လူတိုင်းက အမှားနဲ့မကင်းပါဘူး၊ အမှားကြီးနဲ့အမှားသေး ခွဲခြားတတ်ဖို့ပဲ လိုတာပါ
ကလေးတစ်သိုက်ဟာ ရထားလမ်းနှစ်ခုအနီးမှာ ဆော့နေကြပါတယ်။ ရထားလမ်း နှစ်ခုမှာ တစ်ခုဟာ
သုံးလက်စ ရထားလမ်းဖြစ်ပြီးနောက်တစ်လမ်းကတော့
မသုံးဘဲ ပစ်ထားတဲ့ လမ်းဖြစ်ပါတယ်။
ကလေးတစ်သိုက်ထဲက တစ်ယောက်သော ကလေးလေးကတော့ မသုံးတော့တဲ့ ရထားလမ်းပေါ်မှာ ကစားနေပြီး ကျန်ကလေးတွေကတော့ အသုံးပြုနေဆဲ၊ အချိန်မရွေး ရထားဖြတ်နိုင်တဲ့ ရထားလမ်းမှာ ကစား နေခဲ့ကြပါတယ်။
ထိုအချိန်မှာ ရထားတစ်စီးခရီးသည် အပြည့်နဲ့ ခုတ်မောင်း လာတယ်။ သင်က ထိုရထားလမ်း နှစ်ခုရဲ့ လမ်းလွှဲနေရာမှာ ရပ်နေတယ်။
ကဲ… သင်ဘာလုပ်မလဲ ?
သွားနေကျလမ်းအတိုင်း ရထားကိုသွားခိုင်းလိုက်ပြီး ကလေးငယ်အများကြီးရဲ့ အသက်ကို ဆုံးရှုံးခံမလား။
ဒါမှမဟုတ် လမ်းဟောင်းအတိုင်း လမ်းလွှဲပေးလိုက်ပြီး ကလေးတစ်ယောက်ရဲ့ အသက်ကိုပဲ စတေးမလား။
ဟုတ်ကဲ့ပါ။ တော်တော်များများကတော့ လမ်းဟောင်း အတိုင်း လွှတ်လိုက်ပြီး ကလေး တစ်ယောက်ကိုပဲ အဆုံးရှုံး ခံမယ်လို့ တွေးကြပါလိမ့်မယ်။
ကဲ… နည်းနည်း စဉ်းစားကြည့်ရအောင်။ အသုံးပြုနေတဲ့ လမ်းမှာဆော့နေတဲ့ ကလေးတစ်သိုက်က သူတို့မှာ အန္တရာယ်ရှိမှန်း သိသိကြီးနဲ့ ဆော့နေကြတယ်။ တစ်ယောက်တည်း သော ကလေးလေး က အန္တရာယ်ကို ကြိုသိလို့ လုံခြုံတဲ့ လမ်းဟောင်းမှာ ဆော့တယ်။
ဒီတော့ ဘယ်ကလေး မှာ အပြစ်ရှိသလဲ။
နောက်တစ်ချက်က ရထားလမ်းတစ်ခုကို နှစ်ရှည်လများ အသုံးမပြုတော့ဘဲ ဘာလို့ ပစ်ထား ရသလဲ။ သေချာတယ်။ ဒီလမ်းဟောင်းမှာ ချို့ယွင်းချက် ဒါမှမဟုတ် ရထားမှောက်စေနိုင်တဲ့ အန္တရာယ် ရှိနေလို့ပေါ့။
အကယ်၍ သင်သာ ကလေးတွေကိုပဲကြည့်ပြီး
ရထားကို လမ်းဟောင်းက လွှတ်လိုက်မယ်ဆိုရင် ရထားပေါ် ပါလာတဲ့ ခရီးသည်တွေအတွက် အသက်အန္တရာယ် ရှိနိုင်ပါတယ်။ မစူးစမ်းဘဲ ကလေးတွေ အပေါ် ကယ်တင်လိုစိတ်က စေတနာကနေ ဝေဒနာဖြစ်သွားနိုင်ပါတယ်။
သင်မှန်တယ်ထင်ပြီး လုပ်လိုက်တဲ့ လုပ်ရပ်တွေက အမြဲတမ်းမမှန်နိုင်သလို၊ အမြဲတမ်းမှန်နေတဲ့ လုပ်ရပ် ဆိုတာလည်း မရှိပါဘူး။ သိသိကြီးနဲ့ မှားတဲ့ အမှား ရှိသလို၊ မမှားမဖြစ်လို့ မှားလိုက်ရတဲ့ အမှားတွေ လည်း ဒုနဲ့ဒေးပါ။ လူတိုင်းဟာလည်း အမှားနဲ့ မကင်းကြ ပါဘူး။ ဒါ့ကြောင့် ခဲတံတွေရဲ့ ထိပ်မှာ ခဲဖျက်လေးတွေ တပ်ပေး ထားတာပေါ့။
ထို့အတူပဲ… ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ချင်ရင် နောက်လိုက်တွေပြောသမျှ၊ သူတို့စိတ်တိုင်းကျ လိုက်လုပ်ပေးနေဖို့မလိုပါဘူး။ သူတို့ဘဝအတွက် လမ်းပြကောင်း၊မီးပြတိုက်ကောင်းတစ်ယောက်
ဖြစ်အောင် ကြိုးစားနေထိုင်ဖို့သာ လိုပါတယ်။
ကဲ…သင်သာ ရထားမောင်းနှင်သူဆိုရင် သင့်ရဲ့ ဆုံးဖြတ်ချက်နောက်မှာ လူဘယ်နှစ်ယောက် စတေးရမလဲ။ လူဘယ်နှစ်ယောက်ကို ဘယ်လို ကယ်တင်မလဲဆိုတာ စဉ်းစားတွေးကြည့်ပါလား ?
#Credit
No comments:
Post a Comment