Thursday, February 23, 2017

ရေပွက် ပမာ ခဏတာဘဝ မှာ မိသားစု အတွက် အချိန်ပေးပါ

ရေပွက် ပမာ ခဏတာဘဝ မှာ မိသားစု အတွက် အချိန်ပေးပါ

တစ်နေ့မှာ လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက် ပန်းရောင်းတဲ့ဆိုင်လေးကို ရောက်လာတယ်။ အလှပဆုံး ပန်းစည်းတစ်စည်းကို မိုင် ၃ဝဝ ကျော် အဝေးမှာ နေထိုင်တဲ့ သူ့မိခင်ဆီကို အရောက်ပို့ပေးဖို့ မှာကြားခဲ့တယ်။

ပန်းဖိုးကျသင့်ငွေကို ပေးချေပြီး ဆိုင်ထဲကထွက်လာတဲ့ အချိန်မှာ ဆိုင်ရှေ့မှာထိုင်ပြီးရှိုက်ကြီးတငင်ငိုကြွေးနေတဲ့ မိန်းကလေးတစ်ယောက်ကို တွေ့သွားခဲ့တယ်။ အဲဒါနဲ့ အဲဒီအမျိုးသားလည်း မိန်းကလေးနားကိုသွားပြီး -

"ဘာလို့ငိုနေတာလဲ သမီးလေး။ အဆင်ပြေလား" ဆိုပြီးမေးခဲ့ပါတယ်။

"သမီးရဲ့ မေမေအတွက်နှင်းဆီပန်းလေး ဝယ်ပေးချင်လို့ပါ။ သမီးမှာ ပိုက်ဆံတစ်ရာပဲရှိတာ။ နှင်းဆီပန်းက တစ်ပွင့်ကို နှစ်ရာတဲ့"

မိန်းကလေးက ပြောပြောဆိုဆိုနဲ့မျက်ရည်တွေ ကျလာတာ ကို မြင်လိုက်တော့ အဲဒီအမျိုးသားလည်း သနားသွားပြီး မိန်းကလေးကို သူလိုချင်တဲ့ ပန်းစည်းလေး တစ်စည်း ဝယ်ပေးခဲ့ပါတယ်။

"ရော့ သမီး။ ဒီပန်းစည်းလေးကို သမီးမေမေကို သွားပေးလိုက်ဦး။ ဒါနဲ့ သမီးတစ်ယောက်တည်း လမ်းလျှောက်လာတာလား။ ဦးလိုက်ပို့ပေးမယ်လေ" 

"ဦးအတွက် အပန်းမကြီးရင် လိုက်ပို့ပေးပါရှင်။ ကျေးဇူးတင်ပါတယ်ရှင်"

ဒီလိုနဲ့ မိန်းကလေးကို သူ့မေမေဆီ ပို့ဆောင် ပေးခဲ့ပါတယ်။ အံ့သြစရာကောင်းစွာပဲ မိန်းကလေးဟာ ကားကို သင်္ချိုင်းကိုမောင်းပို့ခိုင်းခဲ့ပါတယ်။ သင်္ချိုင်းကိုရောက်တဲ့အခါမှာ ဖုန်တက်ပြီးအရောင် လွင့်နေပြီ ဖြစ်တဲ့ အုတ်ဂူလေးရှေ့မှာပန်းစည်းလေးကို ထားလိုက်တယ်။ ပြီးတော့-

"ဒါ သမီးရဲ့ မေမေလေ။ မေမေ အသက်ရှိစဉ်တုန်းက သမီး မေမေ့ကို ပန်းလေးတစ်ပွင့်တောင် လက်ဆောင် မပေးခဲ့ရဘူး။ ဒီနေ့က မေမေဆုံးတာ ၃နှစ်ပြည့်လေ။ အဲဒါကြောင့် မေမေ့ကို ပန်းစည်းလေး ပေးချင်တာပါ" လို့ ပြောပြီး မျက်ရည်တွေ ကျနေခဲ့တယ်။

မိန်းကလေးရဲ့စကားကို ကြားပြီးတာနဲ့ အဲဒီအမျိုးသား ရဲ့မျက်နှာမှာ တစ်စုံတစ်ခုကို သတိရသွားသလိုဖြစ်သွား ပြီး ပန်းဆိုင်ကိုချက်ချင်းပြန်သွားခဲ့ပါတယ်။ သူပို့ခိုင်းထားတဲ့ ပန်းကို order cancel လုပ်ခဲ့တယ်။ ပြီးတော့ လှပတဲ့ပန်းစည်းလေးကို သူကိုယ်တိုင် ယူဆောင်သွားပြီး သူ့အမေရှိတဲ့မြို့ကို သူကိုယ်တိုင် ကားမောင်းပြီး သွားပို့ခဲ့ပါတယ်။

ဒီပုံပြင်လေးကနေ ကျွန်တော်တို့ သင်ခန်းစာတွေ ရလိုက်ပါတယ်။ ဘဝဆိုတာ "ရေပွက်ပမာ" တိုတောင်း လှပါတယ်။ တိုတောင်းလှတဲ့ ဘဝရဲ့အချိန်လေးတွေကို ကျွန်တော်တို့ရဲ့ ချစ်ရသူတွေနဲ့အတူ ကုန်ဆုံးသင့်တယ် မဟုတ်လား။ ကျွန်တော်တို့ငယ်ငယ်က ကျွန်တော်တို့ အတွက် အချိန်ရော၊ ဘဝရော၊ ချစ်ခြင်းမေတ္တာတွေရော ပေးဆပ်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ မိဘတွေကို ပြန်ပြီး အချိန် ပေးသင့်ပါတယ်။ မိသားစုချစ်ခြင်းမေတ္တာထက် နွေးထွေး လုံခြုံတာမရှိဘူးမဟုတ်လား။

#From_Gandawin

No comments:

Post a Comment