေ့ ထွက်ခဲ့တော့လေ သမီး။ လူကြီးတွေ ရောက်နေပြီ ...”

ဟော ... အမေ ခေါ်နေပြီ။ အိမ်ရှေ့ခန်းဆီ သွားရတော့မည်။ မကြွချင်သော ခြေလှမ်းများက လေးလံလွန်းသည်။ စာချုပ် တစ်ခုဖြင့် ဘဝ တစ်ခုကို သိမ်းကြတော့မည်။ အမေ ပြောသလို အတိုးမပေးရဘဲ ဒီအိမ်ကို အလကား ပြန်ရတာ ဟုတ်လို့လား အမေ ...။

“သမီးကြီးရေ” လို့ ခေါ်နေခွင့်နဲ့ အမေ လဲလိုက်ရတာပါ။

သမီး မရှိတဲ့ ဒီအိမ်လေးမှာ အမေ ပင်ပန်းရဦးမယ် ...။ အမေတို့ ရမယ့် ဆိုက်ကားလေးကို နင်းပြီး ခိုင်းသလို သမီးဘဝလဲ ခိုင်းဖတ်အဖြစ် ရောက်ရတော့မှာ ...။

ဒါပေမယ့် အမေရယ် ...
အမေတို့ ထင်သလို သူဋ္ဌေးချွေးမ အဖြစ် အမေ လာတဲ့အခါ နေပြပါ့မယ်။ ဘယ်အချိန်လည်း မသိပေမယ့် အမေ့အပြုံးကို မြင်ချင်ပါသေးတယ် ...။ အတွေးများနဲ့ ရေးရေးလေး ပြုံးရင်း လိုက်ကာမပြီး လှမ်းထွက်ခဲ့မိတာ ... စာချုပ်ရှိတဲ့ အရပ်တစ်ခုဆီသို့သာ။

----------
စံဝင့်ထည်
Eternal Light Magazine, ဇန်နဝါရီ၊ ၂ဝ၁၇

No comments:

Post a Comment