အချစ်ဆိုတာ နူးညံ့စွာခံစားတတ်သူအတွက်
သိပ်ကို မြတ်နိုးဖို့ကောင်းတဲ့
ပန်းတစ်ပွင့်ပါပဲ။
မွှေးရနံ့ဆိုတာ နမ်းကြည့်မှရတာမဟုတ်ဘူး။
ရင်ထဲက ယုံကြည်မှုနဲ့တင် သူမဟာ
မွှေးပျံ့ လန်းဆန်းနေတဲ့ ပန်းလေးတစ်ပွင့်ပေါ့။
ကျနော့်ထက် ၁နှစ်ကြီးတဲ့သူ့ကို မမလို့ မခေါ်မိဘူး… သူ့အတွက် ရင်ဘက်ထဲမှာ
နာမ်စားလေးတစ်ခုရှိတယ်။
"ယွန်း”
ယွန်းကို ချစ်နေတာ ကျနော်တစ်ယောက်တည်း
မဟုတ်ဘူး။ကျနော့်အစ်ကိုကလည်း ယွန်းကို
ချစ်နေခဲ့တာ။သူက ယွန်းထက်
၁နှစ်ကြီးပြီး ကျနော့်ထက် ၂နှစ်ကြီးတယ်။
သချာင်္တတိယနှစ် ကျောင်းသားကြီးပေါ့။
သူ့မှာလည်း ယွန်းအတွက်
သူ့ကိုယ်ပိုင်နာမ်စား ရှိနေခဲ့သူပေါ့။
"ဖြူ”တဲ့
ကျနော်က အဖျားဆွတ်ခေါ်ပြီး
အစ်ကိုကတော့ အရင်းဆွတ်
ခေါ်လေသလားပဲ။
ယွန်းဝတ်လွှာဖြူဆိုတဲ့ ဒုတိယနှစ်ကျောင်းသူ
မိန်းမချောလေးကို ကျနော်တို့ ညီအစ်ကို
နှစ်ယောက်လုံးက
ကိုယ်ပိုင်နာမ်စားကိုယ်စီ၊မြတ်နိုးမှုကိုယ်စီ၊
တိတ်ဆိတ်မှုကိုစီနဲ့ ချစ်နေခဲ့ကြတယ်။
ကျနော့်ရဲ့ယွန်းနဲ့ သူ့ရဲ့" ဖြူ”ဟာ တစ်ယောက်တည်းဆိုပေမယ့် ကျနော်တို့နှစ်ယောက်ဟာ အချင်းချင်း
သင့်မြတ်နေကြတယ်။
ယွန်းကို ကျနော်တို့ ချစ်ကြတယ်ဆိုပေမယ့်
ယွန်းကို လိုက်ပိုးနေတဲ့ ဘယ်ယောကျာ်းကိုမှ
ကျနော်တို့ စိတ်မကွက်ခဲ့ကြဘူး…
ကျနော်တို့အချစ်ဟာ
ကျယ်ပြန့်နက်ရှိုင်းခဲ့တယ်။
ကျနော်တို့ ထိုင်နေတဲ့ လက်ဖက်ရည်ဆိုင်
ရှေ့ကနေ ယွန်းဖြတ်သွားရင်
အစ်ကိုက ကျနော့်က စ တယ်။
"ဟိုမှာ မင်းမရီးလာပြီ”တဲ့။
ကျနော်လည်း ဘယ်ခံမလဲ။ပြန်ချေပတာပေါ့။
"အဲ့ဒါ အစ်ကို ခယ်မပါ ”လို့လေ။
ပြီးတော့ ကော်ဖီခွက်ချင်းတိုက်ပြီး
"Cheer”လုပ်ကြသေးတယ်။
ပထမနှစ်ကျောင်းသားမနူးမနပ်လေးရဲ့
အကြည့်တွေဟာ ယွန်းရဲ့ရင်ကို လှုပ်ခါဖို့
မစွမ်းသာခဲ့ပါဘူး။
တတိယနှစ်ကျောင်းသားကြီးကတော့
သတ္တိနည်းတာပဲလား။
ကျနော့်ကို ညှာ တာပဲလားမသိ။
ယွန်းအချစ်ကို ရဖို့ သူမကြိုးစားဘူး။
ဒီလိုနဲ့ ကျနော်တို့အချစ်ဟာ
မြတ်နိုးတည်ကြည်စွာ ။
ယွန်းရဲ့ ဖခင်ဟာ အထိုက်အလျောက်
ကြွယ်ဝသူပါ။ဒါပေမယ့် ယွန်းရဲ့ အလှကတော့
သူ့အဖေရဲ့ ကြွယ်ဝမှုကို မှီခိုတဲ့အလှမျိုးမဟုတ်ဘူး။
မိတ်ကပ်ပါးပါး၊နှုတ်ခမ်းနီပါးပါးနဲ့
ချယ်သတယ်ဆိုရုံ ချယ်သထားတဲ့
ဣနြေ္ဒရှင် အလှနတ်ဘုရားမလေး။
ကျနော့်စပ်ထားတဲ့ ယွန်းအတွက် ကဗျာတွေကို
အစ်ကို ကိုဖတ်ပြတယ်။
အစ်ကိုစပ်ထားတဲ့ ယွန်းအတွက်ကဗျာတွေကိုလည်း ကျနော့်ကို ရွတ်ပြတယ်။
နေ့ရက်တွေဟာ ငြိမ့်ငြိမ့်လေး
စီးဆင်းနေခိုက်မှာ မီးတဝင်းဝင်းနဲ့
ကံကြမ္မာကို ဘယ်သူမှ မမြင်သာခဲ့ဘူး။
ကျိုးကြေနေတဲ့ ယွန်းရဲ့ ခြေထောက်တွေဟာ
ဒီaccidentမဖြစ်ခင်က သိပ်လှခဲ့ဖူးတယ်။
ယွန်းကို ပွေ့ပိုက်ထားတယ်ဆိုပေမယ့်
ကျနော်လည်း သွေးရူးသွေးတန်း၊
အစ်ကိုလည်း သွေးရူးသွေးတန်းပါပဲ…
မြင့်မားတဲ့ နာကျင်မှုကြောင့်
ယွန်းတစ်ယောက် မေ့မျောနေရှာတယ်။
သနားလိုက်တာယွန်းရယ်။
အသက်အန္တရာယ်မစိုးရိမ်ရပေမယ့် ဒုက္ခိတ
ဖြစ်ရတော့မယ့် ယွန်းအတွက် ကျနော်တို့
နှစ်ယောက်လုံး ရင်ကွဲမတက်ခံစားရတယ်။
လူနာကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ သမီးငယ်ကို
ဖခင်ဖြစ်သူဟာ ဝမ်းနည်းမှု၊ကရုဏာသက်မှုတွေ
ပြင်းထန်နေတဲ့ မျက်ဝန်းနဲ့
ကြည့်တယ်။ပြီးတော့ ကျနော့်တို့ကို ကြည့်တယ်။
ကျနော်တို့မျက်ဝန်းကိုကြည့်တယ်။
ကျနော်တို့ ရင်ထဲကိုကြည့်တယ်။
ဖခင်ဖြစ်သူ မြင်ကိုမြင်သွားမှာပါ။
သူ့သမီးလေးကို နက်ရှိုင်းစွာ ချစ်နေတဲ့
ညီအစ်ကိုနှစ်ယောက်ရဲ့
အသည်းနှလုံးနှစ်ခုကို။
ခြောက်ခြားစွာနိုးထလာမယ့် ယွန်းရဲ့အနားမှာ
သူ့ကို သိပ်ချစ်တဲ့လူသုံးယောက်
တိတ်ဆိတ်စွာထိုင်နေကြတယ်။
"ဦးက အသက်ရှင်ဖို့
အချိန်သိပ်မကျန်တော့ဘူး။
သမီးလေး မသိအောင် ဦး
လျို့ဝှက်ထားခဲ့တယ်။
သူခြေထောက်ပေါ်သူရပ်ခွင့်မရှိတော့တဲ့
သမီးလေးကို ဘယ်လိုခံနိုင်ရည်မျိုးနဲ့
ဦးထားခဲ့ရမလဲ”တဲ့
ကျနော်တို့ နှုတ်ဆိတ်နေဆဲပါပဲ။
"ဦးမှာ ငွေသားချည်းပဲ
သိန်း၃သောင်းကျော် ရှိတယ်။
ဦးသမီးကို မေတ္တာစစ်နဲ့ လက်ထပ်မယ့်သူကို
ဦးလိုချင်တယ်။”တဲ့
ကျနော်တို့ နှစ်ယောက်လုံး
နှုတ်ဆိတ်နေကြဆဲ။
"ဘာလဲ ဒုက္ခိတဖြစ်သွားလို့ လက်မထပ်ချင်တော့တာလား။သားတို့ရဲ့ အချစ်ကို ဦးမြင်နေရတယ်”
သတိမရသေးတဲ့ ယွန်းကို အစ်ကို
တစ်ချက်ငဲ့ကြည့်ရင်း
"ကျနော့်အချစ်က လက်ထပ်လိုတာထက်
ပိုပါတယ်ဦးရယ်။လက်ထပ်မှအချစ်ဆိုရင်
ကျနော်က အဲ့ဒါကို ငြင်းတယ်။
ဖြူ့မှာ ချစ်သူရှိတယ်။ဖြူ့ ရဲ့ဆန္ဒဘာရှိမလဲ။
သူ့ချစ်သူဆန္ဒဘာရှိမလဲ။
ကျနော်လိုက်နာချင်သေးတယ်။”တဲ့
အစ်ကို့ရဲ့အဖြေဟာ ကျနော့်ရဲ့ အဖြေနဲ့ အတူတူပါပဲ။ကျနော် စကားဟဖို့ မလိုသေးဘူးပေါ့လေ။
"သားရယ်။ဖခင်တစ်ယောက်အနေနဲ့ရော၊
ယောကျာ်းတစ်ယောက်အနေနဲ့ရော ဦးခံစားလို့ရတယ်။ ဦးသမီးအပေါ် မင်းတို့ထက် ပိုချစ်နိုင်မယ့်သူရှိမယ်လို့ ဦးမမြင်မိဘူး။
သမီးရဲ့ချစ်သူဆိုတဲ့သူက ဘာကြောင့်
အခုထိရောက်မလာတာလဲ သားတို့မရိပ်မိဘူးလား။”
အစ်ကို က မတ်တပ်ရပ်ပြီးတော့
ပက်တီး ဖွေးဖွေးစည်းနှောင်ထားတဲ့
ယွန်းရဲ့ ဒုံးတိဖြတ်ထားတဲ့ ဒူးခေါင်းလေးကို
နမ်းလိုက်ရင်း
"ကျနော်ရှိနေသမျှ ဖြူ ဘယ်တော့မှ ဒုက္ခ
မရောက်စေရဘူး။ဦး ဒါကို စိတ်ချပါ။
ဖြူ့ကို ကျနော်ချစ်တယ်ဆိုတာ အနှိုင်းမဲ့
မြတ်နိုးခြင်းတွေနဲ့ချစ်တာ။
ဖြူဒီလို မဖြစ်ခင်က ဘဝမှာ သူနဲ့ ကျနော်
မထိုက်တန်ဘူး။
သူဒီလိုဖြစ်လို့လည်း တန်ဖိုးကျပြီး
ကျနော်နဲ့ ထိုက်တန်သွားတာမျိုး
မဖြစ်စေချင်ဘူး။
ဖြူဘာပဲ ဖြစ်နေဖြစ်နေ
တန်ဖိုးကျသွားစရာ မရှိဘူး။
Infinityထဲက ဘယ်ဂဏန်းကိုပဲ နှုတ်နှုတ်၊
Infinityဟာ ထူးပြီး တန်ဖိုးမလျော့တော့ဘူး။
ဒါ ဖြူ့အပေါ်ကျနော်ထားတဲ့ တန်ဖိုးထားမှုနဲ့
အချစ်ပါပဲ။”
"သား… ဦးပွင့်ပွင့်လင်းလင်းပဲ ပြောမယ်ကွာ။
ဦးသမီးက ခြေပြတ်သွားပေမယ့် အခြားနေရာတွေ အကောင်းအတိုင်းရှိသေးတယ်။
အိမ်ထောင်ရေးသုခမပါဘဲ ဦးသမီးကို မင်းတစ်သက်လုံး စောင့်ရှောက်လိုစိတ် ရှိပါ့မလား။
မင်းအချစ်ကို ဦးလေးစားလို့ သမီးရဲ့ ဘဝကို
အပ်နှင်းရခြင်းပါသားရယ်။”
အစ်ကိုက အားတင်းပြုံးလိုက်ရင်း
"ဒါဆို ကျနော့်ညီလေးက ဖြူ့ကို လင်သားအဖြစ်
ယူပါစေ။ကျနော်ကတော့ အစ်ကို
တစ်ယောက်အဖြစ် စောင့်ရှောက်ပါရစေ။
ညီလေးရဲ့ ဖြူ့အပေါ်ထားတဲ့အချစ်ဟာ
ကျနော့်ထက်မသာရင်တောင်
ကျနော့်ထက်မလျော့ဘူးဦးလေး။”
ဖခင်ဖြစ်သူဟာ ကျနော့်ကို စိုက်ကြည့်ရင်း
"သားရဲ့ ဆန္ဒကရော”
"ကျနော့်ရဲ့ ဆန္ဒဆိုတာမရှိဘူးဦး။
ယွန်းရဲ့ ဆန္ဒပဲရှိတယ်။
ယွန်းသတိလည်လာမယ်။
သူနာကျင်မယ်။သူငိုမယ်။
သူ့ဖခင်နဲ့ သူ့ချစ်သူကို
သူတောင့်တလိမ့်မယ်။
ကျနော်တို့နှစ်ယောက်ကတော့
အစောင့်နှစ်ယောက်လို တိတ်ဆိတ်နေပါ့မယ်။
အနာဂတ်မှာ ဦးမရှိတော့တဲ့အခါ
ယွန်းရဲ့နာမည်နဲ့ အမွေတွေလွှဲခဲ့ပါ။
သူ့ချစ်ရမယ်သူကို တွေ့ရမယ့်နေအထိ
မောင်ငယ်တစ်ယောက်လို ရော
အစ်ကိုတစ်ယောက်လိုပါ
ကျနော်တို့စောင့်ရှောက်မှာ။”
"ဦးသမီးကို လက်မထပ်ချင်ဘူးလား။
မင်းတို့မှာ ဆန္ဒမရှိဘူးလား။”
အစ်ကိုက
"ကျနော်တို့မှာ ဆန္ဒတွေရှိပါတယ်။
ဒီဆန္ဒတွေကို ထည့်မစဉ်းစားတာပါ။
ဖြူ့ ရဲ့ ဆုံးရှုံးသွားတဲ့ ခြေထောက်နှစ်ချောင်း
အဖြစ် ကျနော်တို့နှစ်ယောက်
ရပ်တည်သွားချင်တယ်။
ဦးခွင့်ပြုမယ်ဆိုရင်ပေါ့။”
"မင်းတို့ အချစ်တွေက ဘယ်လိုကြီးလဲကွာ။
ဦးဥာဏ်မမီတာလား ။
မေတ္တာအဆင့်အတန်းပဲ မမီတာပဲလား။”
"ရူးနေတယ်လို့ပဲ သတ်မှတ်လိုက်ပါတော့။
အချစ်ဆိုတာကို သိမ်မွေ့စွာ စွဲလန်းနေတဲ့
အရူးတွေလေ။ဦးနားထောင်မယ်ဆို
ပြောပြချင်ပါသေးတယ်။”
"ပြောပါ။ဦးနားထောင်ချင်တယ်။”
"ကျနော်ရော ကျနော့်ညီလေးရော လက္ခဏရဲ့
ပရိတ်သတ်တွေပါ။ရာမဇာတ်တော်ကို စွဲလန်းနှစ်ခြိုက်ခဲ့ဖူးတယ်။နောက်ပြီး လက္ခဏဟာ သီတာဒေဝီကို
ပြင်းပြင်းထန်ထန် မြတ်မြတ်နိုးနိုး ချစ်မယ့်လူလို့
လည်း ကျနော်တို့ ယုံကြည်ခဲ့တယ်။”
"ဒါဒဏ္ဍာရီသက်သက်မဟုတ်ဘူးလား။”
"ဟုတ်နိုင်ပါတယ်။ဒါပေမယ့် လက္ခဏလို
အချစ်မျိုးတကယ်ရှိတယ်။
ဒုတိယရဲ့ မြင့်မြတ်မှုကို လက္ခဏဆီမှာ
တွေ့ရတယ်။အငြင်းခံလူတစ်ယောက်ရဲ့
ခွင့်လွှတ်မှုကို လက္ခဏဆီမှာတွေ့ရတယ်။
ကိုယ်ကသူ့ကို ချစ်တဲ့အချစ်ထက်
သူကတခြားသူကို ချစ်တဲ့အချစ်အပေါ်ကို
လေးစားပေးတဲ့စိတ်ဓာတ်မျိုး လက္ခဏဆီမှာ
တွေ့ရတယ်။အကယ်၍ပေါ့… မသီတာကိုသာ လက္ခဏက သိပ်ချစ်နေတယ်ဆိုရင် လက္ခဏလုပ်ခဲ့သမျှ
အလုပ်အားလုံးဟာ ကမ္ဘာပေါ်မှာ အချစ်တတ်ဆုံး
ယောက်ျားတစ်ယောက်ရဲ့ လုပ်ရပ်မျိုးပဲ။ဦးစိတ်ထဲမှာ ကျနော်တို့ နှစ်ယောက်ကို ရူးနေပြီလို့ ထင်မိလား။
လက္ခဏက နိုင်တဲ့မြှားကို မပစ်ဘူး။
ပိုင်မယ့်လမ်းကို မရွေးဘူး။
ချစ်သူကို မော်လို့တောင် မကြည့်ခဲ့ဘူး။
ကျနော် ဖြူ့ကို သိပ်ချစ်ပါတယ်။
ဒါကြောင့်လည်း ဖြူရွေးမယ့်လမ်းကိုပဲ
ကျနော်က လိုက်နာမယ်။”
"ဦးသမီးက မင်းကို ရွေးမယ်ဆိုရင်ရော…”
"ဟင့်အင်း … မရွေးလောက်ဘူး။
လက္ခဏအချစ်နဲ့ ထိုက်တန်တဲ့ နှလုံးသားမျိုး သီတာ့မှာ မရှိခဲ့သလိုမျိုး… ကျနော့်အချစ်နဲ့ ထိုက်တန်တဲ့ နှလုံးသားမျိုး ဖြူ့ဆီမှာ ရှိနိုင်မယ်မထင်ဘူး။”
"ဟူး … အံ့သြစရာပဲကွာ။
မင်းတို့ တကယ်ရူးနေကြတာပဲ။
ဒါပေမယ့် မင်းတို့ ရူးနေတာလေကို
ဦးသိပ်ချစ်တယ်။
ယောကျာ်းချင်း တည့်တည့်ပဲ မေးမယ်ကွာ။
မင်းမှာ ဦးသမီးအပေါ် လိင်စိတ်အရ မက်မောမှုမျိုး လုံးဝမရှိခဲ့ဘူးလား။”
"ဦး ရွှေးဒင်္ဂါးပြားပုံ ချောကလက်လေးတွေ
စားဖူးလား”
"အေး စားဖူးတယ်… ဘာဖြစ်လို့လဲ”
"ကျနော် မစားဖူးဘူး။”
"မင်းကွာ… မစားဖူးတာများ အဆန်းလုပ်လို့”
"ဆန်းတယ်ဦး။အဲ့ဒိချောကလက်ပြားလေးတွေ
ကျနော့်ဆီမှာ ၆၂၇ပြားရှိတယ်။
ကျနော့်အဖေ ၆၂၇ရက် ဆက်တိုက် မပျက်မကွက်
ဝယ်ပေးခဲ့တဲ့ ချောကလက်ပြားလေးတွေ။
ကျနော်သိမ်းထားတယ်။
တစ်ပြားမှ မစားဖူးဘူး။”
"ဘာလို့မစားတာလဲ။”
"စားရင် ရမယ့်အရသာထက် ထုပ်ပိုးထားတဲ့
အဆင်းလေးသဏ္ဍန်လေးကို ပိုမက်မောလို့။
ဒါကြောင့် အခုချိန်ထိ သိမ်းထားတုန်းပဲ။
ဖွင့်ဖောက်ပြီး မစားရက်ခဲ့ဘူး။
စားဖို့ ထုတ်ထားတာကို ကျနော်လက်ခံတယ်။
မစားရက်တဲ့ ကလေးတစ်ယောက်ရဲ့
ရွေးချယ်မှုလေးကို ဦးနားလည်ပေးပါ။”
"ခံစားမှုက သိပ်နက်ရှိုင်းသွားပြီ။
မြတ်နိုးမှုလွန်ကဲသွားတဲ့ စိတ္တဇရောဂါ လို့ပဲ ဦးသတ်
မှတ်မိတယ်။ဒီလိုပြောမိတဲ့အတွက်တော့ ဦးကို
ခွင့်လွှတ်ပါ။ဒါပေမယ့် ဦးရဲ့သမီးအပေါ် ဒီလိုအချစ်နဲ့ ချစ်တဲ့သူနှစ်ယောက် ကမ္ဘာပေါ်မှာ တကယ်ကြီးရှိနေတဲ့အတွက် ဦးဂုဏ်ယူတယ်။ဝမ်းနည်းစွာ ဂုဏ်ယူတယ်။”
ဘာရယ်မဟုတ်ဘဲ သုံးဦးသားရယ်မိကြသည်။
ပြီးတော့ သုံးဦးလုံးဟာ လူနာကုတင်ပေါ်က
အမျိုးသမီးလေးကို သက်ဆိုင်သော
မေတ္တာကိုယ်စီနဲ့ ငေးကြည့်နေပါတော့တယ်။
#Sithu(Error)
19 2 2019
စာကြွင်း။
စိတ်ကူးယဉ်မေတ္တာဖွဲ့ ဇာတ်လမ်းပါ။
ခံစားဖို့သက်သက်ပါပဲ။
လောကမှာ ရှိနိုင်ခဲတဲ့ အချစ်မျိုးပါ။
ဒီစာကိုဖတ်ပြီး ယောကျာ်းတွေ ဒီလိုမျိုးချစ်ကြပါ
စေလို့ မမျော်လင့်စေချင်ဘူး။
No comments:
Post a Comment