Thursday, February 23, 2017

ကြောင်​လည်​ပင်းက ခြူ

ကြောင်လည်ပင်း က ခြူ

တစ်ခါတုန်းက အိမ်တစ်အိမ်မှာ ကြွက်တစ်သိုက် နဲ့
ကြောင်တစ်ကောင် ရှိသတဲ့ ..။

ကြွက် နဲ့ ကြောင် ဆိုတော့ သိကြတဲ့အတိုင်းပဲ ကမ္ဘာ့
ရန်ဖက်တွေ ..။ အားကြီးပြီး ဥာဏ်နီဥာဏ်နက် များတဲ့
ကြောင်ကြီး က ကြွက်တွေ ကို တတိတိ နဲ့ချီပြီးစားပစ်
ဝါးပစ်နေတော့ ကြွက်သိုက်မှာ တဖြည်းဖြည်းလုံးပါးပါး
လာပါလေရောတဲ့ ..။

သွားရခက် လာရခက် စားဖို့ သောက်ဖို့ ရှာရခက်နဲ့
အနေအထိုင်ကြပ်လာရ ပါသတဲ့ ..။

အဲ့ဒီတော့ကြွက်တွေ က စဉ်းစားတယ် ဒါမျိုး ရှေ့ဆက်
သွားနေရင် သူတို့ ကြွက်မျိုးသုဉ်း ရတော့မယ် ..။
ဒီကြောင်ကြီး ပြသာနာကို အားလုံး ပူးပေါင်း အဖြေရှာမှ
ရမယ်ဆိုပြီး ကြွက်တွေ စုဝေး ကြတယ်။
ပြောရရင်တော့… ကြွက်ပေါင်းစုံညီလာခံကြီး ပေါ့ဗျာ ..။

အဲ့ဒီမှာ ကြောင်ကြီး ကို ရင်ဆိုင်ဖို့ အဆိုတွေ အမျိုးမျိုး
တင်သွင်းကြတယ်ပေါ့ဗျာ..။ တစ်ကောင်တစ်ပေါက် နဲ့
ဆူညံနေကြတယ်ပေါ့ ..။

တစ်ချို့က အားလုံး စုပြီး တိုက်ခိုက်ဖို့ ..။
ဟာ .. အဲ့ဒါတော့ မဖြစ်နိုင်ဘူး ကြွက်တွေဘယ်လောက်
များတယ်ပြောပြော…ကြောင်ကို မယှဉ်နိုင်ဘူး..
ယှဉ်ရတယ် ထားဦး .. အကျအဆုံး များမှာ…မဖြစ်နိုင်ဘူး

တစ်ချို့က ဒီနေရာ ကနေ ထွက်ခွာ သွားဖို့ ..
အဲ့ဒါဆို နောက်ပြောင်းသွားတဲ့နေရာမှာ ကြောင်
နောက်တစ်ကောင် တွေ့ရင်ထပ်ပြောင်းကြဦးမှာလား
ပြီးတော့ ဒီအစုအဝေးကြီးနဲ့ဘယ်လိုလုပ်နေရာ
ထပ်ပြောင်း လို့ အဆင်ပြေမလဲ ..။

အဲ့လိုနဲ့ပေါ့လေ …. အချိန်သာ ကြာလာတယ် ..။
အဖြေက ရေရေရာရာ မရသေး ..။

နောက်တော့ ပညာ ရှိပုံရတဲ့ ကြွက်ကလေး က ထ
အကြံပေးတယ် ..။

“ကျွန်တော်တို့ ကြောင်ကြီးရဲ့လည်ပင်းမှာ ခြူ… ဆွဲ
ထားမယ် ဆိုရင်ကောဗျာ” တဲ့ ..။

အလို … သိပ်ကောင်းတဲ့ အကြံဥာဏ်ပဲ ..။ အဲ့လိုကြောင်
လည်ပင်းမှာ ခြူဆွဲပေးလိုက်ရင် သူသွားသမျှ လာသမျှ
မှာ ခြူသံကမြည်နေမှာ ..။ အဲ့တော့ ကြွက်တွေ အနေနဲ့
လွတ်ရာလွတ်ကြောင်း လှုပ်ရှား လို့လည်း ရနိုင်တယ်။
အကြံပေးတဲ့ကြွက်ကလည်း ထောက်ခံချက်တွေ တတ်
လာတော့ မြောက်ကြွ မြောက်ကြွဖြစ်လာတယ်ပေါ့ ..။

ငါက ဒီဒုက္ခတွင်းကနေ ကယ်တင်မယ့် ကယ်တင်ရှင်
ဖြစ်ပြီဆိုပြီးတော့များတွေးလေသလားမပြောတတ်ဘူး။

အဲ့ဒီအချိန်မှာ အသက်ကြီးကြီး ပညာရှိကြွက်ကြီး
တစ်ကောင် က ထပြောတယ် ..

“ဟုတ်ပါပြီ .. ကြောင်လည်ပင်းမှာ ခြူဆွဲပေးထားမှာ…
သိပ်ကောင်းတာပေါ့..တစ်ခုပါပဲ .. ကြောင် လည်ပင်း မှာ
ဘယ်သူခြူသွားဆွဲပေးမှာလဲ ..”

အဲ့ဒီမှာ ကြွက်တွေ အားလုံး .. ဟာခနဲတောင်
မဖြစ်နိုင်တော့ဘူး .. တိတ်ဆိတ်သွားတယ် ..

အဲ့ဒီမှာ ပညာရှိကြွက်ကြီးက ပြုံးတယ်…

ဒီကောင်တွေ ဝေဖန်ဖို့ အကြံပေးဖို့ ..ပြောဆိုဖို့လောက်ပဲ
သိတဲ့ကောင်တွေ တကယ်လက်တွေ့လုပ်တဲ့နေရာမှာ
အခက်အခဲတွေ အများကြီးရှိနိုင်တယ်ဆိုတာနားမလည်
ကြသေးဘူး ငါဆုံးမဦးမှပါ…ဆိုပြီးပြောမလို့လည်ချောင်း
ရှင်းကာ ရှိသေးတယ် အသံ တစ်ခု ထွက်လာတယ်

“ကျွန်တော် ခြူသွားဆွဲပေးပါ့မယ် ”တဲ့ ..

အားလုံး စိတ်ဝင်စားသွားကြတယ် ..။

ဒီကောင်က ခြူ ဘယ်လိုသွားဆွဲပေးမှာလဲပေါ့ ။အဲ့ဒီမှာ
အားလုံးကိုယ်စား ကြွက်ပညာရှိကြီးက လှမ်းမေးတယ်။
မင်း ဘယ်လိုနည်းနဲ့ကြောင်ကို ခြူဆွဲပေးမှာလဲပေါ့

အဲ့ဒီမှာ အသံရှင်ကြွက်ကလေးကဂုဏ်ယူဝံ့ကြွားစွာ နဲ့
ပြန်ဖြေတယ် ..။

“ဒီလိုဗျ ကျွန်တော်က ဒီတိုင်း…ကြောင်ကိုခြူသွားဆွဲပေး
ရင် ဟိုက သတ် လွှတ်လိုက်မှာပေါ့ ..

ပြီးတော့ အဲ့ကောင်ကြီးက သတိမြဲတဲ့ကောင်ကြီး
ဆိုတော့ အငိုက်ဖမ်းပြီး လည်ပင်းခြူဆွဲပေးလို့ လည်း
ရမှာ မဟုတ်ဘူး…ရခဲ့လည်း ဒီကောင်က ပြန်ချွတ်မှာ ..
အဲ့တော့… ဒီကောင့်လည်ပင်းမှာ ခြူ  မြဲဖို့ဆိုတာက
တစ်နည်းပဲရှိတယ်…အဲ့ဒါကတော့… အဲ့ကောင်ကြီး
ကိုယ်တိုင် သူ့လည်ပင်းမှာ ခြူကို… ဆွဲမှရမှာ”

အဲ့မှာ ကြွက်အုပ်က ထပွက်ပြန်ရော ..ဘယ်လိုလုပ်
ကြောင်က သူ့ဘာသာသူ ခြူဆွဲမှာလဲ မဖြစ်နိုင်တာ ..
ဘယ်သူက သူ့ပျော့ကွက် ကို သူကိုယ်တိုင် အသုံး
ခံမှာလဲ ..

အဲ့ဒီမှာပဲ အသံရှင်ကြွက်က ပြန်ပြီး အဖြေပေးရ
ပြန်ပါတယ် ..

“သူ့ဘာသာသူ ခြူဆွဲဖို့ဆိုတာ မဖြစ်နိုင်ဘူး ထင်ရ
ပေမယ့် ဖြစ်နိုင်တဲ့တစ်နည်းတော့ ရှိပါတယ် ..”

အဲ့ဒီမှာ ကြွက်အားလုံး စိတ်ဝင်စားပြီး ငြိမ်သွားကြ
ပြန်တယ်

“အဲ့ဒါက ကြောင်ကိုခြူလက်ဆောင်ပေးလိုက်ဖို့ပါပဲ”

အားလုံး မှင်သက် အံ့သြသွားကြတယ် ..

ဟုတ်တယ် .. ကြောင်ကို လက်ဆောင်ပေးရမယ် ..
သပ်သပ်ရပ်ရပ်ထုတ်ပိုးပြီး သူ့အတွက်သေချာ ပြင်ဆင်
ပေးထားတဲ့သဘောမျိုးနဲ့လက်ဆောင်ပေးရမယ်။
ကိုယ့်ဆီကိုတခုတ်တရနဲ့အသေအချာပေးတဲ့
လက်ဆောင် ကို ဘယ်သူငြင်းမှာလဲ .. ဟုတ်တယ် ..
အဲ့ဒါ အကောင်းဆုံးပဲ ..

ကြွက်တွေဟာ သူတို့ အကြံနဲ့ သူတို့မို့လို့…
အနေအထိုင် သိုသိုသိပ်သိပ် ပိပိရိရိ နေကြပြီး အချိန်
ကောင်းရောက်တဲ့အထိစောင့်နေကြပါတယ်။

ဒီလိုနဲ့ ခရစ်စမတ်နေ့လည်း ရောက်လာတော့ ..
ခရစ်စမတ်လက်ဆောင်အနေ နဲ့ကြောင်ကြီးအနား မှာ
မသိအောင် လက်ဆောင် ထုပ်ကလေး ထားခဲ့ပါသတဲ့ ..
ပန်းနုရောင် ပါကင်ပေပါလေးနဲ့ထုတ်ပိုးပြီးလိမ္မော်ရောင်
ဖဲကြိုးလေးစည်းလို့ ချစ်ခြင်းများဖြင့်ဆိုတဲ့ပို့စ်ကတ်လေး
နဲ့ လက်ဆောင်ထုပ်ထဲက ခြူလေးကလည်း
ရွှေရောင်လေး ဖဲကြိုးအနီလေးနဲ့အသံလေး က
လွင်နေတာ ပဲ…သိပ်ပြီးချစ်စရာကောင်းတဲ့ ခြူလေးပေါ့ .

ကြောင်ကြီးက လည်း သိပ်သဘောကျတာပါပဲ တဲ့ ..
အဲ့ဒါနဲ့ ဘယ်သူမှန်း မသိတဲ့ ပေးတဲ့သူကို ကျေးဇူးတွေ
တင်ပြီးတော့ .. ခြူလေးကို လည်ပင်းမှာတခုတ်တရ
ဆွဲထားလိုက် ပါသတဲ့ ..။

သူ့လက်နဲ့သူချည်ပြီးတုပ်ပြီး သွားတဲ့ ပျော့ကွက် ဟာ
ကြွက်တွေအတွက် နိုင်ကွက် ခုခံကွက်ဖြစ် ..

ကြောင်ကတော့ ခုတလော ဘာလို့ ကြွက်တွေ
အတွေ့ရနည်း အဖမ်းရကျဲသွားသလဲ စဉ်းစားမရ ..

ကြွက်တွေကတော့ ခြူတစ်လုံးနှင့် အကြံတစ်ကွက်
ရင်းပြီး အနေချောင် အစားချောင်သွား …

ဤသို့ ဤနှယ်ဖြင့် ခြူဆွဲသူတို့၏ ပုံပြင်သည် ကြွက်နှင့်
ကြောင်လောကတွင် အဆုံးသတ် သွားခဲ့လေသည် ..။

သို့သော် ၄င်းသည်ကား လူ့လောက တွင်မူ
တစ်ခေတ်ဆန်းအခြေတည်အစပြုလာသော
ယဉ်ကျေးမှု ဖြစ်လာလေတော့သတည်း ..။

Credit to မောင်ကောင်း

No comments:

Post a Comment